ယခုထိ မရှင်းနိုင်သေးတဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ သံသယလူနာ ပြည့်လျှံမှုကြီး

ကိုဗစ်စီမံခန့်ခွဲမှုနဲ့ သနားစရာအခြားဝေဒနာရှင်များ

ကျွန်တော်ဒီစာကို မနေ့ကတည်းက ရေးဖို့ပါ။ ဒါပေမယ့််လည်း ရေးသင့်မရေးသင့်ကို တချိန်လုံးစဉ်းစားနေပြီး အခုဘယ်လိုမှ မနေနိုင်တော့လို့ ရေးရတာပါ။ ဒီစာရဲ့ အဓိက ရည်ရွယ်ရင်းက လုပ်ဆောင်နေတဲ့ဆရာ ဆရာမတွေကို အပြစ်တင်လိုရင်း လုံးဝမဟုတ်ဘဲ လက်ရှိစီမံခန့်ခွဲမှုပုံစံကို ပြန်လည်သုံးသပ်စေချင်တာပါ။ တခြားဝေဒနာရှင်တွေအတွက် ငရဲလိုဖြစ်နေတာကို သိစေချင်တာပါ။ ဒီအကြောင်းကို တခြားသူတွေဆီကရော ကိုယ်တိုင်ကုသပေးနေတဲ့ ရှေ့တန်းက သူငယ်ချင်းတွေဆီကရော မကြာခဏကြားနေရပေမယ့် အခုတော့ ကိုယ်တွေ့တကယ်ဖြစ်လာပြီမို့ မျက်မြင်ထင်ရှားကိုသိခွင့်ရလာပါတယ်။

ကျွန်တော့်အဖွားဟာ အသက် ၈၃ နှစ်ရှိပါပြီ။ နှစ်ဘက်ဆွေမျိုးပေါင်းမှ ဒီအဖွားတစ်ယောက်ပဲ သက်ရှိထင်ရှားရှိပါတယ်။ အဖွားက နဂိုဆီးချိုနဲ့ သွေးတိုးအခံရှိပါတယ်။ အောက်တိုဘာ ၆ရက်နေ့ညမှာ အဖွား ရုတ်တရက်လေဖြတ် (stroke) ပါတယ်။ စကားမပြောနိုင် ဘယ်ဘက်တစ်ခြမ်းမလှုပ်နိုင်ဘူး။ တောင်ဥက္ကလာမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုကိုတင်ပေမယ့် သွေးဖြူဥများနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆေးရုံကြီးအရေးပေါ်ကို ည၂နာရီခွဲအချိန်မှာ ညတွင်းချင်းလွှဲပါတယ်။ ဒီနေရာမှာ ပုဂ္ဂလိကဆေးရုံတွေနဲ့ အစိုးရရဲ့ ချိတ်ဆက်လုပ်ဆောင်မှု အနေအထားကို ကျွန်တော်တို့မသိရပါဘူး။ ဒါပေမယ့် အသက် ၈၃ရှိတဲ့အဖွားဟာ အိမ်မှာပဲ အမြဲနေထိုင်တဲ့သူဖြစ်ပြီးအပြင်ရယ်လို့လည်း ထွက်နေတဲ့သူမဟုတ်ဘူး။ လာပြတာမှာလည်း မြင်သာထင်သာရှိတဲ့ လေဖြတ်တဲ့ကိစ္စနဲ့ဖြစ်ပြီးတော့ သွေးဖြူဥတက်တယ်ဆိုတာကလည်း ပိုးကူးစက်မှုထက်စာရင် လေဖြတ်တာလိုမျိုး အရေးပေါ်အခြေအနေမှာ ဖြစ်နိုင်တယ်ဆိုတာ သိမယ်လို့ယူဆပါတယ်။ ဒါပေမယ့် ဆေးရုံကြီးကိုပဲလွှဲပါတယ်။

