ကိုဗစ်ကြာမြင့်လာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတတွေကြားက ကြီးထွားလာတဲ့ ပွတ်တိုက်မှု

ပေါလိုက်တဲ့ “Test Kit” တွေ (သို့မဟုတ်) စီမံခန့်ခွဲရန် စိန်ခေါ်မှုများ

Covid စဖြစ်တော့ စစ်ဆေးမှုကို RTPCR ကိုပဲ စံအဖြစ် သတ်မှတ်လက်ခံကာ စစ်ဆေးပေးခဲ့တယ်။

စောင့်ရတယ်။ ရက်နည်းနည်းကြာတယ်။ စစ်ဆေးရန်တွေ ပုံလာတယ်။ Gene Xpert စက်တွေကို အသုံးပြုလာတယ်။ တစ်ခဏ အဆင်ပြေပေမယ့် စစ်ဆေးရန် မလုံမလောက်ဖြစ်နေဆဲမို့ နောက်ဆုံး RDT ကို အသုံးပြုဖို့လက်ခံ လိုက်ကြပါတယ်။

RDT ဆိုတဲ့အတိုင်း မြန်တယ် ချက်ချင်းသိရတယ်။ ပုံနေတဲ့အလုပ်တွေ ရှင်းသင့်သလောက်ရှင်းကုန်တယ်။ လုပ်ငန်းအဆင်ပြေလာပါတယ်။ ဒါပေမယ့် အဲဒီ RDT တွေကို အပြင်ကိုပေးမစစ်ဘူးလို့ နှုတ်အားဖြင့် သဘောထား ပေးထားပေမယ့် ပြင်ပမှာ အလုအယက် ဝယ်ဖို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ကြတယ်။ အဖွဲ့အစည်းတွေ ကုမ္ပဏီတွေ နောက်ဆုံး တစ်ချို့သော တိုင်းနှင့်ပြည်နယ်အစိုးရတွေ ဒီကိစ္စမှာ ပါဝင်လာကြတယ်။ ကျွန်တော်တို့ အစိုးရ ကစစ်ပေးတဲ့ RDT အမျိုးအစားကိုတောင် ရအောင် လက်ဝယ်ကိုင်လာနိုင်သူတွေရှိလာတယ်။

မြို့ကြီးပြကြီးတွေက ပြင်ပကလူတွေလက်ထဲ ဒီ RDTတွေ ထောင်နဲ့ချီကိုင်ထားကြတယ်။ တစ်ချို့ဆေးခန်းကြီးတွေ လူနာလာရင် ဘာဖြစ်သလဲ အရင်မကြည့်ဘူး နှာခေါင်း သို့မဟုတ် အာခေါင်ကိုပဲ ထိုးဖို့ကြံကြတော့တယ်။ လူနာခံစားနေရခြင်းသည် ပဓာန ကိုဗစ် ဟုတ်မဟုတ်စစ်ဆေးခြင်းသည် အဓိကဆိုပြီး လုပ်ဆောင်လာသူတွေရှိလာကြတယ်။ စစ်ဆေးချိန်ကလည်း မီနစ်ပိုင်းပဲကိုး။ (−) ဖြစ်ရင်တော့ ဆက်ကုကြပြီး မတော်တဆ (+) ဖြစ်တဲ့အခါ အစိုးရဆေးရုံကို စောင့်ကြည့်ရန် သင့်သော လူနာ PUI အဖြစ် သူတို့စစ်ဆေးထားတာကို ဖျောက်ပြီး လွှဲပြောင်းကြတယ်။ (သူတို့ကိုလည်း စစ်ခွင့် တရားဝင် ခွင့်ပြုမထားတော့လည်း ဖျောက်ရတာကို နားလည်ပါတယ်။) (+) လူနာနှင့်ပတ်သက်လို့ သူတို့ကို စစ်ခွင့်ရော ကုခွင့်ရော တရားဝင် ပြဌာန်းထားပေးတာ မရှိသေးပါဘူး။ ညှိုနှိုင်းနေဆဲပါပဲ။

