ကျွန်တော်တို့ လုပ်စရာရှိတာ အကုန်လုပ်ထားပေးပါပြီ ဒါပေမယ့်.. (ဆရာဝန်တယောက်ရဲ့ ရင်ဖွင့်သံ)

“ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး”

ကိုယ်တို့ငယ်ငယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြလို့ စိတ်ဆိုးကြလို့ ဆဲရေးတိုင်းထွာကြတဲ့အခါ “သေချင်းဆိုး ကာလနာ မြွေပွေးကိုက်” လို့ ဆဲကြတယ်။ ဘာရယ် မဟုတ်ပါဘူး။ နှုတ်နဲ့ကျိန်ဆဲလိုက်တဲ့ အသုံးအနှုန်းတစ်ခုပေါ့။ အခုတော့ အဲ့ဒါကြီးတွေက ကိုယ်တွေ့မျက်မြင် ကြုံလာရတယ်ဗျ။

သေခြင်းကလည်းဆိုး၊ ကာလနာကလည်းတိုက်၊ မြွေပွေးကလည်းကိုက်၊ ဆိုတဲ့လူနာတွေလေ။ မြွေကိုက်လို့ ဆေးရုံရောက်ပါတယ်ဆိုမှ အဆိပ်ကလည်းတက် ကျောက်ကပ်ကလည်းပျက် ကိုဗစ်ကလည်း ဘယ်တုန်းကတည်းက ရထားတယ် မသိပါဘူး။ အောက်ဆီဂျင်တွေကျ၊ အသက်ရှူရခက်၊ ဆီးဆိပ်တွေမိုးမွှန်၊ မရှူနိုင်မကယ်နိုင် မပေါက်နိုင် မသောက်နိုင်နဲ့ တော်တော်အဖြစ်ဆိုးတဲ့ သေခြင်းတရားပါ။ ကားတိုက်ခံရတယ်။ စစ်ကြည့်လိုက်တော့ ကိုဗစ်။ ဓါးထိုးခံရတယ်။ စစ်လိုက်ပါဦး။ ကိုဗစ်။ ဘာလာလာဒေါင်းတဲ့ ကိုဗစ်ကြီးပါကွယ်။ တစ်ယောက်တည်း နှစ်ယောက်တည်းလည်း မဟုတ်ဘူး။ လူအစုလိုက်အပြုံလိုက်ကို ရောဂါရပြီး ဆေးရုံပေါ်မှာ ကုတင်နေရာမရှိတော့အောင် ဟောတစ်ယောက် ဟောတစ်ယောက် တက်လာတာ။

ဒီလိုအချိန်မျိုးမှာ ဆရာဝန်လာဖြစ်လာရတော့ ကိုယ်တို့မှာလည်း သေချင်စော်နံတာပါပဲ။ တစ်နေ့တစ်နေ့ ကိုယ့်မျက်စိအောက်တင် လူတွေ သေသေနေတာ “ဘယ်လိုခံစားရပါသလဲ။” လာမေးကြည့်ပါလား။ ထက်ထက်မိုးဦးကတောင် ပါးရိုက်တာနှေးလိမ့်ဦးမယ်။ ပျော်လို့ကနေတာ တစ်ယောက်မှ မပါဘူး။ သုဿန်ဝ ဆေးထိုင်ကုနေရတဲ့ ဆရာဝန်မျက်နှာဟာ ရှစ်ခေါက်ချိုး မဟုတ်ရင် မျက်နှာသေကြီးပဲ ဖြစ်စရာ ရှိတယ်။

သို့သော်လည်း အဲ့သည် မျက်နှာထား ရှစ်ခေါက်ချိုးကိုပဲ စပရိန်လိုပြန်ကန်တင်ပြီး “စိတ်မကောင်းပါဘူးနော်။ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ လုပ်စရာရှိတာတွေ အားလုံး လုပ်ပေးထားပြီးပါပြီ။ ဘယ်လိုမှ မတတ်နိုင်လို့ လက်လျော့လိုက်ရပါတယ်။” စသည်ဖြင့် အသက်မရှိတော့တဲ့လူနာရှေ့မှာ အသက်မပါတဲ့စကားတွေကို ဆက်ပြောရပြန်ပါတယ်။ (ရုပ်ရှင်ထဲမှာ အဲ့ဒီစကားပြောနေကျ ကြည်စိုး IC ကြီးတောင် ဒီတစ်ခါတော့ သူအပြောခံရတဲ့ကလှည့် ဖြစ်သွားပါရောလား။) လူနာတစ်ယောက် သေတိုင်းသေတိုင်း ကိုယ့်ဘာသာဆန်းစစ်မိတာက “ငါ ဘာလုပ်ပေးနိုင်ခဲ့သလဲ။ ဘာတွေ လုပ်မပေးနိုင်ဘူးလဲ။ သူ့ရဲ့ Cause of Death ထဲမှာ ကိုယ့်ဆီက မေ့လျော့ပေါ့ဆမှု သိလျက်နဲ့ဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပါမိသလား။” အမြဲပြန်မေးပါတယ်။

