အခုလို ပူပြင်းတဲ့ အချိန်ကာလမှာ အပူဒဏ်ကို ခံနိုင်စေသော မြန်မာ့ရိုးရာနည်းလမ်း

အပူဒဏ် ခံနိုင်စေသောနည်း (အခုချိန် အရမ်းလိုအပ်တယ်နော်) မပေါ့ကြစေလို..

ရာသီဥတုကတော့ တစ်နေ့ထက်တစ်နေ့ ပူပြင်းလာပါပြီ။ မိုးရိပ်လေရိပ်လည်း မမြင်၊ စင်တီဂရိတ် (၄၃-၄၅)လောက် နီးပါးလောက်ကိုတက်နေတော့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေ တဖြုတ်ဖြုတ်နဲ့ ကွယ်လွန်နေကြကြောင်း သတင်းကြားရတာ စိတ်မကောင်းစရာဘဲဗျာ။ အခုလို ပူပြင်းလှတဲ့နွေရာသီမျိုးမှာ နည်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။

ဒီနည်းလေးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့စာရေး ဆရာသာဂဒိုးရဲ့ နည်းလေးပါ။ ကျန်းမာတဲ့ လူတွေ အတွက်တော့ သိပ်မသိသာပေမယ့် မကျန်းမာသူ၊ အသက်ကြီးသူများအတွက်တော့ အလွန်သိသာပါတယ်။

နည်းလေးက ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ ရေနွေးကြမ်း ပါဘဲ။ မနက်စောစောကတည်းက ရေနွေးကြမ်းကို ကျကျလေးနှပ်၊ ပြီးရင် လုံးဝအေးသွားတဲ့အထိ အအေးခံထား။ နေ့လည်လောက်ဆို သောက်လို့ရပြီ။ နေ့လည် အပူချိန်တက်နေတဲ့အချိန်မှာ ရိုးရိုးရေမသောက်ဘဲ အဲဒီ ရေနွေးကြမ်းအအေးကိုသာ သောက်နေ။ တကယ် အပူဒဏ်ခံနိုင်တယ်။ နေပူထဲမှာ ကားမောင်းနေရတဲ့ ဒရိုင်ဘာတွေလည်း မနက်ကတည်းက ဒီလို ရေနွေးကြမ်းအအေးကို ရေသန့်ဗူးလေးနဲ့ (၂) ဗူး (၃) ဗူးလောက် ထည့်ထား။ ရိုးရိုးရေအစား အဲဒါဘဲသောက်ကြည့်။ ခါတိုင်းနေ့တွေလောက် အပူဒဏ်ကို မခံရတာ သတိထားမိပါလိမ့်မယ်။

တစ်ခုသတိထားရမှာတော့ လက်ဖက်ခြောက်ကိုတော့ သိပ်အပေါစား အညံ့စားကြီး မသုံးနဲ့ပေါ့ဗျာ။ တော်ကြာ ဆိုးဆေးတွေထပ်ဆိုးတဲ့ လက်ဖက်ခြောက် အတုတွေနဲ့ တွေ့သွားပြီး ဆေးမဖြစ်ပဲဘေးဖြစ်သွားဦးမယ်။

ဒီရာသီမှာ လုံးလုံးရှောင်သင့်တာကတော့ ရေခဲရေပါဘဲ။ သောက်လိုက်တဲ့ ခဏတော့ အေးသွားသလို ရှိပေမယ့် နောက်ပိုင်း ရင်တွေပူလာ၊ ရေပိုငတ်လာ၊ အဆင်မသင့်ရင် ဆီးဝမ်းပါ ချုပ်ပြီး ဆီးပူဆီးအောင့်ပါ ဖြစ်လာမယ်။ အသက်ငယ်သူတွေ၊ ကျန်းမာရေး ကောင်းသူတွေတော့ မပြောတတ်ဘူး။ အသက်ကြီးသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေအတွက်တော့ ဒီလောက်ပူပြင်းတဲ့ ရာသီမှာ ရေခဲရေကို မသောက်သင့်ပါဘူး။

နောက်ထပ် အပူငြိမ်းစေတဲ့ အစားအစာတစ်ခုလည်း တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ မြန်မာ့ရိုးရာ စားစရာ ထန်းလျှက်ပါ။ ထန်းလျှက်ဟာ အခုလို ပူပြင်းတဲ့ ရာသီမှာ တကယ်စားသင့်တဲ့ အစာတစ်ခုပါ။ ထန်းလျှက်ဟာ ကိုယ်ခန္ဓာရဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ ဝမ်းမီးကို အလွန်မှန်စေပါတယ်။ ချိုတာခြင်း တူပေမယ့် သကြား၊ ကြံသကာ တွေနဲ့ မတူပါဘူး။ ကျွန်တော်တို့ အဖိုးအဖွားတွေ ရှိတုန်းကတော့ နေပူထဲက ပြန်လာရင် ရေမသောက်ခင် ထန်းလျှက် တစ်လုံးနှစ်လုံးကို အရင်စားခိုင်းပြီးမှ ရေသောက်ခိုင်းလေ့ ရှိပါတယ်။ ထန်းလျှက်ဟာ ကိုယ်တွင်း အပူမီးကို ငြိမ်းစေတာကြောင့် အပူနဲ့ အအေးတွေ့ပြီး ဒုက္ခရောက်တာမျိုး၊ အပူလျှပ်ပြီး ဖျားတာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဒီခေတ်မှာကလည်း ထန်းလျှက်ဆိုတာ ကလေးတွေမစားကြတော့ဘူးခင်ဗျ။ ထန်းလျှက်မှာလည်း အရောင်ဖြူနေတဲ့ ထန်းလျှက်တွေဟာ အာနိသင်သိပ်မရှိဘူး။ အနီရောင်ရင့်ရင့်ရှိတဲ့ ထန်းလျှက်မျိုးမှ အာနိသင်ရှိပါတယ်။ ဒါကြောင့်ချစ်မိတ်ဆွေအားလုံး အပူဒဏ်ကို ခံနိုင်ရည်ရှိစွာတုန့်ပြန်နိုင်ပါစေ။

(ဒေါက်တာတင်ဘို၏ ကျန်းမာရေးဆောင်းပါးမှ ထုတ်နုတ်၍ ရေးသားတင်ပြပေးခြင်းဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page