ထိုင်းဘုရင်ကြီး ပွေရှုပ်ခဲ့သမျှ အဖြစ်အပျက်တွေနဲ့ ထိုင်းပြည်သူတွေက နန်းချချင်ရတဲ့ အကြောင်းရင်း

ထိုင်းဘုရင်ကြီး ပွေရှုပ်ခဲ့သမျှ အဖြစ်အပျက်တွေနဲ့ ထိုင်းပြည်သူတွေက နန်းချချင်ရတဲ့ အကြောင်းရင်း

ဒီအကြောင်တွေ သိသွားရင် ထိုင်းပြည်သူတွေအနေနဲ့ သူတို့ရဲ့ ဘုရင်ကြီးကို ဘာကြောင့် နန်းချချင်တာလဲဆိုတာ သိသွားနိုင်ပါတယ်။

သိတဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးများ တားမြစ်ထားပေမယ့်လည်း ထိုင်းဘုရင်မဟာဝိဇယာလောင်ကွန်းကို ထိုင်းပြည်သူတွေက စုရုံးဆန္ဒပြနေကြပါတယ်။ ပြည်သူသန်း ၇၀ ရဲ့ ထိုင်းဘုရင်အပေါ် ကြည်ညိုလေးစားမှု ဘာကြောင့်ပျောက်ဆုံးကုန်သလဲဆိုတာကို ဖြေဖို့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

သက်တော် ၆၈ နှစ် ရှိပြီ ဖြစ်တဲ့ ဘုရင်ဟာ မိန်းကလေးအတွင်းခံစတိုင်ဝတ်ခြင်း ၊ ဖင်ပေါ်အောက်လျှော ဂျင်းဘောင်းဘီနဲ့ တက်တူးအတုတွေလည်း မနည်းမနော ထိုးထားပါတယ်။ အချစ်ရေးကလည်း ရှုပ်လိုက်ပါသေးတယ်။ ဘုရင်ကြီးဟာ လေးယောက်မြောက် ဇနီးထားပြီး ဒီဇနီးရဲ့ ကုမ္ပဏီမှာလည်း သူက ရှယ်ယာတွေ ထည့်ထားပါတယ်။ အရင် မိဖုရားဟောင်းတွေနဲ့လည်း မမြဲကွဲပြဲတဲ့ သတင်းတွေလည်း ထွက်ထားပါတယ်။

နောက်တစ်ချက်က သူ့အချစ်တော် ခွေးကလေး ဖူးဖူးကို ထိုင်းတော်ဝင်လေတပ် ဝတ်စုံဝတ်ပေးပြီး တခမ်းတနားနေရာပေးထားတာ ဖြစ်ပါတယ်။ ဖူးဖူးအတွက် တရားဝင် ညစာစားပွဲတွေမှာ ထိုင်ခုံတစ်နေရာပါ စီစဉ်ထားခိုင်းတတ်သူလည်း ဖြစ်ပါတယ်။ ဘုရင်ကြီးဟာ သူ့အကြံပေးပုဂ္ဂိုလ်များကို သူ့ဆီ ခစားရာမှာ ဒူးညွှတ်ဝပ်တွားပြီးမှ ခစားစေပါတယ်။ သူ့ ရွှေစိတ်တော်နဲ့ မကိုက်သူတွေဆို ခေါင်းတုံးတုံးတတ်တယ်လို့လည်း ဆိုပါတယ်။ တစ်ခါသား သူ့မိဖုရားတစ်ပါးကို မလုံမလဲအဝတ်အစားနဲ့ ခွေးကလေး ဖူးဖူးရဲ့ စားခွက်ထဲက အစားအစာတွေ စားခိုင်းစေခဲ့သူ ဖြစ်ပါတယ်။

သူကိုယ်တိုင်က ပေါင်ဘီလျံ ၃၀ ကြွယ်ဝချမ်းသာပေမယ့် ပြတ်သွားတဲ့ ဇနီးတွေနဲ့ ရတဲ့ သားသမီးတွေကိုတော့ ကျောင်းစရိတ်ပေးဖို့ ငြင်းဆန်ထားသလို အမွေပြတ်စွန့်လွှတ်ထားပါတယ်။ နိုင်ငံတကာမှာ ဘုရင်ကြီးကို ရယ်စရာသဘောထားပြီး မင်းသားပေါတာကြီးအဖြစ် သမုတ်ကြပါတယ်။ ထိုင်းမှာတော့ ဘုရင်စနစ်ဝေဖန်ခြင်းဟာ ကြီးလေးတဲ့ ပြစ်မှုဖြစ်လို့ ဒီလိုမျိုး ဘယ်သူမှတော့ မပြောရဲကြပါဘူး။

