ကမ္ဘာ့ပထမဆုံး ကိုဗစ်ကုသဆေးကို ထုတ်လုပ်နိုင်ပြီဟု ပိုလန် ကြေညာ

ကမ္ဘာ့ပထမဆုံး ကိုဗစ်ကုသဆေးကို ထုတ်လုပ်နိုင်ပြီဟု ပိုလန် ကြေညာ

ကိုဗစ်ရောဂါကုသမှုမှာသုံးစွဲနိုင်မယ့် ကမ္ဘာ့ပထမဦးဆုံး ကိုဗစ်ကုသဆေးကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ ပိုလန်နိုင်ငံရဲ့ဇီဝနည်းပညာကုမ္ပဏီဖြစ်တဲ့ Biomed Lublin က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကနဦးသုတေသနလေ့လာမှုအရ ဆေးအာနိသင်ထိရောက်မှုကို အတည်ပြုထားနိုင်ခဲ့ပြီး ဆေးအတွက်စီးပွားဖြစ်မဟုတ်တဲ့ စမ်းသပ်လေ့လာမှုတွေ စတင်သွားဖို့စီစဉ်ထားပြီလို့ ဆိုပါတယ်။

ဒီလေ့လာမှုတွေမှာအဆင်ပြေခဲ့မယ်ဆိုရင်တော့ လာမယ့်လပိုင်းအတွင်းမှာပဲ ပိုလန်နိုင်ငံက ကမ္ဘာမှာ SARS-CoV-2 ဗိုင်းရပ်စ်ကုသမှုအတွက် အစွမ်းထက်ဆေးကိုထုတ်လုပ်နိုင်တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်လာမယ်လို့ ၎င်းကုမ္ပဏီက ဆိုပါတယ်။

ကိုဗစ် ကူးစက်ပြီးပြန်သက်သာသွားသူတွေ၊ ကူးစက်ခံရပေမယ့် ရောဂါလက္ခဏာမပြဘဲသက်သာသွားပြီး လုံး၀ပျောက်ကင်းကျန်းမာသွားသူတွေဆီက သွေးရည်ကြည်နဲ့ ဖော်စပ်ပြုလုပ်ထားတဲ့ဆေးဖြစ်ပြီး anti-SARS-CoV-2 immunoglobulins တွေ ပါရှိကာ SARS-CoV-2 ဗိုင်းရပ်စ်ကို ပျက်ပြားသွားစေမယ့်ပဋိပစ္စည်းတွေလည်းဖြစ်ပါတယ်လို့ Biomed Lublin ရဲ့ဘုတ်အဖွဲ့ဝင် ပီယိုတာဖစ်က ပြောကြားခဲ့ပါတယ်။

Anti-SARS-CoV-2 immunoglobulins ဆေးပုလင်း ၃၀၀၀ကျော်ထိ ထုတ်လုပ်ထားခဲ့ပြီးဖြစ်ကာ လိုအပ်တဲ့အရည်အသွေးစစ်ဆေးမှုပြီးတာနဲ့ လူဘလင်၊ ဘိုင်တွမ်၊ ဘိုင်ယာလီစတော့ခ်နဲ့ ဝါဆောမြို့တွေက စင်တာလေးခုမှာ ဆေးကို စမ်းသပ်ထိုးနှံမှုတွေ ပြုလုပ်သွားမယ်လို့ Biomed Lublinရဲ့ စီအီးအို မာစင်ပီရော့ဂ်က ဆိုပါတယ်။

ဆေးရဲ့အစွမ်းအာနိသင်ထိရောက်မှုကို ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အတည်ပြုထားခဲ့ပြီးဖြစ်ကာ ဆေးမှတ်ပုံတင်နိုင်ရေးအတွက် လူတွေမှာထိုးနှံပြီးလေ့လာတဲ့အဆင့်တွေကို ဆက်လက်လုပ်ဆောင်ကြရဦးမယ်လို့ သိရပါတယ်။ လေ့လာမှုတွေကို အခုနှစ်ကုန်မတိုင်မီမှာပဲ စတင်သွားမှာဖြစ်ပြီး ဆေးဝါးမှတ်ပုံတင်နိုင်ဖို့နဲ့ဖြန့်ချိဖို့အတွက်တော့ လနဲ့ချီပြီးကြာမြင့်သွားဦးမယ်လို့ Biomed Lublinက ဆိုပါတယ်။ “ပြန်ပြီးသက်သာပျောက်ကင်းသွားတဲ့သူတွေဆီက သွေးရည်ကြည်နဲ့Covid-19ကုသမှုကို WHO၊ အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနနဲ့ ပိုလန်ကျန်းမာရေးဝန်ကြီးဌာနတို့က ခွင့်ပြုထားခဲ့ပြီဖြစ်ပါတယ်။

ဒါ့ပြင် ကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေကလည်း ကိုဗစ်ကုသမှုမှာ သွေးရည်ကြည်ကုထုံးကအကျိုးထိရောက်မှုရှိတာကို ထောက်ခံထားကြပါတယ်။ ရောဂါကုသမှုတွေမှာ သွေးရည်ကြည်ကုထုံးကို ဆယ်စုနှစ်များစွာကတည်းက ပညာရှင်တွေက ဘေးကင်းတဲ့ကုထုံးတစ်မျိုးအဖြစ် အသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။

အခု ကိုရိုနာဗိုင်းရပ်စ်ကုသရေးမှာလည်း ဒီသွေးရည်ကြည်အခြေခံတဲ့ဆေးကို အတည်ပြုချက်ရဖို့ သက်ဆိုင်ရာအာဏာပိုင်တွေဆီ လျှောက်ထားခဲ့ပြီးပါပြီ။ လူနာတွေရဲ့အသက်နဲ့ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် တခြားဆေးတွေလိုမျိုးပဲ ဒီဆေးကိုလည်းခွင့်ပြုချက်ရဖို့ အမြန်ဆုံးကြိုးပမ်းဆောင်ရွက်နေကြပါတယ်”လို့ ပိုလန်လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာဂါဇီဂေါ့ဗ်ဇီလက်ဂ်ျက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page