ဟိုး အစတုန်းကတော့ လူနာတွေ အောက်စီဂျင် အလုံအလောက်မရလို့ သေကုန်တာပါတဲ့။ အဲ့ဒါနဲ့ ခါတိုင်း ဝါဒ်ထဲမှာ သုံးနေကျ Oxygen Concentrator တွေ ဝယ်လှူတယ်လေ။ တစ်လုံးပြီးတစ်လုံး။ လိုသေးရင် လာဦးမယ်။ သို့သော် မရဘူးတဲ့။ အဲ့ဒါကြီးက အာဏာကုန် 5 liter/min လောက်ပဲ ပေးနိုင်တာ။ မလောက်သေးဘူး။ ပေးဦးပေးဦးဆိုတော့ အောက်စီဂျင် ဆလင်ဒါကြီးတွေ ဘယ်တစ်လုံး ညာတစ်လုံး (Double Sources) နဲ့ ပေးပါ ဖြစ်သွားရော။ အလုပ်သမားတွေ ခါးချိမတတ် တစ်နေ့ အလုံး ၁၀၀-၂၀၀ တင်ကာချကာ သယ်ကြရပါတယ်။

ဒါလည်း မရသေးပါဘူး။ ဆေးရုံထဲတင် Oxygen Plant ကြီးဆောက်လို့ Liquid Oxygen ဆိုတာကြီးနဲ့ ပေးနိုင်အောင် ကြံဆောင်ရပါတယ်။ လူနာဆောင်ကြီးတွေ နေ့မအားညမအား ပြင်ပြီး ပိုက်လိုင်းနဲ့အောက်စီဂျင်ကို အလျဉ်မပြတ်ပေးဖို့ ကြံပါတယ်။ နှာခေါင်းပိုက်နှစ်ပေါက်နဲ့ အသက်ရှူခိုင်း၊ မျက်နှာဖုံးမေးစွပ်ကြီးနဲ့ အသက်ရှူခိုင်း၊ လေလှောင်ပလပ်စတစ်အိပ်ကြီးနဲ့ အသက်ရှူခိုင်း၊ မှောက်ခုံကြီးထား အသက်ရှူခိုင်း။ ဒါလည်းပဲ မရတဲ့လူက မရပါဘူး။ သူ့ကိုက မရှူနိုင်တာ။ လေမဝင်တာ မဟုတ်ဘူး။

သူကမှ မရှူနိုင်တော့လည်း အပြင်ကနေ စက်နဲ့မှုတ်ထည့်ပေးတာပေါ့ကွယ်။ ဘာခက်တာလိုက်လို့။ အဲ့ဒီတော့ Non-invasive Ventilating Support တွေ ထပ်ဝယ်ကြပါတယ်။ HFNC (High Flow Nasal Cannula) တဲ့။ CPap တွေ BiPap တွေ ထပ်ဝယ်ကြပါစို့။ ဒါနဲ့မှ မရရင် အသက်ရှူစက်တပ် Ventilator တင်ကြဖို့ပဲ ရှိတော့တယ်။ အသက်ရှူအထောက်အပံ့နဲ့ပါတ်သက်လာရင် ဘာတစ်ခုမှ မကျန်အောင် လုပ်စရာရှိတာ လုပ်ခဲ့တယ်။ ကျေနပ်ပြီလား ကျေနပ်တယ်။ မသေတော့ဘူးလား။ သေတုန်းပါပဲ။ ကိုယ့်ဘက်က လုပ်စရာ မကျန်ရင် သူ့ဘက်ကလည်း သေစရာပဲ ကျန်တော့တယ်။