အဲဒီအထိ ပြဿနာမရှိသေးပေမယ့် တကယ့်အခက်အခဲက ဆေးရုံကြီးအရေးပေါ်ရောက်တာကနေစပါတယ်။ မနက်၂နာရီခွဲကတည်းက လေဖြတ်ပြီးအရေးပေါ်ရောက်တဲ့အဖွားဟာ ကျွန်တော်သိရတဲ့အချိန် မနက် ကိုးနာရီလောက်အထိ တွန်းလှည်းပေါ်မှာ ငုတ်တုတ်ပါ။ လူကောင်းတစ်ယောက်က မက်စ်တပ်ပြီးတွန်းလှည်းပေါ်မှာ ၆နာရီကျော်ထိုင်ကြည့်တာတောင် ဘယ်လိုအနေရကျပ်မလဲဆိုတာကို စဉ်းစားကြည့်နိုင်ရင် အသက်၈၃နှစ်နဲ့ လေဖြတ်သွားပြီး စကားမပြောနိုင် ကိုယ်လက်တွေမလှုပ်နိုင်တဲ့ ရောဂါသည်အဖွားအိုတစ်ယောက်က တွန်းလှည်းပေါ်မှာ ၆နာရီကျော်ထိုင်နေရတဲ့ဒုက္ခကို သေးသေးလေးလို့တော့ မပြောနိုင်မှာသေချာပါတယ်။ အဆိုးဆုံးကတော့ သံသယလူနာအခန်းမှာ ပြည့်လျှံနေတဲ့ ကိုဗစ်သံသယလူနာတွေ မရွှေ့ပြောင်းရသေးတဲ့ ပေါ့စတစ်လူနာတွေနဲ့အတူ ကျပ်ကျပ်တည်းတည်းနေရတာပါပဲ။ အဲဒီအခန်းထဲမှာ လူနာတွေပြည့်လျှံနေတာပဲလို့ သူများပြောတာ ကြားရဖတ်ရတုန်းက မယုံတဝက်ယုံတဝက်ဖြစ်ခဲ့ပေမယ့် အထဲလိုက်သွားရတဲ့ ညီမတစ်ဝမ်းကွဲအပြောကျတော့မှ ကျွန်တော်ယုံရပါတယ်။

ပြည့်လျှံနေတဲ့ ကိုဗစ်သံသယလူနာတွေကြားမှာ အဖွားလို တခြားရောဂါသည်တွေမှာလည်း ဝဋ်အကြီးကြီးခံနေရပါတယ်။ အပြင်လုံးဝမထွက်တဲ့ သွေးတိုးနဲ့ ဆီးချိုအခံရှိတဲ့ လေဖြတ်ထားတဲ့အဖွားဟာ အိမ်မှာနေတုန်းက ကိုဗစ်ကူးစက်ခံရနိုင်တဲ့အခြေအနေလုံးဝမရှိပါဘဲ လေဖြတ်လို့ ဆေးရုံလာပြတော့မှ ရောဂါသည်မှာ ကိုဗစ်ပိုးထည့်ခံရသလိုပါ ခံနေရပါတယ်။ အောက်တိုဘာ ၇ရက်နေ့ မနက် ၂နာရီခွဲမှာရောက်တဲ့အဖွားဟာ မနက် ၁၀နာရီကျော်မှာ Test kit နဲ့ စစ်ဆေးပြီး ဒီမနက် အောက်တိုဘာ ၈ရက်ထိ အဖြေမသိရသေးပါဘူး။ ဘယ်ချိန်မှ သိရမယ်ဆိုတာလည်း မသိရသလို ဒီကြားထဲမှာလည်း အိမ်ကနေပါသွားတဲ့ ပက်လက်ကုလားထိုင်နဲ့ လေဖြတ်နေတဲ့အဖွားမှာ နေရပါတယ်။ အိမ်ပြန်ပြီး အိမ်မှာ သက်သာသာသာနေရဖို့အတွက် ပြောပေမယ့်လည်း ဝင်ပြီးပြန်မထွက်ရဘူးဆိုတဲ့ စည်းကမ်းနဲ့ အခုထိ လေဖြတ်နေတဲ့အဖွားမှာ အရေးပေါ်ဌာန ကိုဗစ်လူနာတွေကြားငုတ်တုတ်ပါ။ လေဖြတ်တာအတွက် သေချာတဲ့ကုသမှုမျိုးဆိုတာလည်းမရနိုင်ပါဘူး။ ဘယ်အချိန်မှ အဖြေသိရပြီး ဘယ်အချိန်မှ အိမ်ပြန်လို့ရမယ် တခြားကုသမှုတွေဆက်လုပ်လို့ရမယ်ဆိုတာကိုလည်း မသိရပါဘူး။ အဖွားမှာတော့ သူ့ကောင်းနေတဲ့လက်တစ်ချောင်းနဲ့ အိမ်ပြန်ချင်တယ်ဆိုတဲ့အကြောင်းကို လက်ဟန်ခြေဟန်နဲ့ ပြနေရှာပါတယ်။