အစိုးရဆေးရုံတွေရောက်သွားကြတယ်။ စနစ်တကျပေါ့ ခဏ PUI အဖြစ်ထားရတယ်။ Swab ယူမယ့် အချိန်ကို ခဏစောင့်ရတယ်။ အဲဒီကာလလေးမှာ လူနာစောင့်ဟာ မကျေမနပ် စဖြစ်ကြတော့တာပါပဲ။ တို့ဖတ်ထပ်မယူနိုင်ဘူး ဘယ်ဆေးရုံမှာ ဘယ်သူ့ဆီမှာယူပြီးသား (+) လည်း ထွက်ပြီးသား အဆောင်ကိုတန်းပို့ ငါက ဘယ်သူ ငါ့ဘကြီးက ဘယ်သူ ငါ့ယောက်ဖရဲ့ နှစ်ဝမ်းကွဲ အကိုက ဘာကြီး ဆိုပြီး “ဟော့” ကြပါလေရော။

ရောဂါရာဇဝင်ကို ထိန်ချန် လိမ်လည်ပေးခြင်းကို ဆရာဝန်တိုင်း မုန်းပါတယ်။ လူနာစောင့်ကထ သောင်းကျန်းတော့ ဆရာဝန်တွေလည်း ဒေါသ နှစ်ခါထွက်ရပါတော့တယ်။ ဟင် ခုနင်ကတော့ PUI ဆိုပြီးလွှဲပြီး ခုကျမှ (+) ဖြစ်ပြန်ပြီ လူလိမ်တွေပေါ့။ သူ့ဘာသာ ဘယ်သူဘယ်ဝါကြီးရဲ့ ဘာကြီးဖြစ်နေနေ “လူလိမ်တွေ” လို့ပဲ မြင်သွားကြပါပြီ။

အဲဒါဆို အဲဒီ (+) စစ်ပေးတဲ့ ခင်ဗျားတို့ဆေးရုံကြီးမှာပဲ ကုနေပါရော့လား ဘာလို့ ကျွန်တော်တို့ ကျွန်မတို့ဆီ လာသေးလဲ သွားပါ ပြန်ပါ အဲဒီမှာ ပြန်ကုပါ မရိုးသားလိုက်တာ အပြင်မှာ စစ်ခွင့်ပေးမထားတာကို ဘာလို့ခိုးစစ်လည်း စစ်ပြီးတာဝန်မယူ တကယ်လို့ တာဝန်မယူချင်လို့ လွှဲရင်လည်း (+) လို့ စကတည်းက ပြောရင် တော်သေး ဆိုတဲ့ သူတွေက ဆိုကြပါတယ်။ အနည်းငယ်ဖြေလျော့နိုင်တဲ့သူတွေကတော့ ကဲ အပြင်မှာ စစ်တာ ထားတော့ တရားမဝင်ပါဘူး ဒီမှာပြန်စစ်ပါလို့ ဖျောင်းဖြပြီး အမြန်ဆုံး စစ်ဆေးကာ ကြိုးစားကုပေးကြပါတယ်။ (လူနာသည်လူနာသာ ဖြစ်သည်လို့ ကျွန်တော်ကျွန်မတို့ ခံယူကာ ဒေါသရော မာနပါ ခဝါချ ထားပါတယ်ဆရာ ဆိုတဲ့ သူတို့ စကားကို ကျွန်တော် လေးစားမိပါတယ်)

ကျွန်တော်မြဝတီကို ရန်ကုန်ဆေးရုံကြီးကနေ ပြန်ရောက်တဲ့ ၇၊၁၁၊၂၀၂၀ ကျတော့ မြဝတီမှာလည်း test kit ပြဿနာက ကြိုနေနှင့်ပါပြီ။ ထိုင်းဘက်က စစ်ဆေးလာတဲ့ (+) တွေ ရွှေမြဝတီ Quarantine volunteer Leader ဒေါက်တာစောဌေးမြင့် (ထိုင်းဘက်ရော မြန်မာပြည်ဘက်မှာ နှံ့စပ်သူ) ရှာထားတဲ့ ကျွန်တော်တို့ အစိုးရဘက်နဲ့ထပ်တူ တူတဲ့ RDT စစ်ဆေးမှု (+) တွေကို ကျွန်တော်တို့ ကျန်းမာရေးဌာနဘက်က ပြန်စစ်ပြီးမှ ယူတယ် တစ်ခါတစ်လေ အဖြေတွေ မတူဘူးဆိုတဲ့ အခြင်းအရာကို စရင်ဆိုင်ရပါတယ်။

