မြန်မာပြည်မှာ ဘုရားတွေက ငွေလိုနေတာလား၊ လူတွေက ငွေလိုနေတာလား
ဘုရားက ငွေလိုနေတာလား..
မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်ချက်စ်ကျောင်း၊ ဘယ်ဗလီက ခုလိုမျိုး ဂိတ်ဖွင့်ပြီး ၀င်ကြေးတောင်းတာမြင်ဘူးလဲ။ နှစ်စဉ် တင်ဒါတွေခေါ် စီးပွားရေး လုပ်ငန်းတွေ လုပ်တာမြင်ဘူးလား။ မရှိလို့ မလှူ မလှူလို့ မရှိဆိုပြီး အသံချဲ့စက်ကြီးနဲ့ အော်အလှူခံနေတာ တွေ့ဘူးလား။ ကျွန်တော်တို့ဘာသာနဲ့ ဘာကွာနေလဲ။ ကျွန်တော်တို့ ဘုရားတွေက ငွေလိုနေလို့လား။
မြန်မာနိုင်ငံမှာရှိတဲ့ တန်းခိုးကြီးဘုရားတွေရဲ့ အလှူခံရရှိငွေတွေက ဘီလျံပေါင်းများစွာရှိပါတယ်။ ရွှေတိဂုံဘုရားဆို မြန်မာကျပ်ငွေ ၅၉ ဘီလျံကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ရှိတယ်။ မန္တလေး မဟာမုနိဘုရားဆိုလည်း ဒီလိုပဲ အများကြီးရှိတာ။ ဒီလောက်များတဲ့ အလှူငွေတွေက ဘာလုပ်မှာလဲ။ ဘာသာ၊ သာသနာအတွက် အခြားနေရာမှာ ခွဲဝေသုံးစွဲတာလည်းမရှိဘူး။ ကိုယ့်နေရာအတွက်လည်း မသုံးကြဘူးဆို ဘာလုပ်ကြမှာလဲ။
ကိုယ့်ဘုရားကိုယ် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားတွေ များများလာချင်စိတ်ရှိအောင် လုပ်ကြဖို့ အဲ့အလှူငွေတွေ မသုံးစွဲသင့်ဘူးလား။ ကျွန်တော်တို့က ဘုန်းကြီးကျောင်းသွားရင်လည်း လှူစရာမပါဘဲ လက်ဗလာနဲ့ မသွားရဲဘူး။ ဘုရားသွားတော့လည်း ပိုက်ဆံမပါဘဲ သွားမရဘူး ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ မြင်တာပဲ။ ဘုရားသွားရင် ကားဆိုင်ကယ်၀င်ကြေးပေးရ၊ ဖိနပ်အပ်ခလည်းပေးရ၊ ရေသပ္ပာယ်လည်းပေးရ၊ အိမ်သာတက်လည်းပေးရ၊ ဘုရားမျက်နှာသစ်တော်ရေကအစ ရောင်းစားကြတာ။ ဘုရားက ငွေလိုနေတာလား လူတွေက ငွေလိုနေတာလား။ ကျော်ကြီး (MDY)
ပုံတွေက မန္တလေးမဟာမြတ်မုနိဘုရား ကားဆိုင်ကယ်များ ၀င်ကြေးကောက်ခံနေပုံပါ (စျေးချိုလူငယ်များအဖွဲ့)