ပတ်စ်ပို့ ပြုလုပ်ခြင်းကို ပွဲစားများ ချုပ်ကိုင်၊ ပတ်စ်ပို့ရုံးမှ လူကြီးများ တစ်လဝင်ငွေ သိန်းရာချီ ရှိနေ

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်ခြင်းကို ပွဲစားများမှ ချုပ်ကိုင်ထားပြီး ငွေကျပ် ငွေကျပ် ၃ သိန်းမှ ၅ သိန်းအထိ ပေါက်စျေးရှိနေကြောင်း ပတ်စ်ပို့ပြုလုပ်ရန် စောင့်ဆိုင်းနေသူများထံမှ သိရသည်။

နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အွန်လိုင်းမှလျှောက်ထားကာ ပြုလုပ်မည့်နေ့ရက်ကို ကြိုတင်ဘွတ်ကင်ယူရသည်။ လက်ရှိတွင် ပွဲစားများက လျှောက်ထားခွင့်နေ့ရက်များကို လက်ဦးမှုယူကာ ထိန်းချုပ်ထားခြင်းဖြစ်သည်။

“ကိုယ်ဘာသာလျှောက်ဖို့ဆိုရင်ပေးထားတဲ့ ရက်က လူပြည့်နေပြီ။ ကြိုတင် ရက်ယူထားတဲ့ သူအများစုက ပွဲစားတွေ။ လုပ်ချင်ရင် သူတို့ဆီအရင်ဆက်သွယ်မှကိုရမယ့်အခြေအနေဖြစ်နေတယ်” ဟု ပြည်ပသို့ အလုပ်သွားလုပ် ရန်ပြင်ဆင်နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်လုပ် ရန်လျှောက်ထားခွင့်ပြုထားသည့် ၂၀၂၃ ဖေဖော်ဝါရီ ၃ ရက်အထိလူပြည့်နေပြီဟု သိရသည်။

“ကိုယ့်ဘာသာလုပ်မယ်ဆိုရင် နောက်လာမည့် ၄ လအတွင်း လူပြည့်နေပြီ။ ပွဲစားတွေဆီမှာတော့ လိုချင်တဲ့ရက်ရတယ်။ ပိုက်ဆံတော့ ပိုပေးရတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့ကြောင့် ပြည်ပသွားရန် အလျင်လိုနေသည့် အလုပ်သမားများအတွက် အေဂျင်စီများကလည်း ပွဲစားများကို ပြန်အားကိုးနေကြရသည်ဟု ၎င်းကဆိုသည်။ ထိုသို့အဆင်မပြေမှုများရှိနေသည့်အပေါ် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးက မသိကျိုးကျွံပြုပြီး ပွဲစားကပေးသည့် ဝေစုငွေကိုရယူနေကြသည်ဟု အဆိုပါလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် ပွဲစားနှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အကြီးအကဲများ၏ တစ်နေ့ဝင်ငွေမှာ ကျပ်သိန်း ဆယ်ဂဏန်းနီးပါး တစ်လဝင်ငွေမှာ သိန်းရာချီ ရှိနေသည်ဟု ၎င်းတို့ကဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် အစိုးရဌာနအသီးသီး၌ ငွေရပေါက်ရလမ်းများ ပြန်လည်ဖန်တီးလာကြပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင်ခွင့်ပြုထားသည့်အနေအထားရှိသည်ဟု ယင်းဌာနများနှင့် ဆက်စပ်လုပ်ကိုင်နေရသူများက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page