Technically and administratively ကျွန်တော်ဆုံးဖြတ်ရပါတယ်။ စစ်ဆေးလာတဲ့နေရာတွေဟာ ယုံကြည်စိတ်ချရသူတွေ ဖြစ်တယ်ဆိုရင် အထောက်အထား သေချာပါတယ်ဆိုရင် ထပ်မစစ်ပါနဲ့။ (+) ဆိုပြီး တန်းကုပေးပါ လို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ထိုင်းဘက်ကဆို ကျန်းမာရေးဌာနဲ့ စာရွက်စာတမ်း ပါရင် ရပါပြီ။ ညီစောဌေးမြင့်တို့ကိုလည်း လက်တွဲလုပ်လာတဲ့သူတွေဖြစ် လို့ ယုံကြည်ပေးပါတယ် သေချာတော့ စီစစ်ပေးပါညီ လို့ တောင်းပန်ပြီး စနစ်တစ်ခု စီမံပေးခဲ့ပါတယ်။ တကယ်တော့ ပရဟိတသမားတွေ နှင့် အစိုးရဝန်ထမ်းတွေကြားမှာ ပွတ်တိုက်မှုတွေ မဖြစ်အောင် အမှန်တကယ်ယုံကြည်ရသူလည်း ဖြစ်လို့ မင်းပေါက်စိုးပေါက်ဖြစ်လို့ (ကိုယ်တွေဆိုတာ သူ့အတွက် ပမွှားပါ ကိုယ်တွေ မကပ်နိုင်တဲ့ ပြည်ထောင်စု အဆင့် ပြည်နယ်အဆင့်လူတွေကို သူက အချိန်မရွေးဖုန်းခေါ်နေတာလေ ဒါကြောင့် တစ်ခုခု အဆင်မပြေရင် လူကြီးတွေလည်း စိတ်မညစ်ရအောင်လိုက်လျောပေးတာလည်းပါပါတယ်။ ပြဿနာတက်မှာ အရစ်ခံရမှာတော့ ဆရာဝန်ဖြစ်ကတည်းက ကြောက်ကိုမကြောက်တတ်တာပါ။ သမ္မတရဲ့ ခုံရုံးဖွဲ့ စစ်ဆေးခံရတဲ့ အဖြစ်တောင် ကျော်ဖြတ်လာသူအတွက် ကြောက်တယ်ဆိုတာ မရှိတော့တာပါ။)

အဓိက အချက်ကတော့ စောဌေးမြင့်က တွေ့ကတည်းက အကိုက ကျွန်တော့်ထက် one year senior ပါ ဆိုပြီး အသက်အရွယ်မတိမ်းမယိမ်းပေမယ့် လူရှေ့သူရှေ့မှာ အမြဲ အငယ်တစ်ယောက်လို နေပေးတဲ့ သူ့ရဲ့ (ဟန်ဆောင်သည်ဖြစ်ပါစေ) attitude ကို “ချစ်”လို့ ယုံကြည်လို့ ခွင့်ပြုခဲ့တာပါ။

ဆရာဝန်ချင်းတူပေမယ့် ကျင်လည်တဲ့ အသိုင်းအဝိုင်းမတူတဲ့ ညီတော်မောင် စောဌေးမြင့် ဟာ ပညာရေး သင်ကြားရေး စတဲ့ နေရာတွေမှာ ပါမောက္ခပါ (ပညာသင်ကြားမှုစနစ်ကို သူ့ဆီက ကျွန်တော် လေ့လာသင်ယူရပါမယ်) ကျန်းမာရေးမှာတော့ ဘွဲ့အရ လုပ်ငန်းအတွေ့အကြုံအရ ကျွန်တော် မြင်သလို သိသလို ထပ်တူတော့မသိမမြင် တာ နားလည်ပါတယ်။ တစ်ခါတစ်လေ ညီအကို နှစ်ယောက်တည်းရှိတဲ့အချိန် သူ မရှင်းတာ မကျေနပ်တာကို မေးတတ် တည့်ပြောတတ်ပါတယ် ဒီအကျင့်ကိုချစ်တာပါ။

ကိုဗစ် ပထမလှိုင်းက ကျွန်တော်တို့ (+) အဖြေသိတာနှင့် လူနာရော ထိတွေ့သူတွေကိုပါ အချိန်မရွေး ထဆွဲပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပထမလှိုင်းဟာ ပြည်ပတင်ပို့မှု ပါ။ သိသိချင်း အမြန်ဆုံး ပြည်သူလူထုထဲကနေ ဆွဲထုတ်ရမှာ အရေးအကြီးဆုံးပါ။ ညဘက်တွေ အဖြေထွက်တာနဲ့ လူစုပြီး ခေါ်ထုတ် ထိတွေ့လူ ရှာဖွေကို ညဘက်တွေလုပ်ရတာ လုပ်ထုံးပါပဲ။

