စေတနာ့ဝန်ထမ်းအချို့နဲ့ ရန်ကုန်ဆေးရုံကြီးဝန်ထမ်းအချို့ရဲ့ ပွတ်တိုက်မှုကို ပြောလာတဲ့ ဒေါက်တာနန္ဒဝင်း

“ပညာရှင် စေတနာ့ဝန်ထမ်း” “Professional volunteer”

တကယ်တော့ Professional ဆိုတဲ့ စကားလုံးကို ခပ်ရိုင်းရိုင်းပြန်ရရင် “ကြေးစား” လို့ ခေါ်ဆိုနိုင်ပါတယ်။ အလုပ်တစ်ခု နယ်ပယ်တစ်ခု မှာကျွမ်းကျင်တယ် အဲဒီနယ်ပယ်ကို လိုအပ်တဲ့နေရာတွေမှာ လမ်းမှန် နည်းမှန် ဆောင်ရွက်နိုင်တယ် အဲဒီလိုဆောင်ရွက်တဲ့အတွက်သူ့မှာ ထိုက်တန်တဲ့ အခကြေးငွေ ရယူပိုင်ခွင့်ရှိတယ်။ ကျွန်တော်ကတော့ ယဉ်ယဉ်ကျေးကျေးလေးလေးစားစား “ပညာရှင်” လို့ ခေါ်ဆိုချင်ပါတယ်။

Volunteer ဆိုတာ စေတနာ့ဝန်ထမ်းပါပဲ။ ကျွမ်းကျင်သူ ဖြစ်မယ်မဖြစ်မယ် မသိပါဘူး။ လိုအပ်နေတဲ့ နယ်ပယ်တစ်ခုမှာ အခွင့်အရေး အခကြေးငွေ မယူပဲ ဝင်ရောက်တာဝန်ထမ်းဆောင်တဲ့ စေတနာရှင်တွေပေါ့။

အဲဒီစကားလုံး (၂)ခုကိုပေါင်းပြီး Professional volunteer ဆိုတဲ့ စကားလုံးကို လက်ရှိ အနေအထားမှာ သုံးလိုပါတယ်။ ကျွန်တော်တို့ဟာ စစ်ပွဲတစ်ခုကို ဆင်နွှဲနေရတာပါ။ မြင်ရတဲ့ သူ နှင့်မဟုတ်ပဲ မြင်တွေ့ ကိုင်တွယ်လို့ မရတဲ့ ဗိုင်းရပ်စ် ပိုးမွှား နှင့်တိုက်နေရတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အကြောင်းကြောင်းကြောင့် အင်အားနည်းလာတဲ့အခါမှာ အလုပ်ကများ မနိုင်မနင်း ဖြစ်လာတဲ့အခါ မှာ အနယ်နယ်အရပ်က စေတနာ့ဝန်ထမ်းတွေရဲ့အားကို အသုံးပြုရပါတော့တယ်။

ရောဂါ တိုက်ခိုက်မှုနည်းတဲ့ နယ်တွေက သမားတော်တွေ မေ့ဆေးတွေ အထူးကုတွေ ပြည်သူ့ကျန်းမာ ဆရာဝန်တွေ ကျန်းမာရေးမှူးတွေ ဆရာမတွေ ဆေးဘက်ပညာသည်တွေ လိုအပ်တဲ့ နေရာအသီးသီးကို တပ်ဖြန့်ပြီးကူတိုက်ကြတယ်။ (ကျွန်တော့်လို တရုပ်ပြည်နယ်စပ်လမ်းကြောင်းကနေ ကရင်နယ်စပ်သွားခံတိုက် ပြီးတော့ ခံစစ်ကြောင်း ရဲတိုက်နီ ဆီပြန်လာ ဆိုပြီး တောင်ပြေးမြောက်ပြေး စစ်သူကြီးလိုလို ဆက်သားလိုလို စေတနာ့ဝန်ထမ်းလို့သတ်မှတ်လို့ရသလိုလို မရသလိုလိုသူတွေလည်း ရှိတာပေါ့)

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း အရင်က အင်အားကြီးတဲ့ အလုပ်သမားဂိုဏ်းတွေ ထိခိုက် မှုတွေ ရှိလာလို့ အင်အားဖြည့်ရန် စေတနာ့ဝန်ထမ်းတွေကို အားကိုးလာရတော့တယ်။ “အလုပ်သမား” နေရာ “အကြမ်းနေရာ” ကို အစားထိုးဝင်လာတဲ့ တက္ကသိုလ်ကျောင်းသားလေးတွေ ပြင်ပ စေတနာ့ ဝန်ထမ်းလေးတွေ အစွမ်းကုန် ကြိုးစားကြပါတယ်။ အင်အားကိုအသုံးပြုတဲ့သူတွေ မဟုတ်ကြတဲ့ လူငယ်လေးတွေ ပင်ပန်းကြတယ်။ သူတို့ စိတ်တောင် မကူးဘူးတဲ့ ပိဿာပေါင်းများစွာ လေးတဲ့ အောက်စီဂျင်အိုးကြီးတွေကို လှိမ့်ရတယ် သယ်ရတယ် မရတယ် တင်ရတယ်။ သူတို့ ကြောက်ကြောက်နဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ဟန်ကိုယ့်မပျက်အောင် သယ်ကြရတယ်။ အိမ်တွေမှာ ထမင်းစားချိန်မှ ထစား တစ်ချိန်လုံး ဂိမ်း နှိပ်နေတဲ့ သူတွေ တစ်နေ့တစ်နေ့ ခြေလှမ်းပေါင်း နှစ်သောင်းလောက်လျှောက်ခဲ့ရပါတယ်။