ထိုင်းမှာ ဘုရင်မျိုးဆက်ဟာ နတ်ဘုရားတမျှ အဆင့်အတန်းရှိပြီး အကိုးကွယ်အပူဇော်ခံအဖြစ် သတ်မှတ်ထားပါတယ်။ ဘုရင်ကိုဖြစ်စေ ဘုရင်မနဲ့ ထီးမွေနန်းခံ မဆိုထားနဲ့။ ဘုရင်မွေးတဲ့ အိမ်မွေးတိရစ္ဆာန်ကိုပါ ပျက်ရယ်ပြုတဲ့အမှု ကျူးလွန်သူဟာ အနည်းဆုံး ထောင် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

ထိုင်းဘုရင်ကြီး မဟာဝိဇယာလောင်ကွန်းကို ထိုင်းပြည်သူတွေ အလုံးအရင်းအလိုက် ဆန့်ကျင်လာခြင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က စတင်လာခဲ့ပါတယ်။ အားလုံးအခက်တွေ့နေချိန်မှာ ထိုင်းဘုရင်ကြီးဟာ ဂျာမနီနိုင်ငံ ဘာဗာရီးယားက ဇိမ်ခံဟိုတယ်ကြီးမှာ မောင်းမမိဿံ ၂၀ နဲ့ အချိန်ဖြုန်းနေခဲ့ပြီး ဂျာမနီအစိုးရကိုယ်တိုင်က သူတို့ရဲ့ မြေပေါ်မှာ ဆက်ပြီး လက်မခံဖို့အထိ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒိနောက် မဟာဝိဇယာဟာ သူ့အတွက် သီးသန့်စီစဉ်ထားတဲ့ Boeing 737 လေယာဉ်ကြီးစီးပြီး ထိုင်းကို ပြန်လာခဲ့ပါတယ်။ ထိုင်းရောက်ချိန်မှာ လမ်းကြိုလမ်းကြားမကျန် သူ့ကို ပြင်းပြင်းထန်ထန်ဆန္ဒပြတာနဲ့ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်လောက်က ထိုင်းထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တဲ့ ဘုရင်ဟာ ထီးနန်းအရှိန်အဝါ သုံးပြီး စစ်တပ်ကို တိုက်ရိုက်အမိန့်ပေးထိန်းချုပ်ခြင်း ၊ တော်ဝင်ဘဏ္ဍာရံပုံငွေတွေ ကိုယ်ရေးကိုယ်တာသုံးစွဲခြင်းအပြင် နိုင်ငံရပ်ခြားမှာ နေပြီး အုပ်ချုပ်လို့ရအောင်ပါ ထိုင်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ကုလသမဂ္ဂဟာ ထိုင်းဘုရင်စနစ်ကို မဝေဖန်ဖို့ ကန့်သတ်ထားတဲ့ ဥပဒေကို ပြင်ဖို့ တောင်းဆိုခဲ့ပေမယ့် သိပ်မထူးခဲ့ပါဘူး။ ထိုင်းဘုရင် မဟာဝိဇယာအိမ်ပြန်အလာကို လူပေါင်း ၁၀၀၀၀ ကျော်က ဆန္ဒပြရင်း ကြိုဆိုခဲ့ပါတယ်။ ဘန်ကောက်အထိ ချီတက်ရင်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပြင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ မှာ နတ်ရွာစံသွားတဲ့ သူ့ဖခမည်းတော် ဘူမိဘော မလွန်ခင် ၂၀၀၅ ခုနှစ်မှာ သူကိုယ်တိုင်က ပြီးပြည့်စုံသူမဟုတ်လို့ မှားတာတွေကို ဝေဖန်မှာ မကြောက်ဘူးလို့ ပြောခဲ့ပါတယ်။ လွန်ပြီးတဲ့ ဘုရင်ကြီးကို ပြည်သူတွေ ကြည်ညိုသလောက် သူကတော့ ပြည်သူတွေရဲ့ ခါးသီးတဲ့ အမုန်းနဲ့ကန့်ကွက်မှုနဲ့ ကြုံနေတာ ဖြစ်ပါတယ်။

နောက်ကြောင်းကို နည်းနည်း ပြောရမယ်ဆိုရင် ဘုရင်မဟာဝိဇယာဟာ East Sussex မှ Mead School မှာ ကျောင်းတက်ခဲ့သူ ဖြစ်ပြီး ကျောင်းထဲမှာလည်း အနိုင်ကျင့်တတ်သူဖြစ်လို့ လူမုန်းကြတယ်လို့ ဆိုပါတယ်။ အသက် ၁၂ နှစ်ရောက်ပြီ ဖြစ်ပေမယ့် ဖိနပ်ကြိုးကို ကိုယ်တိုင်မချည်ဘဲ ရံရွေတော်တွေက ချည်ပေးရပါတယ်။