ကျွန်တော် ဘယ်သူ့ကိုမှ တကယ်အပြစ်မတင်ချင်ပါဘူး။ ကုသပေးနေရတဲ့ ကျွန်တော့်သူငယ်ချင်းတွေရဲ့အဆိုအရတော့ ဒီလိုအဖြစ်အပျက်မျိုးကို တစ်ခုနှစ်ခုမဟုတ်တော့ဘဲ အရေးပေါ်လူနာတိုင်းမှာ ဒီလိုဆိုးရွားတဲ့အခြေအနေတွေကြုံတွေ့နေရပြီလို့ဆိုပါတယ်။ ကိုဗစ်ကိုပဲ အာရုံစိုက်နေတဲ့အတွက်ကြောင့် သေဆုံးသွားရတဲ့အရေးပေါ်လူနာတွေဘယ်လောက်တောင်များနေပြီလဲ ကျွန်တော်မစဉ်းစားချင်ဘူး။ လောလောဆယ်မှာ လေဖြတ်ပြီး ကိုဗစ်လူနာတွေအကြားမှာ ငုတ်တုတ်ထိုင်နေရရှာတဲ့ အသက် ၈၃နှစ်အရွယ် အဖွားအတွက် ကျွန်တော်ဘာမှ မလုပ်ပေးနိုင်တာအတွက်လည်း တကယ်ဝမ်းနည်းလို့မဆုံးပါဘူး။ ကျွန်တော်တို့မှာ ဆေးရုံကြီးရောက်တော့မှ လေဖြတ်တာလည်း ကုသမှုမခံရ၊ သူ့အတွက် သက်တောင့်သက်သာလည်းမဖြစ်တဲ့အပြင် ကိုဗစ်ပါ ကူးစက်ခံရတော့မဲ့အနေအထားမှာ ကျွန်တော့်အဖွား အဲဒီထဲက အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ရင်တောင် တော်ပါပြီလို့ ကျွန်တော်တွေးပါတယ်။

ဒီစာကိုရေးရတာ ဝန်နဲ့မမျှ တာဝန်ထမ်းဆောင်နေရတဲ့သူတွေကို အားနာလှပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လိုလူနာရှင်တွေရော အထူးသဖြင့် ဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ဝေဒနာသည်တွေရောအတွက်တော့ ဒါက ဘဝတစ်ခုလုံးပါ။ လက်ရှိ လူနာကုသမှုပေးနေတဲ့စီမံခန့်ခွဲမှုအနေအထားဟာ လုံးဝကို အဆင်မပြေပါဘူး။ ကိုဗစ်ကူးစက်မှုတွေထပ်ပြီးလက်ဆင့်ကမ်းနေသလို အရေးပေါ်လူနာတွေလည်း အများကြီး သေကြေပျက်စီးရမယ့်အနေအထားဖြစ်နေပါတယ်။ ဒါလေးကို သိပြီး တစ်ခုခုတော့ ပြင်ဆင်စီမံပေးစေချင်ပါတယ်။ တကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်။ ကျန်တဲ့ဝေဒနာသည်တွေကိုလည်း ကြည့်ပေးပါဦးလို့ မေတ္တာရပ်ခံပါတယ်။ ပိုပြီးအဆင်ပြေတဲ့ လူနာစီမံခန့်ခွဲမှုပုံစံတစ်ခုခု စီမံပေးစေချင်ပါတယ်ခင်ဗျာ။ နောက်ထပ်အရေးပေါ်လူနာတွေရှိရင် ကျွန်တော်ဆေးရုံကြီးကို မညွှန်းရဲတော့ဘူး။ ဘယ်ကိုညွှန်းရမယ်ဆိုတာလည်း တကယ်မသိတော့ပါဘူး။

ဒေါက်တာသူရိန်လှိုင်ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page