လူနာတွေ ပြည့်လျှံနေတဲ့ ဆေးရုံတွေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့် မြန်မာပြည် ကိုဗစ်အခြေအနေ

ဘာကိုမျှော်လင့်ပီး ဘာတွေဆက်လုပ်ကြမလဲ

ဒီမနက်မှာ လူနာသစ် ၂၀၁ ဦးထိ စံချိန်တင် တွေ့ခဲ့ပါတယ်။ ဒီအချိန်မှာ ဘာဆက်လုပ်ကြမလဲဆိုတာကို အလျင်အမြန် တိတိကျကျ လုပ်ဆောင်ဖို့လိုပါတယ်။ အခြေအနေအရ ရန်ကုန်မှာက ထိန်းချုပ်လို့ မရသေးပါဘူး။ ရခိုင်ကတော့ အဆင်ပြေသွားပါပီ။

ရန်ကုန်ရဲ့ လူဦးရေထူထပ်ခြင်း။ စည်းကမ်းမလိုက်နာသူတွေရှိခြင်း အစရှိတာတွေက အခြေအနေကို ပိုပီးဆိုးရွားစေပါတယ်။ အခုဆိုရင် ရန်ကုန်က ဆေးရုံတွေမှာ လူနာတွေ ပြည့်နေပါပီ။ ဖောင်ကြီးမှာလဲ လူနာက ၈၀၀ ကျော်နေပီ။ ထပ်မံတိုးချဲ့ထားတဲ့ အဆောင်တွေအနေအထားအရ လူဦးရေ ၁၄၅၀ လောက်ထိပဲ လက်ခံနိုင်မယ်။ ဘောလုံးအကယ်ဒမီမှာ ၄၀၀ ပဲထားနိုင်မယ်။ ဒါပီးရင် ကျန်တာတွေအတွက် နေရာရှာနေဆဲပါ။

လှိုင်သာယာဘက်မှာ အနံ့ပျောက်နေတဲ့လူတွေ အများကြီးတွေ့ရတယ်။ သူတို့ကို ကျောင်းတွေမှာထားဖို့ စီစဉ်ထားတယ်။ လူနာတွေထဲက ရောဂါလက္ခဏာမပြသူ သို့ အနည်းအပါးလောက်ပဲ ဖြစ်သူတွေကို သီးသန့်ထားကုမယ်။ အရေးပေါ်ကုရမယ့်သူတွေကို ဆေးရုံတွေမှာ ကုမယ်။ ဒီလိုစီစဉ်ထားပါတယ်။ ဒါပေမယ့် ဖောင်ကြီး ICU မှာကိုက ၃၇ ကုတင်ပဲ ဆန့်ပါတယ်။ YGH မှာဆို COVID သံသယလူနာတွေကပဲ နေ့စဉ် အယောက် ၁၀၀ နီးပါး လာပြနေတော့ နေရာတောင် အဆင်မပြေတော့ပါဘူး။ အဲဒီအခန်းထဲမှာ ညှပ်သပ်ပီး ဆေးရုံလာမှ ကူးကုန်ကြမှာတောင် စိုးရိမ်ရပါတယ်။ အတော် အခက်အခဲဖြစ်နေတဲ့ အနေအထားပါ။

နောက်တခုက မြေပြင်က ကျန်းမာရေးဝန်ထမ်းတွေပါ။ သူတို့ ဘယ်လောက် အားထုတ်ကြတယ်ထားဦး။ သူတို့လဲ လူသားတွေပါပဲ။ ၂၄/၇ မလုပ်နိုင်သလို ဒီလောက်များတဲ့ လူနာတွေကို ကုသဖို့က မလွယ်လှပါဘူး။ ဆေးရုံတွေမှာက COVID သာမက အခြားရောဂါတွေကိုလဲ ကုသပေးနေရတာကိုး။ ဒါကြောင့် ဒီအချိန်မှာ တချို့ပါမောက္ခတွေက အိမ်မှာပဲ နေကြဖို့ ပြောတာ။ Policy ပြောင်းဖို့ ပြောနေကြနာလဲ အဆိုးမဆိုသာပါဘူး။ ဒါ့အပြင် အိမ်မှာ ကျန်နေတဲ့ မိသားစုတွေကြောင့် အိမ်မပြန်နိုင်တာတွေ၊ စီစဉ်ပေးထားတဲ့ နေရာတွေ ပြည့်နေလို့ Duty ပီးလဲ ဆေးရုံမှာပဲ ဆက်နေနေတဲ့ ဆရာဝန်တွေလဲ ရှိပါတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကုသဖို့ သီးသန့်အဆောင်တွေအထိ လိုပါတယ်။ တယောက်ချင်းစီတိုင်းက တန်ဖိုးအလွန်ရှိနေလို့ပါ။ အထက်ကလဲ ကြိုးစားပေမယ့် အားလုံး အဆင်ပြေဖို့က မလွယ်ပါဘူး။ အခြေအနေက တကယ့်ကို ကြမ်းတမ်းပီး တောင်မင်း မြောက်မင်း မကယ်နိုင်ပါပဲ။

ဒီတော့ ဒီလိုအနေအထားမှာ တစုံတရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ပလိုင်းကောက်နဲ့ ဖားကောက်သလို ဖြစ်နေပါလိမ့်မယ်။ ဘယ်လောက်အဆင့်ကို ဘယ်မှာထားမယ်။ လက္ခဏာမပြသူတွေကို အိမ်မှာ နေခိုင်းမှာလား။ ဘယ်လိုလုပ်မလဲ။ ဘယ်အဆင့်ကိုမှ ဆေးရုံတင်မလဲ။ GP တွေကိုကော ဘယ်လိုစည်းကမ်းတွေချပီး ကုခိုင်းမလဲ။ သူတို့အားကိုလဲ လိုပါတယ်။ ပုဂ္ဂလိကဆေးရုံတွေနဲ့ ညှိနှိုင်းထားတာကကော အဆင်ပြေမလား။ အရန်အင်အားတွေ ထပ်စုဖို့။ အစရှိတဲ့ အရေးကြီးတဲ့ ကုသရေးဆိုင်ရာ ဗျူဟာအပြောင်းအလဲတွေကို လုပ်ဖို့ အရေးကြီးတဲ့အချိန်ကို ရောက်ရှိလာနေပါပြီ။

မဟုတ်ရင်တော့ နောက်ဆုံးမှာ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေ မတောင့်ခံနိုင်တော့ရင် အားလုံး ဒုက္ခရောက်သွားပါလိမ့်မယ်။ ပြည်သူကလဲ စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီကြပါ။ အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးကိုလဲ ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြပါမယ်။ မှန်ကန်သော ပြောင်းလဲမှုတွေကို အမြန်ချမှတ်ရင်းနဲ့ မြန်မာပြည်ကြီး အဆင်ပြေနိုင်ပါစေကြောင်း မျှော်လင့်ဆုတောင်းလိုက်ရပါတယ်။

Nay Thawy

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page