နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး ကိုဗစ်ရောဂါဖြင့် ပျံလွန်တော်မူ

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး ကိုဗစ်ရောဂါဖြင့် ပျံလွန်တော်မူ

နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) စတုဘုမ္မိကနိကာယဂဏနာယက (ငှက်တွင်း) အကျိုးတော်ဆောင် ဆရာတော်ကြီး ကိုဗစ်ရောဂါ ကြောင့် ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သာ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရသည် သက်တော် (၆၉)၊ သိက္ခာ (၄၉)ဝါ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၅၃-လမ်းထောင့်၊ စတုဘုမ္မိက ဗဟိုဌာနကျောင်းတိုက်၊ ဦးစီးပဓာနနာယက လည်း ဖြစ်တော်မူခဲ့ကြောင်း သိရပါတယ်။

“ဆရာတော်ကြီးမှာ အောက်တိုဘာ ၇ရက်နေ့က ကိုဗစ်ပိုးတွေ့ပါတယ်။ဒါကြောင့် သင်္ဃန်းကျွန်း ဆေးရုံကိုတင်တယ်။အဲဒီနောက် ဧရာဝတီကုသရေးဝင်တာကို အောက်တိုဘာ ၁၁ရက်နေ့ က ပြောင်းရွှေ့ကုသပါတယ်။ ဒီနေ့ မနက် ၅နာရီ ၅၅ မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်၊ မနက်၁၀ နာရီလောက် အချိန်က အန္တိမဈာပန သဂြိုဟ်ပြီးစီးသွားပြီ” ဟု ၄င်းက ပြောပါတယ်။

ဆရာတော်ကြီးနှင့် ပတ်သက်၍ အရှင်တေဇနိယ(မန်းတောင်ခြေ)က “ကျောင်းမှာသီတင်းသုံးရင်း အသက်ရူရတာ မကောင်းလို့ ကားဒရိုင်ဘာနဲ့အတူ ဝေဘာဂီဆေးရုံမှာ သွားပြတယ်။ စစ်ဆေးကြည့်လိုက်တော့ ကိုဗစ်ပိုးရှိတာ တွေ့ရတယ်။ ဒါနဲ့ကျောင်းတိုက်ကို လော့ဒေါင်းချ သံဃာနဲ့ ကျောင်းသားအားလုံး သက်ဆိုင်ရာသို့ ပြောင်း‌ရွေ့ခဲ့ရတယ်။ သက်သာပြီး ပြန်ရတော့မယ်လို့ထင်နေမှ ဒီမနက်မှာ ပျံလွန်တော်မူသွားတယ်။ ဒီဖြစ်စဉ် အားလုံးဟာ တစ်ပတ်အတွင်းမှ ာဖြစ်သွားတယ်။ ကိုဗစ်ရောဂန္တရကပ်ဆိုးကြောင့်အရွယ်မျိုးစုံ၊ အဆင့်အတန်းမျိုးစုံ အသက်သေဆုံးခြင်းနဲ့ ကြုံရတယ်။ ကပ်ရောဂါနှင့် ကြုံနေရတဲ့ အခါမှာတော့ ရာထူး၊အာဏာပါဝါ ဘယ်လောက်ကြီးကြီး ငွေကြေး ဘယ်‌လောက် တတ်နိုင်မတတ်နိုင်၊ လူမသိ၊သူမသိ တိတ်တဆိတ်ပင် ဒဟေနိက္ခေပန အမှုပြုခဲ့ရတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။

ယင်းအပြင် ကပ်ရောဂါ ကာလအတွင်းမှာ သွေးတိုး၊ဆီးချို အခြေခံရှိသူများ အထူးသတိထားကြရန်နှင့်‌ ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေဟုလည်း မိန့်ကြား ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page