သူတို့မှာ ပေးဆပ်ရတာများပါတယ်။ သောက်တတ်တဲ့ ဆေးလိပ်ကို လုံးဝသောက်ခွင့်မရဘူး။ (၁− ဆေးရုံ မှာ ဆေးလိပ်သောက်ခွင့်မရှိဘူး ၂− အောက်စီဂျင်တွေနား ဆေးလိပ်သောက်ရင် သူတို့ရော ကျွန်တော်တို့ပါ ပျောက်သွားလိမ့်မယ်) အစုလိုက် နေရတဲ့အတွက် အများ နှင့် နေတတ်အောင်ကြိုးစားကြရတယ် အရက်သောက်တတ်တဲ့ သူ ဘီယာသောက်တတ်တဲ့သူတွေ သောက်ခွင့်မရှိဘူး အစားအသောက်ကို အချိန်နှင့်စားရပေမယ့် ကိုယ်ကြိုက်တဲ့ဟာ အိမ်တွေမှာလို ဂျီးများလို့မရဘူး ပျင်းလို့မရဘူး (အလုပ်ဟာ အချိန်မရွေး ထလုပ်ရမှာ နောက်ကျလို့မရသလို လွဲချော်လို့မရဘူး)

စေတနာ့ဝန်ထမ်းဆိုတဲ့ ဂုဏ်ပုဒ်ရဲ့နောက်မှာ ကြီးကျယ်မြင့်မြတ်ခြင်းဆိုတဲ့ အကြောင်းတရား ကျေးဇူး တင်တဲ့ စိတ်တွေကြောင့် ပုံမှန် အလုပ်လုပ်တဲ့သူတွေ ဆရာမတွေ ဆရာဝန်တွေ ဘက်မှာလည်း ခုချိန်မှာ အခက်အခဲ ရှိနေပါတယ်။ လူနာအသက်တွေကို လုနေရတဲ့ စစ်ပွဲဖြစ်လို့ ခေါင်းဆောင်မှုပုံစံဟာ “အာဏာရှင်” “Autocratic” ပုံစံဖြစ်နေရမှာ အမှန်ပါပဲ။ ပြေးဆိုပြေးပဲ မဆိုမပဲ ရပ်ဆိုရပ် လာဆိုလာ သယ်ဆိုသယ် အချိန် (၂) မိနစ်ဆို ပိုမရဘူး (၂) မိနစ် အတွင်းပဲ ဖြစ်ရမှာပါ။ ယခင်တုန်းက အလုပ်သမားတွေ အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် အမိန့်အာဏာ အောက်မှာ လေ့ကျင့်ခံရတော့ သူတို့ကိုယ်စီ ကျေနပ်နပ် မနပ်နပ် လုပ်ကိုလုပ်နေရတယ်။ လုပ်ငန်းစဉ်ကြီး မပြတ်လည်ပတ်နေတယ်။ ခု တော့ အလုပ်သမားတွေ နေရာမှာ ဝင်လာတဲ့ စေတနာ့ ဝန်ထမ်းတွေ ဖြစ်နေလို့ Autocratic ပုံစံက ဆရာဝန်တွေ ဆရာမတွေ အတွက် အဆင်မပြေတော့ဘူး။ တစ်ချို့နေရာတွေမှာ ကူရတာကနည်းနည်း စိတ်ရှည်ရတာ များများဖြစ်လာတယ်။

အလုပ်မလုပ်ခင် ဆယ်လ်ဖီး ဆွဲနေတဲ့သူတွေ လိုက်ဖ်လွှင့်နေတတ်တဲ့သူတွေ အတူဝင်လာတာ သမီးရည်းစားတွေ အချစ်တော်တွေ ဖြစ်နေကြလို့ မခွဲနိုင်တာ လူလစ်တာနဲ့ ပျောက်ပျောက်သွားတာတွေကို အဆင်မပြေစွာ တွေ့ကြုံရတယ်။ အဆင် မပြေလို့ နည်းနည်း ပြောမိရင် ဆက်ဆံရေး မကောင်းတော့ဘူး။ အားနာစရာတွေ ဖြစ်လာတယ်။ “ဆရာရယ် ဘော်လန်တီယာ မထည့်ပါနဲ့တော့ ရှိတဲ့ အလုပ်သမားနှင့် လုပ်နိုင်ပါတယ် သူတို့မနိုင်ရင် ကျွန်မတို့ ဝင်လုပ်ပါမယ်” ဆိုပြီး စိတ်ပင်ပန်းတာ မခံဘူး လူပင်ပန်းတာပဲ ခံမယ်ဆိုတဲ့ ဆရာမကြီးတွေ ဆရာမလေးတွေ ရှိလာသလို “ဆရာ့ ဘော်လန်တီယာလေးတွေက ရိုကျိုးလိုက်တာ အားကိုးလိုက်ရတာ သူတို့လေးတွေကို ဆက်ပို့ပေးပါနော်” လို့ အပြောခံရတဲ့ နေရာတွေလည်း ရှိပါတယ်။