မိန်းမမှုပွေလီသူ ဖြစ်ပါတယ်။ ၁၉၇၇ မှာ ဩစတြေးလျ စစ်ကျောင်းတက်ပြီးနောက် နှမဝမ်းကွဲ မင်းသမီး ဆိုအမ်ဆာဝါလီကီတီယာကရာနဲ့ လက်ထပ်ပြီး သမီးတစ်ယောက်ရပါတယ်။ ရုပ်ရှင်မင်းသမီး ယူဗက်ဟီဒါ ပိုပရာဆာ့တ်နဲ့ ရှုပ်ပြီး သားလေးယောက် သမီးတစ်ယောက်မွေးတာကြောင့် ပထမဆုံးအိမ်ထောင်နဲ့ ပျက်ပါတယ်။ ၁၉၉၄ မှာ ပိုပရာဆာ့တ်နဲ့ လက်ထပ်ပြီးနောက် နှစ်နှစ်အကြာမှာ မင်းသမီးပိုပရာဆာတ် ယူကေကို ထွက်ပြေးပါတယ်။ ကလေးစရိတ်ကိုလည်း ဘုရင်ကြီးက မပေးဘဲ အမွေပြတ် စွန့်ပါတယ်။

တတိယဇနီး ဆရီယာဆမီ ဆူဝါဒီး ဟာ ၁၉၉၂ ခုနှစ်ကစလို့ သူ့ထံမှာ ခစားခဲ့တဲ့ အပျိုတော်ပါ။ ၂၀၀၇ မှာ ဖူးဖူး လို့ နာမည်ပေးထားတဲ့ ခွေးဖြူလေးကို ဝယ်ပါတယ်။ ချစ်လွန်းလို့ လေတပ်ဗိုလ်ချုပ်ကြီး ရာထူးပေးပါတယ်။ အမေရိကန်သံအမတ်ကြီး ရက်ဖ်ဘွိုက်စ် ဧည့်ခံပွဲမှာ ဖူးဖူးကို တရားဝင်ဧည့်သည်တော်အဖြစ် နေရာပေးခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဖူးဖူး‌မွေးနေ့ပွဲမှာ မလုံမခြုံအဝတ်အစားနဲ့ ဘုရင့်မိဖုရားဆူဝါဒီးဟာ ကြမ်းပြင်ပေါ် မှောက်လျားထိုးရင်း ဖူးဖူးရဲ့ ခွေးစာတွေ စားနေတဲ့ပုံတွေ ပေါက်ကြားခဲ့ပါတယ်။ ဆူဝါဒီးလည်း မိဖုရားအ‌ဆောင်အယောင်တွေ ရုတ်သိမ်းခံရပြီး သူမရဲ့ မိသားစုဝင်တွေလည်း ထောင်သွင်းအကျဉ်းချခံရပါတယ်။ ၂၀၁၅ မှာ ဖူးဖူးသေတော့ ဘုရင်ဟာ လေးရက်တိုင် စျာပနကို အကြီးအကျယ် ကျင်းပခဲ့ပါတယ်။

ဘုရင့်ရဲ့ စတုတ္ထဇနီး ဆုသီဒါ တစ်ဂျိုင်နဲ့ ၂၀၁၉ မှာ မင်္ဂလာဆောင်ပါတယ်။ လပိုင်းအတွင်းမှာ မိဖုရားဟာ တော်ဝင်ကြင်ယာတော် ဘွဲ့ရခဲ့ပါတယ်။ ၁၉၃၂ နောက်ပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ဘုရင်ခံစနစ်နောက်ပိုင်း ဒီဘွဲ့အပ်နှင်းခံရတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ ဘုရင်ကြီးဟာ သူ့ကို ဝေဖန်သူတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှုနဲ့လည်း ထင်ရှားပါတယ်။

၂၀၁၇ ခုနှစ်မှာ အွန်လိုင်းပေါ်ကနေ ထိုင်းတော်ဝင်မိသားစုအကြောင်း မှတ်ချက်ချသူဟာ ထောင်ဒဏ် ၃၅ နှစ်ချခံခဲ့ရသလို ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ စာတန်းပါ တီရှပ်ဝတ်မိတဲ့လူငယ်လည်း စိတ္တဇဆေးရုံပို့ခံခဲ့ရပါတယ်။ အတော်များများကတော့ လူသူမသိ ပျောက်ကွယ်သွားကြပါတယ်။ ဖေ့ဘုတ်လို လူမှုကွန်ရက်ကြီးလည်း ဖိအားပေးခံရမှုကြောင့် ထိုင်းဘုရင်စနစ်ကို ဝေဖန်တဲ့ လူပေါင်း ၁ သန်းကျော်ရှိတဲ့ ဂရုတစ်ခုကို ပိတ်ချခဲ့ရပါတယ်။

ဖေ့စဘွတ် ကတော့ ထိုင်းအစိုးရကို တရားပြန်စွဲထားပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပါ။ အခုဆိုရင် လမ်းတွေပေါ်မှာ ထိုင်းပြည်သူတွေဟာ ဆန့်ကျင်ဆန္ဒပြနေပါတယ်။ ဘုရင်မဟာဝိဇယာအနေနဲ့ ခပ်လျှိုလျှို‌နေနေရဖို့ရှိပါတယ်။ မဟုတ်ရင်တော့ သူ့ထီးနန်းတောင် ဆုံးရှုံးသွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page