ဒုတိယလှိုင်းဆိုတာ “ပြည်တွင်းကူးစက်မှု” ပါ။ ပထမလှိုင်းတုန်းကလို အရေးပေါ် ထလုပ်စရာမလိုတော့ပါဘူး။ ဒုတိယလှိုင်းမှာ ရောဂါဟာ ပြည်သူလူထုထဲရှိနေပါပြီ မင်းလုပ်လို့ မပျံ့ပါစေနှင့် လို့ ဆရာကြီး တစ်ဦးက သင်ကြားဘူးပါတယ်။ အမှန်ဆို ကိုဗစ် ဒုတိယလှိုင်းမှာ လူနာသယ်ယူ ထိတွေ့သူများ သယ်ယူတဲ့ကိစ္စဟာ အလင်းရောင်ကောင်းစွာ ရတဲ့ အချိန်မှာသာ ဖြည်းဖြည်းမှန်မှန် လုပ်ရတော့မှာပါ။

ဒါပေမယ့် မြဝတီက ပရဟိတသမားတွေက ပထမလှိုင်းက စနစ်ကိုပဲ ကျင့်သုံးနေတုန်းပါပဲ။ ကျွန်တော်ယုံကြည်စွာ ခွင့်ပြုထားတဲ့ ပြင်ပစစ်ဆေးရေး ပရဟိတစင်တာမှာ စစ်ချင်သူတွေက သူတို့အလုပ်တွေပြီး ထမင်းစားသောက်ပြီး ညနေစောင်းလေးမှ လာရောက် စစ်ဆေးတတ်တဲ့အခါမျိုး ရှိတတ်ပါတယ်။ နေဝင်ရီတရောမှာ (+) တွေ့ကြ တာပေါ့။ ချက်ချင်း ပရဟိတသမားတွေ ခုန်ထွက်လာပါတယ်။ ထိတွေ့လူနာ ကို ချက်ချင်း ပီးပေါ်တွေ ဖွင့် စုပြီး ကန့်သတ်နေရာတွေကို ပို့ကြပါတော့တယ်။

ကျန်းမာရေး ကျန်းမာရေး ဘယ်ရပ်ကွက်ကလူ (+) ဟေ့ အပိုင်အုပ်ချုပ်ရေးမှူးလာပါ စသည်ဖြင့် ဖြစ်ကြပါတော့တယ်။ နဂိုကတည်းက ကျန်းမာရေးဝန်ထမ်း အင်အားနည်းလို့ တစ်ခြားမြို့နယ်တွေကတောင်လာကူနေရတဲ့ မြဝတီက ဝန်ထမ်းတွေ တစ်နေကုန် နားရက်မရှိ အလုပ်တွေထောင့်စေ့အောင်လုပ်နေရပြီး ညဘက်ထမင်းစားနားပါ့မယ်ဆိုမှ ပရဟိတ အဖွဲ့တွေရဲ့ (+) ထိန်းသိမ်းရေး ချက်ချင်းလာပါဆိုတော့ သူတို့ အသံထွက်လာပါတော့တယ်။ နေ့ခင်းဘက်တော့မစစ်ဘူး (ဘယ်အချိန်စစ်စစ်ပေါ့ ငါတို့ပရဟိတက ၂၄နာရီ ပြည်သူအဆင်ပြေဖို့အဓိက) ခုတော့မနားရတော့ဘူး (နင်တို့က အဆံရတဲ့ဝန်ထမ်းတွေ ငါတို့က ကိုယ့်ထမင်း ကိုယ်စား ပရဟိတသမား ငါတို့တောင်မနားတာ) ကွန်ဖလစ် တွေ ဖစ်ကုန်ရော လို့ ငိုချင်းချရမလိုပါပဲ။