ဟုတ်ဘူးလေကွယ်။ ကိုဗစ်ဆိုပေမယ့် သူ့နဂိုရောဂါအခံကလည်း ထကြွလို့ဖြစ်တာ။ မထိန်းဘူးလား။ ထိန်းတာပေါ့။ သမားတော်တွေ မျက်ခြေမပြတ်ကို ကြည့်နေတာ။ ကျောက်ကပ်မကောင်းလို့လား။ ကျောက်ကပ်သမားတော်ရော ကျောက်ကပ်ဆေးတဲ့စက်တွေ ပါရှိတယ်။ ဘာလိုသလဲ ပြောကြည့်ကြည့်။ ဘာမှ လိုလေသေး မရှိဘူး မဟုတ်လား။ လိုတာပေါ့။ အလောင်းထုပ်တဲ့ အိပ်အမည်းကြီးတွေ အများကြီး လိုသေးတယ်။ သေတာက ရပ်မှမရပ်တဲ့ဥစ္စာ။ အပေါ်ကပြောတဲ့ Facility တွေ အကုန်လုံး အပြည့်အစုံ လိုလေသေးမရှိ ပံ့ပိုးပေးတဲ့ ဧရာစင်တာမှာတောင် အခု စာရေးတဲ့အချိန် ၉၆ ယောက် ပြည့်သွားပြီ။ အနာမျိုး ၉၆ ပါးနဲ့ ကွက်တိပဲ။ ဆေးရုံကြီးက ကိန်းဂဏန်းတွေ ပြောရင် ဘာမရှိလို့ ညာမရှိလို့ လွှဲချမှာစိုးလို့။ ဘာမဆို အကုန်ရှိလည်း သေတဲ့လူကတော့ သေတာပါပဲ လို့ ပြောချင်တာ။

ဒေါ်နွယ်ထွန်းကြီးကိုကုတဲ့ Remdesevir ဆိုလည်း ဟိုက Guideline အတိုင်းပေးထားတယ်။ Convalescent Plasma Therapy ဆိုလည်း MMA က ဆရာကြီးတွေ ညွှန်ကြားထားတဲ့အတိုင်းပေးတယ်။ မရတဲ့သူက မရတော့ပါဘူး။ “ကျွန်တော်တို့ လုပ်စရာရှိတာ အကုန်လုပ်ထားပေးပါပြီ။” ညာပြောတာ မဟုတ်ဘူး။ အမှန်အကန်။ နောက်ပြီး ကျန်ရစ်သူ လူနာရှင်ကို အားပေးစကားပြောနေတာလည်း မဟုတ်ဘူး။ လက်လွှတ်လိုက်ရသူ ဆရာဝန်တွေ ကိုယ့်ဘာသာကိုယ် ‌ဖြေသိမ့်နေရတဲ့စကား။ ကိုယ်နဲ့အသိအကျွမ်း အဟောင်းအသစ်တွေကို တစ်နေ့တစ်နေ့ ဒီစကားချည့် ဒိုင်ခံပြောနေရတော့တယ်။ ငါတို့ ဘယ်ဘုံမှာများ ရောက်နေတာများပါလိမ့်ကွယ်။ အပြင်လောကကြည့်တော့လည်း လူတွေ လူတွေ။ သောက်စား ပျော်ပါး ချီးယားစ် ချီးယားစ်။

အဲ့သလောက်တောင် အလောင်းစည်သူဖြစ်နေတဲ့ လေအေးပေးရွက်ဖျင်တဲကြီးထဲမှာ အဖော်မပါ တစ်ယောက်တည်း ရက်ရှည်လများ လာတက်နေရတဲ့ လူနာတွေလည်း သွေးလေ‌ခြောက်ခြားမလာပဲ ဘယ်နေပါ့မလဲကွယ်။ သူတို့မျက်စိထဲ ဆရာဝန် ဆရာမ ဗော်လံတီယာများအပြင် မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတွေကိုလည်း မြင်ကြတွေ့ကြရပါသတဲ့။ မေတ္တာရေ ပက်ဖြန်း အမျှအတမ်းလေး ပေးဝေကြတာပေါ့ကွာ။ ရတနသုတ် ပရိတ်တော်ဆိုတာလည်း ဒီလိုအခါမျိုးမှာ ထွက်ပေါ်လာတာပဲဥစ္စာ။ အောင်မယ်။ သူတို့ကများ တို့တတွေ ဒီလောက် အလုပ်ရှုပ်နေတာတာကို အနားက လာလာကြည့်ပြီး ပြောနေကြသတဲ့။ “လုပ်မနေပါနဲ့။ ရမှာလည်း မဟုတ်ပါဘူး။” ဆိုပဲ။

