ပဲခူးတွင် ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၁၈ ဦးကို ဖမ်းဆီးထားစဥ် ပိုးစစ်ဆေးရာမှ ၁၃ ဦးတွင် ပိုးတွေ့
ပဲခူးတွင် ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၁၈ ဦးကို ဖမ်းဆီးထားစဥ် ပိုးစစ်ဆေးရာမှ ၁၃ ဦးတွင် ပိုးတွေ့
ပဲခူးမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၁၈ ဦးကို ဖမ်းဆီးထားစဉ် ကိုဗစ်စစ်ဆေးရာ ၁၃ ဦးတွင် ပိုးတွေ့ရှိကြောင်း ပဲခူးခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟက အတည်ပြုပါတယ်။
အဆိုပါ ၁၈ ဦးမှာ ပဲခူးမြို့အမှတ် (၁) ရဲစခန်းနယ်မြေအတွင်း ဖမ်းဆီးရမိသူများဖြစ်ပြီး မြို့နယ်တွင်း ရောဂါကူးစက်မှုမြင့် တက်နေခြင်းကြောင့် ဖမ်းမိသူများကို သီးခြားထား၍ စစ်ဆေးရာတွင် ၁၃ ဦး ပိုးတွေ့ရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။
ညမထွက်ရအမိန့် ဖောက် ဖျက်မှုနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းအလိုက် ဖမ်းဆီးထားသူဦးရေမှာ အမှတ်(၁) စခန်းနယ်မြေတွင် ၁၈ ဦး၊ အမှတ်(၂) စခန်းနယ်မြေတွင် တစ်ဦးနှင့်အမှတ် (၃)စခန်းနယ်မြေတွင် ခြောက်ဦး အသီးသီးရှိပြီး အမှတ် (၁)မှအပ ကျန်စခန်းများတွင် ပိုး မတွေ့ကြောင်း ပဲခူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။
“ညမထွက်ရအမိန့် ဖောက်ဖျက်တဲ့သူတွေကိုတော့ ပညာပေးကာလဖြစ်တာကြောင့် သူတို့ကိုတရားခံအနေနဲ့ မသတ်မှတ်တော့ဘူး။ လက်ရှိမှာ သက်ဆိုင်ရာ ကုသရေးဌာနထံ ပို့ဆောင်ထားပါတယ်”ဟု အထက်ပါတာဝန်ရှိ သူက ရှင်းပြပါတယ်။
ထို့အပြင် ပဲခူးမြို့ အမှတ်(၂)ရဲစခန်းအချုပ်မှ ပြစ်ဒဏ်ကျခံနေရသူ ၂၈ ဦးကို ဒီဇင်ဘာ ၁၂ ရက်တွင် ပထမအကြိမ် စစ်ဆေးရာ ခြောက်ဦးပိုးတွေ့ခဲ့ပြီး ယခုထပ်မံ၍ ဒုတိယအကြိမ် စစ်ဆေးရာတွင် ၁၇ ဦးပိုးတွေ့ရှိခြင်းကြောင့် ပြစ်ဒဏ်ကျအချုပ်သား ၂၃ ဦးအထိ ပိုးတွေ့ရှိထားကြောင်း ခရိုင်ကျန်းမာရေးမှူး ဒေါက်တာ သီဟက ပြောပါတယ်။
“ပိုးတွေ့တဲ့သူအားလုံးက တရားခံတွေဖြစ်နေတော့ ကုသမှုပေးတဲ့အချိန်မှာ သူတို့ကတခြားသူတွေနဲ့ ရောထားလို့မရ ဘူး။ လုံခြုံရေးပိုင်းဆိုင်ရာကအစ စီစဉ်ရတော့ ဒါကိုရဲတပ်ဖွဲ့နဲ့ ညှိ နှိုင်းဆောင်ရွက်ထားပါတယ်’’ဟု ၎င်းက ပြောပါတယ်။
ပဲခူးမြို့နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ တစ်ရက်တည်းတွင် ပိုးတွေ့လူနာ ၆၇ ဦးရှိပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ၃၂ ဦးရှိခဲ့ပါတယ်။
လက်ရှိအခြေအနေတွင် တစ်မြို့နယ်လုံး ပိုးတွေ့လူနာစစ် ဆေးတွေ့ရှိမှုမှာ ၁,၇၈၇ ဦးရှိပြီး ယမန်နေ့အထိ သေဆုံးသူ ၁၁ ဦးရှိကြောင်း ပဲခူးမြို့နယ် ကျန်းမာ ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။