ကျွန်တော်က ဒီကိစ္စကို တာဝန်ယူရပြန်ပါတယ်။ တပည့်တွေကိုပြောဖြစ်ပါတယ်။ သူတို့တွေဟာ အင်မတန်အားကိုးရသူတွေ ငါတို့ရဲ့ အင်အားတွေ သူတို့လုပ်ထုံးလွဲနေရင်တောင် ချက်ချင်းမပြောနဲ့ဦး။ တဖြည်းဖြည်းငါပြုပြင်ယူပါ့မယ်။ ခု ညဘက် အချိန်မတော် ထိတွေ့လူနာ ထွက်ဆွဲရင် ငါ့တပည့်တွေမလိုက်ပါနဲ့ ငါကိုယ်တိုင်လိုက်ပါ့မယ် တဖြည်းဖြည်း ထွေအုပ်ရော ပရဟိတသမားတွေကိုပါ advocacy လုပ်ပါ့မယ်လို့ ကတိပေးပြီး ကိုယ်တိုင်ညတိုင်းနီးပါး ပါဝင်ခဲ့ပါတယ်။ အစိုးရ ပိုက်ဆံစားရသူဆိုတော့မနက်စောစော အလုပ်ရှိလည်းထလုပ် ညလည်း လိုက် အဲဒီမတိုင်ခင် ရန်ကုန်မှာလည်း ပင်ပန်းခဲ့တော့ ကိုယ်ခံအားကျပြီး တစ်ချက် သတိအလစ်မှာ ကျွန်တော်ကိုယ်တိုင် ကိုဗစ် ကူးစက်ခံလိုက်ရပါတယ်။ ပရဟိတ ညီနောင်တွေကိုရော ဌာနဆိုင်ရာတွေကိုရော ဒုတိယလှိုင်းမှာ ဆောင်ရွက်သင့်တဲ့ ပုံစံကို ရှင်းလင်းခွင့်တောင်မရတော့ပဲ ကိုယ့် အသက်ကို ကိုယ်လုရပါတော့တယ်။

(၁၈) ရက်လောက်ဆေးရုံတက်ပြီး ဆင်းလာတော့ မြန်မာပြည်မှာ ဘယ်မြို့နယ်မှာမှ မပေးတဲ့ ပရဟိတကို တရားဝင် နီးပါး RDT စစ်ခွင့်ပြုမိခဲ့တဲ့ ကျွန်တော့် ကြောင့် မြဝတီမှာ အုပ်ချုပ်မှု ပြဿနာတွေက စဖြစ်နေခဲ့ပါပြီ။ (စိတ်မကောင်းဖြစ်မိပါတယ် ဆေးရုံတက်နေစဉ် ဆရာ့ကို လုံးဝအသိမပေးပဲ သူတို့နိုင်တဲ့အားလေးနဲ့ ဖြေရှင်းနေတဲ့ တပည့်တွေကိုလည်း အားနာမိပါတယ်။) တာဝန်ရှိသူတစ်ဦးက တရားဝင်တိုင်ပါတယ် ကျန်းမာရေးက ဝန်ထမ်းတွေ အလုပ်မလုပ်ဘူး ညဘက် ထိတွေ့လူနာတွေထွက်ဆွဲရင် မပေါ်လာဘူးတဲ့။ (ကျွန်တော်ကပဲ တောင်းပန်ပါတယ်လို့ ပြောခဲ့ရပါတယ် အမှန်ဆို ညဘက်မဆွဲတော့ဘူးဆိုတာ ကျွန်တော်က သူတို့ကို ပြောပြခဲ့ရမှာ ခုလို လူသူရှေ့မှ ခင်ဗျားတို့ ညဘက်ဆွဲတာမှားတယ်လို့ ပြော သူလည်း ဘယ် အဆင်ပြေပါတော့မလဲ)

အကိုရေ အကို့ကိုချစ်လို့နော် အကို့တပည့်တွေ အထူးသဖြင့် တစ်ချို့ဆရာဝန်တွေ လုံးဝကန့်လန့်ပဲဗျာ ကျွန်တော်ကတော့ ပစ်ချင်တာလို့ ညီ ကပြောပါတယ်။ ပစ်ချင်ငါ့ကိုပစ်ပါညီ ဒါပေမယ့် မင်းကိုယ်တိုင် ရှေ့တည့်တည့်က ပစ်ပါ။ ငါ့ရင်ထဲ ဝင်သွားတဲ့ ကျည်ဟာ မင်းဆီက ထွက်တာဆိုတာ ငါသိသွားပါရစေလို့ ညီ ကို တစ်နေ့ပြောဖြစ်ဦးမှာပါ။ ခုတော့ညီရာ ငါတောင်းပန်ပါတယ်ပေါ့ ငါ့မျက်နှာကြည့်ပါပေါ့။

