မြန်မာပြည်ရဲ့ ဖွံ့ဖြိုးမှုတိုးတက်မှုနဲ့ သက်ဆိုင်သော လူလတ်တန်းစားအလွှာ ပျောက်ကွယ်သွားခြင်း

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုဟာ အဲဒီနိုင်ငံရဲ့ လူလတ်တန်းစားရာခိုင်နှုန်းနဲ့ တိုက်ရိုက်အချိုးကျတယ်။ ဥပမာ ဘရူနိုင်း ဆော်ဒီအာရေဗျနိုင်ငံတွေဟာ ချမ်းသာတယ်။ ဒါပေမယ့် လူလတ်တန်းစားကြောင့်မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေလို့ ပြောမရဘူး။ ဖင်လန် နော်ဝေလိုနိုင်ငံတွေလည်း ချမ်းသာတယ်။ သူတို့ကျ လူလတ်တန်းစားရာခိုင်နှုန်းများတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေလို့ ပြောလို့ရတယ်။ ပျော်ရွှင်မှုနဲ့ တိုင်းတာရင်လည်း အမြင့်ဆုံးမှာရှိတယ်။ ကိုယ်သာ အခြေချရမယ်ဆိုရင် ဘယ်နိုင်ငံကိုရွေးမလဲ။ ဒါက မေးနေစရာတောင်မလိုဘူး။

လူလတ်တန်းစားတွေထဲမှာ ကုမ္ပဏီဝန်ထမ်းတွေ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ၊ တတ်သိပညာရှင်တွေပါတယ်။ သူတို့ဟာ တခြားအလွှာတွေထက်စာရင် ပညာတတ်မြောက်မှုမြင့်မားတယ်။ အစဉ်အဆက်ကြွယ်ဝမှုနဲ့မဟုတ်ဘဲ ကိုယ့်ဒူးကိုယ်ချွန်နေရာတစ်ခု ရောက်လာသူတွေများတယ်။ ဒီအလွှာဟာ ရေခံမြေခံကောင်းမှ စနစ်ကောင်းမှဖွံ့ဖြိုးတယ်။

အရင်က ဒီမှာ လူလတ်တန်းစားအလွှာမရှိသလောက်နည်းတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်ကနေစလို့ လူလတ်တန်းစားအလွှာ ဖွံ့ဖြိုးလာတယ်။ အိမ်ပိုင်ဖို့ ကားပိုင်ဖို့ဆိုတဲ့ အခွင့်အရေးတွေအတွက် မျှော်လင့်လာနိုင်တယ်။ တကယ်လည်းဖြစ်တယ်။ ဘဏ်က ချေးငွေယူပြီး အိမ်ဝယ်လာနိုင်တယ်၊ ကားဝယ်လာနိုင်တယ်။ အိပ်မက်တွေ ဝင်ငွေနဲ့ လက်လှမ်းမီခဲ့တယ်။ ကျနော်လည်း အဲဒီထဲကတစ်ယောက်ပေါ့။

အခု အိမ်ဈေးတွေ ကားဈေးတွေကြည့်တဲ့အခါ လူလတ်တန်းစားအလွှာရဲ့ အိပ်မက်တွေပျောက်ကွယ်သွားပြန်ပြီ။ အရင်က သိန်း ၁၀၀ ကျော်ဝန်းကျင်ဆိုရင် ကားတစ်စီးဝယ်လို့ရတယ်။ သိန်း ၂၀၀ လောက်ရှိရင် သင့်တင့်တဲ့ တိုက်ခန်းတစ်ခန်းဝယ်လို့ရတယ်။ တစ်လ ၁၀ သိန်းဝင်ငွေရှိသူတစ်ယောက်က ဘဏ်ချေးငွေယူ ကားဝယ်လို့ရတယ်၊ အိမ်ဝယ်လို့ရတယ်၊ ဝင်ငွေနဲ့ထွက်ငွေမျှမျှတတနဲ့ သက်တောင့်သက်သာနေလို့ရတယ်။ ဒါပေမယ့် အခု တစ်လ၁၀သိန်းဝင်ငွေရှိသူဟာ သူ့အသုံးစရိတ်ကိုတောင် မျှတအောင်မနည်းကြိုးစားနေရတဲ့အတွက် အိမ်ဝယ်နိုင်ဖို့ ကားဝယ်နိုင်ဖို့ဆိုတဲ့ အိပ်မက်တွေကို ထပ်မမက်နိုင်တော့ဘူး။ ဝင်ငွေကျတော့ မတိုးလာဘူးလေ။ မတိုးလာတဲ့အပြင် ဆုတ်ယုတ်မသွားရင်တောင် ကံကောင်းတဲ့အထဲပါနေပြီမလား။

တဖြည်းဖြည်းနဲ့ လူလတ်တန်းစားအလွှာဟာ စတင်ပျောက်ကွယ်လာပြီ။ ဖြစ်ပျက်နေတဲ့ အခြေနေတွေအကုန်လုံးက လူလတ်တန်းစားတွေအတွက် အသက်ရှူကျပ်စရာတွေချည်းပဲ။ သူများအလုပ် လုပ်တဲ့သူဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်သူဖြစ်ဖြစ်၊ တတ်သိပညာရှင်တွေအတွက်ဖြစ်ဖြစ် အခွင့်အရေးတွေတိုးပွားလာတယ်ဆိုတာမရှိ နေရာတိုင်းလိုလိုမှာ ဆုတ်ယုတ်သွားတာချည်းပဲ။ စားဝတ်နေရေးအတွက် ရုန်းကန်ရပြီဆိုတာနဲ့ လူလတ်တန်းစားအလွှာ စပြီး ဈာန်လျှောတော့တာပဲ။ လူလတ်တန်းစားမရှိတဲ့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုလည်းမရှိနိုင်ဘူး။ အဲဒီထက်ဆိုးတာက ပညာရည်မြင့်မားတဲ့အလွှာမရှိတော့ခြင်းက ကိုယ်ချင်းစာတရားနဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေကိုပါ ကျဆင်းသွားစေနိုင်တာပဲ။ အိပ်မက်တွေဟာ တည်ဆောက်ဖို့ ခက်ခဲသလောက် ပြိုကျပျက်စီးသွားဖို့တော့ ခဏလေးပဲ။

(ဒေါက်တာသူရိန်လှိုင်ဝင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page