ငါ့နှယ် ဘယ်ဘက်မျက်စောင်းလှည့်ထိုးရမှန်းမသိ။ Master Chef ထဲက အဒေါ်ကြီး ပြောတဲ့ စော်ကားသလို ခံစားရတယ်။ နင်တို့ သတ္တိရှိရင် ငါ ကြားအောင် ပြောကြပါလား။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ ဒီကောင်တွေ ငါရောက်လာတာနဲ့ နေလာနှင်းပျောက် ပျောက်သွားမယ့် စူပါပါဝါတွေ လိုချင်တာနဲ့ ကိုယ်လည်း ဘုန်းကြီးရဟန်း ပဌာန်းပရိတ်တွေနာပြီး တတ်နိုင်သမျှ သီလလုံအောင်နေတယ်။ ဟိုအသံဒီအသံ လာမပေးလေနဲ့။ မိုးဟေကို မျက်ခုံးတွန့်ကြီးနဲ့ “တိတ်စမ်း” လို့ တစ်ခွန်းတည်း အော်ပလိုက်မယ်။ ဘာမှတ်လဲ။ ပုံဆိုးပန်းဆိုးကြီးတွေနဲ့တော့ တက်မလာလေနဲ့။ ဒေါက်တာစိုးက ကိုရီးယားကားထဲကလို စကင်းနီးဂျင်းအနက်ကလေးဝတ်ပြီး ပခုံးပေါ် တောင်ပံအနက်ကလေး တပ်လာရမလား။ Brat Pit ကြီး ငယ်ငယ်တုန်းကလို နေကာမျက်မှန်အနက်ကလေးနဲ့ လောင်းကုတ်အနက်ကြီး ဝတ်လာခဲ့ရမလား ပြောကြည့်လိုက်။ မြင်ရင် ကြွေသွားမယ်။ နင်မြင်ရင် ကြွေသွားမယ်။

တကယ်တော့ ကပ်ရောဂါဆိုတာ အခုမှပေါ်တဲ့ အသစ်အဆန်း မဟုတ်ပါဘူး။ ဘုရားလက်ထက်ကတည်းက ကပ်ရောဂါဘေးကလွတ်အောင် အဖေမခေါ် မအေမခေါ် တံခါးပေါက်က မထွက်ပဲ အိမ်နံရံကို ဖောက်ပြေးရတယ်ဆိုတဲ့ ဃောသကဇာတ်တော် ဖတ်ဖူးတယ် မဟုတ်လား။ စစ်အတွင်းတုန်းကလည်း ကာလဝမ်းရောဂါတွေဖြစ် ကျောက်ရောဂါတွေဖြစ်ကြတယ် လို့ အဖိုးတွေအဖွားတွေ ပြောဖူးတယ်။ အဲ့ဒီတုန်းကလည်း အလောင်းချင်းထပ်ကုန်လို့ မသင်္ဂြိုလ်နိုင်ပဲ သုဿန်မှာ သည်အတိုင်း ဖျာလိပ်နဲ့ပတ်ပစ်ခဲ့ရတယ် လို့ ပြောကြတယ်။ ကိုယ်တို့ခေတ်မှာတော့ အဆာတွေကျယ်ပြီး အလုပ်တွေ ပိုတာပေါ့ကွယ်။ အပြီးသတ်ရလပ်ကတော့ တယ် မထူးပါဘူး။ သို့သော်ငြား လူသားပီပီသသ လူ့အဆင့်အတန်းကလေးနဲ့ ဘဝကူးကြတာပေါ့။

ဘယ်အရာမှ အမြဲမရှိပါဘူး။ ဒါကြီးလည်း အချိန်တန်ရင် ပြီးကိုပြီးသွားရမယ့် ကိစ္စ။ အဆုံးသတ်ကျတော့ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ကျန်ရင် တော်ရောပေါ့။ ကျန်ချင်တယ် မဟုတ်လား။ ကျန်ချင်ရင် ချန်ထားမှရမယ်။ အသက်ကို ဉာဏ်စောင့်သတဲ့။ ကိုယ့်ကိုယ်ကိုယ် ရောဂါမကူးအောင်နေလေ။ ကိုယ်ချစ်တဲ့သူတွေ ရောဂါမကူးအောင် ကာကွယ်လေ။ ဘယ်လိုကူးမှန်းလည်းသိတယ်။ မကူးအောင် ဘယ်လိုနေရမှန်းလည်း သိတယ် မဟုတ်လား။ တိတိကျကျသာ လိုက်နာ။ ကျွန်တော့်အချစ် ဈေးမဆစ်နဲ့။