ကျွန်တော့်ဆီကို ဦးတည်လာတဲ့ ဘော်လန်တီယာ တွေကိုတော့ Professional volunteer ကို ရှင်းပြ ဖြစ်ခဲ့တယ်။ ကိုယ်ဝင်ထမ်းရမယ့် နေရာ နှင့်အလုပ်ကို နားလည်ပါစေ။ အလုပ်သမားလုပ်ရင် အလုပ်သမား တာဝန်ကျေပါစေ။ မဟာပီတာ ဘုရင်ကြီးတောင် သူတိုက်တဲ့ ပင်လယ်တိုက်ပွဲတိုင်း ရှုံးနေလို့ မဟာမိတ်နိုင်ငံတစ်ခုမှာ သင်္ဘောကျင်း ပညာသင် သွားတဲ့အုပ်စုမှာ အလုပ်သမား အယောင်ဆောင်လိုက်သွားပြီး သင်္ဘောကျင်းတစ်ခုလုံး တောက်တိုမယ်ရ အောက်ခြေသိမ်းအားလုံး သွားလုပ်ပြီး သင်္ဘောလုပ်ငန်းကို လေ့လာခဲ့ပြီး နောက်ဆုံး ပင်လယ်တိုက်ပွဲ တွေမှာ အနိုင်ရတဲ့ ဗျူဟာကို ချနိုင်ခဲ့တယ်လို့ ပြောပြခဲ့ရတယ်။

“ကျရာနေရာတွင် ကျရာတာဝန်ကို စေတနာဖြင့် ကျေပွန်အောင်ထမ်းဆောင်နိုင်သောသူ တို့သည် အခကြေးငွေ ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ မွန်မြတ်သူများ ဖြစ်သည်” လို့သူတို့ကို သင်ကြားပေးရပါတယ်။

ကျွန်တော်တို့ ငဗစ်ကိုတိုက်နေရတာပါ။ ကျရာနေရာမှာ ပီပီပြင်ပြင်ထမ်းဆောင်မယ့် ပညာရှင်စေတနာ့ဝန်ထမ်း တွေ လိုပါတယ်။ အလုပ်သမားနေရာ ဝင်ရင် အလုပ်သမားတစ်ယောက်လို လုပ်ရပါမယ်။ သူနာပြုအကူနေရာ ဝင်မယ်ဆို သူနာပြုအကူပုံဖြစ်နေဖို့လိုပါတယ်။ ပြင်ပဘဝက ဘာဖြစ်နေနေ ယခု တာဝန်ကျတဲ့နေရာက သရုပ်ကို ပီပြင်အောင်ကရမှာပါ။

တစ်ရက်တော့ ဆေးရုံအုပ်ကြီး မမဒေါက်တာမြင့်မြင့်အေး ဆီက ခွင့်တောင်းပြီး ကျွန်တော့်ဆီဦးတည်ရောက်လာတဲ့ ညီညီမ သားတွေ သမီးတွေကိုရော အခြားသော သူများရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ဘော်လန်တီယာတွေအားလုံးကို Professional volunteer အကြောင်း တစ်နာရီလောက် ပြောပြ သင်ပေး ဆွေးနွေးချင်ပါသေးတယ်။ ရောက်ရာနယ်တိုင်းမှာ စနစ်ကျတဲ့ volunteer တွေ အားကိုးရတဲ့ စေတနာ့ဝန်ထမ်းတွေ မွေးမြူ အသုံးပြုခဲ့တဲ့ အတွေ့အကြုံ သူတို့လေးတွေထဲက လိမ္မာသူတွေ ခုဆို ကျန်းမာရေးဌာနတွေမှာ ဒုဦးစီး အဆင့်လောက်တောင် ရောက်ရှိ နေတဲ့သူတွေ ရှိတဲ့ အောင်မြင်ခဲ့တဲ့ ဉပမာတွေကို မျှဝေချင်လို့ပါ။

မွန်မြတ်သော စေတနာမှာ ကျွမ်းကျင်သော ပညာ ခံယူတတ်သောစိတ်ဓါတ် နှင့် နာခံသောကျင့်ဝတ်များ ရှိလိုက်လျှင် သူတို့လေးတွေ ဘဝ အတွက် ပိုမို အကျိုးရှိမယ်လို့ ထင်လို့ပါ… ကြိုးစားကြည့်ပါဦးမယ်။

ဒေါက်တာ နန္ဒဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page