ဆေးရုံကဆင်း အိမ်မှာနားရမယ့်ရက်အတွင်း တတ်နိုင်သမျှ ကျွန်တော်မပြတ်သားလို့ ယုံကြည်လို့ လုပ်ငန်းအဆင်ပြေဖို့ ခွင့်ပြုခဲ့တဲ့ ပြင်ပပရဟိတများ သူတို့ test kit နှင့်သူတို့စစ်ရေး မူကို ပြန်လည် ကြိုးစား တည့်မတ်ရပါတော့တယ်။ ပရဟိတ ညီတွေ နှင့် ညှိုနှိုင်းရပါတယ်။ ဆေးရုံမှာ အနံ့ပျောက်တွေကိုနေ့စဉ် မနက် (၁၀)နာရီ အစိုးရဝန်ထမ်းများ ပိုးတွေ့ သို့မဟုတ် သံသယ လူနာနှင့်ထိတွေ့ခဲ့သူများကို နေ့လည် (၂)နာရီ စစ်ပေးမယ်။ ညီတို့ အပင်ပန်းမခံပါနဲ့တော့လို့ ညှိုရပါတယ်။ ဒါတောင် ကျွန်တော်တို့ကိုပဲ ယုံကြည်တယ်ဆိုတဲ့ သူတွေကို တော့ ဆက်စစ်မယ်လို့ ပြောလို့ လတ်တလော လိုက်လျောခဲ့ရပါသေးတယ်။ (ဒီဖြစ်စဉ်အတွက် ကျွန်တော့်မှာ အပြစ်ရှိတယ်ဆို ခံယူဖို့အဆင်သင့်ပါ ပရဟိတညီတွေကတော့ ဒီလိုကိစ္စမျိုး နားလည်မှာ မဟုတ်ပါဘူး ပြည်သူ့အတွက် ဆိုပြီး လုပ်ချင်တဲ့နေရာမှာ လုပ်နေဦးမှာပါပဲ)

မြန်မာပြည် အနှံ့က လူတွေလည်း ဒီဖြစ်စဉ်တွေကို နှိုင်းယှဉ်ကြည့်စေလိုပါတယ်။ မြဝတီမှာ ကျွန်တော် ယုံကြည်ရသည်လို့ ခံယူထားတဲ့ ပြင်ပလူတွေကို RDT စစ်ခွင့် ပေးခဲ့တယ်။ ကိုယ်လည်း အနီးကပ်မရှိရော တစ်နှစ်ပတ်လုံး ချစ်ခင် လုံးထွေးနေခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေ ခပ်စောင်စောင်ဖြစ်ကုန်ကြလေရောပေါ့။ ခု နလံထ လူမိုက်ကြီး က လိုက်လံတောင်းပန် တဲ့အလုပ်ကို လုပ်နေရပါတယ်။ ဒါတွေကို အမျှော်မြင်ကြီးစွာ ပြင်ပခွင့်မပြုတဲ့ လူကြီးများကို လေးစားမိပါတယ်။
ကျွန်တော်က ပြည်သူတွေအကျိုးအတွက်ပဲ ရှေးရှုခဲ့တာပါ။ ဒါပေမယ့် စနစ်တကျ ညှိုနှိုင်းပေါင်းစပ် မှု မရှိရင် ပြဿနာများတတ်တယ်ဆိုတာ သိစေချင်တာပါ။ အားလုံးကိုသင်ခန်းစာယူစေလိုတာပါ။

ခုတော့ လက်တွဲလုပ်ရမယ့် တစ်ချို့သောပရဟိတသမားတွေ နှင့် ကျန်းမာရေးဝန်ထမ်းအချို့တွေ အကြား ရင်ကြားစေ့အောင် လုပ်ရပါဦးမယ်။ တစ်ဘက်က မျက်စောင်း တစ်ဘက်က ကျည်ပြောင်း ဆိုသလိုပါပဲ။ ကျန်းမာရေးဝန်ထမ်းတွေက ပရဟိတသမားတွေကို နားလည်ပေးကြပါ။ ပရဟိတသမားတွေက ကျန်းမာရေး ဝန်ထမ်းတွေကို စာနာပေးကြပါ လို့ တောင်းဆိုပါရစေ။

ဒေါက်တာနန္ဒဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page