သူများအသက်နဲ့သေရတာဆိုတော့ တောပြောတောင်ပြော ပြောနိုင်တာပေါ့လေ။ ကိုယ်ကိုယ်တိုင် သေခြင်းတရားနဲ့ ကြုံလာရင်ကော ဘယ်လိုတွေတောင် တုန်လှုပ်‌ခြောက်ခြားဦးမလဲ တွေးကြည့်ပါသေးတယ်။ ကြုံပြီးပြီလေ။ ချောင်းသာမှာ ရေနက်ထဲ မျောပါသွားတုန်းက ကိုယ့်ကိုယ်ကိုယ် သေပြီလို့ စိတ်ထဲမှာ မှတ်လိုက်ဘူးတယ်။ ငါ ရေနစ်ပြီး သေတော့မယ်။ ဘာလုပ်မလဲ။ သေတာရှင်တာ ကံတရားလေ။ ခေါင်းအေးအေးထားပြီး ရေထဲကို မြုတ်မသွားအောင်နေတယ်။ ကြောက်အားလန့်အား ကူးမနေဘူး။ ခေါင်းပေါ်လာရင် အသက်ရှူထားတယ်။ ရေမြုတ်သွားရင် အသက်အောင့်ထားတယ်။ သေခြင်းတရားဆိုတာ အခုမကြုံလည်း နောက်ကြုံကိုကြုံလာရဦးမယ့်ကိစ္စ။ ရေထဲမှာမနစ်လည်း ကုန်းပေါ်မှာ အသက်ရှူမရပဲ နစ်လာရဦးမှာ။ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုကို တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ရမှာပဲ။ အဆိုးဆုံးဝေဒနာတွေဖြစ်လာရင်တောင် အချိန်ပိုင်းကလေးပဲ။ အချိန်ပိုင်းကလေးပဲ။ ကိုယ်ရှင်သန်ခဲ့တဲ့ ကာလနဲ့စာရင် မပြောပလောက်သော အချိန်ပိုင်းကလေးမျှသာပဲ။

တဏှာလက်သမားကို လက်စမသတ်နိုင်သေးတော့ ဟိုတဘက်ကမ်းမှာ ခန္ဓာအိမ်အသစ်တစ်ခု ရလာလိမ့်ဦးမယ်။ ဘယ်လိုအိမ်မျိုး ရလာမှာလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲ့သည်အတွက်လည်း အပူတွေ အကြွေးတွေ ကင်းအောင် ပြင်ဆင်ထားပြီးသားပဲဟာ။ ခုဘဝမှာ ခွဲခွာသွားနှင့်ပြီးသူတွေနဲ့ ပြန်လည်လို့ ဆုံတွေ့ခွင့်ရနိုင်မယ်။ ချန်ရစ်သူ ကျန်ရစ်သူတွေလည်း သူ့အချိန်ကျတော့ လိုက်လာကြလိမ့်မယ်။ ပြန်တွေ့တဲ့အခါ မှတ်မိချင်လည်း မှတ်မိတယ်။ မေ့ချင်လည်း မေ့သွားကြမယ်။ ကိုယ်ကတော့ မမှတ်မိမှာစိုးလို့ ‌ခြေမှာလက်မှာ အမှတ်ကလေးတွေ တို့မပေးလိုက်ပါဘူး။ ရင်ထဲမှာ စွဲကျန်ရစ်အောင် ချစ်ခြင်းမေတ္တာတွေပဲ အပြည့်ထည့်ပေးလိုက်တယ်။ ဒါမှလည်း မျက်နှာမြင်တာနဲ့ ချစ်ခင်စိတ်တွေ ဖြစ်ပေါ်လာမယ် မဟုတ်လား။

မီးခွက်အဟောင်းကနေ မီးခွက်အသစ်ကို မီးညွန့်ကလေးကူးသွားဖို့အတွက် ကိုယ့်မှာ နောက်ဆံတင်းစရာ ကြောက်စရာ ဘာမှမရှိပါဘူး။ ဖြစ်ခဲ့ပြီးသမျှလည်းကျေနပ်တယ်။ နောင်ဖြစ်လာသမျှကိုလည်း လက်ခံနိုင်တယ်။ ပြောစရာရှိတဲ့စကားကိုလည်း မချွင်းမချန် ပြောထားရစ်ခဲ့ပြီ။ လုပ်စရာရှိတဲ့အလုပ်ကိုလည်း အကြွေးမထား လုပ်ခဲ့ပြီးသွားပြီ။ “There’s no hurry anymore when all is said and done.” တဲ့။ ငြင်သာငြိမ့်ငြောင်းမယ် လို့ ယုံကြည်ပါတယ်။

Soe Min

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page