တရုတ် (သို့မဟုတ်) အိမ်သာထဲက လိမ္မော်သီး (ပေါက်ဖော်ကို အလွန်အားကိုးချင်သူများ ဖတ်ဖို့)

“တရုတ် သို့မဟုတ် အိမ်သာထဲက လိမ္မော်သီး”

ကျနော်ဒီနေ့ ရုံးက အိမ်သာတံခါးကို ဖွင့်လိုက်တော့ လိမ္မော်သီးတလုံးကို စက္ကူပုံးပေါ်မှာ တွေ့တယ်။ ဘယ်သူက ဘာလို့ အိမ်သာထဲ ယူလာသလဲ။ မေ့သွားတာလား။ တမင်ထားခဲ့တာလား။ တွေးစရာတွေက များသား။ ဒါပေမယ့် ထပ်မတွေးတော့ပဲ အခန်းထဲက ထွက်ခဲ့တယ်။ ငါ အခုအချိန်မှာ ငတ်ပြတ်ဆာလောင်နေရင်တော့ ဒီ လိမ္မော်သီးကို စားမှာပဲလို့ ကမန်းကတမ်း တွေးလိုက်မိသေးတယ်။

ဒီရက်ပိုင်း သတင်းတွေမှာ တရုတ်သမ္မတ မြန်မာပြည်လာမယ့် သတင်းတွေ လျှံနေတယ်။ ကိုယ့်ဌာနအတွင်းက လူတွေ တင်ပြတာပြောမလား၊ တခြား သတင်းဌာနတွေက ဖေါ်ပြတာတွေ ကြည့်မလား။ တရုတ်အစိုးရ အာဘော် မီဒီယာတွေက တိုက်ရိုက်ဖြန့်တာတွေရော တရုတ်ပေးတဲ့ အရိုးအရင်းကို ကိုက်ပြီး မစားရဝမခန်း ဝါဒဖြန့်ပေးနေတဲ့ တခြား မီဒီယာတွေက ပြောဆိုရေးသား နေကြတာတွေရော။ မိိုးဦးကျထွက်လာတဲ့ မှိုတွေလို အုံကျင်းဖွဲ့လို့။ ရှီကျင်းပင်လာမှာကို ဘိုးဘိုးအောင် လာတော့မယ့် အတိုင်း ဒါမှမဟုတ် တခါမှ မမြင်ဖူးတဲ့ ယောက်ခမ က တသက်စားမကုန်တဲ့ အမွေလာပေးတော့မယ့်အတိုင်း ပျော်နေကြတဲ့ သူတွေကလည်း အများသား။ အဲဒီ လူတွေထဲမှာ အရင် အစိုးရလက်ထက်က လူတချို့နဲ့ အခု အစိုးရလက်အောက်ခံ လူတချို့လည်းပါတယ်။ တချို့လည်း တရုတ်အစိုးရ အကုန်အကျခံခေါ်ပြီး ကျွေးလိုက်တဲ့ ဘဲကင်ကိုစား၊ မဟာတံတိုင်းကို တခေါက်လောက် သွားလည်လိုက်ရတာနဲ့ တရုတ်သူဌေး တယောက်ယောက်ကို ယူချင်စိတ် ဒါမှမဟုတ် ကိုယ့်ညီမနဲ့ ပေးစားချင်စိတ်ပေါက်နေသလား ထင်ရတယ်။

တကယ်တော့ ကမ္ဘာပေါ်မှာ ဘယ်အစိုးရမှ ကိုယ့်အကျိုးမရှိတဲ့အလုပ် ဒါမှမဟုတ် အကျိုးမရှိဖူး ထင်တဲ့ အလုပ် မလုပ်ပါဘူး။ တိုင်းပြည်ပိုက်ဆံလေ။ အကျိုးအကြောင်း ရှိမှ ဘတ်ဂျက်ချပေးတာ။ အာဏာရှိတယ်ဆိုပြီး ထင်ရာမြင်ရာ လျှောက်လုပ်တဲ့ အာဏာရှင်အစိုးရတွေကလွဲလို့ သေချာမှ လုပ်ကြတာချည်းပဲ။ အခုလည်း ရှီကျင်းပင် ကျောက်ဖြူစီမံကိန်းကို ကြိုးချည်ဖို့ အဓိကလာတာ လူတိုင်းသိနေကြတာပဲဟာ။ အဲဒါကို စင်္ကာပူထက် နေ့ချင်း ညချင်း ကြီးပွားတော့မယောင်၊ တရုတ်ပြည်ကနေ မန္တလေးဖြတ်ပြီး ကျောက်ဖြူကို ကားလမ်းနဲ့ ရထားလမ်း ဖေါက်ပြီးရင် မြန်မာတွေ ငွေကိုမီးလှုံကြရတော့မယ့်အလား ပြောနေကြတဲ့ ဘဲကင်စား လူတန်းစားတွေက တမျိုး။ အပေါ်က လူကြီး မျက်နှာလိုက်ကြည့်ပြီး မျက်နှာလို မျက်နှာရ တရုတ်ကို အဆိုးမမြင်ကြနဲ့လို့ အာဘောင်အာရင်း သန်သန်နဲ့ ကိုယ့်ကိုကိုယ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတဲ့ ဂိုက် ဖမ်းနေတဲ့ လူတွေက တဖုံ။

တရုတ်နဲ့ မပေါင်းနဲ့လို့ ကျနော်ပြောတာ မဟုတ်ပါဘူး။ ပေါင်းရမှာပါပဲ။ ကျောက်ဖြူစီမံကိန်းကနေ တစုံတရာ အကျိုးရှိမယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချင့်ချင့်ချိန်ချိန် ဝမ်းသာကြဖို့နဲ့ ကိုယ်ရနိုင်သမျှ ရအောင် ယူတတ်ဖို့လည်း လိုပါလိမ့်မယ်။ တကယ်တော့ ဒီ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း ဟာ မူလအစီအစဉ်အရဆိုရင် သီရီလင်္ကာက ဟမ်ဘန်တိုတာဆိပ်ကမ်းလို ကြွေးတင်ကျွန်ဖြစ်မယ့် စီမံကိန်းပါ။ အချိန်မီ လျှော့ချလိုက်နိုင်လို့ သက်သာသွားတာ။ အဲဒီလို မပြင်နိုင်ခင်မှာ ဇွတ်တွန်းခဲ့ကြသူတွေ ခြောက်လှန့်ခဲ့သူတွေ တပုံတပင်။ တရုတ်အစိုးရအာဘော် သတင်းစာတစောင်မှာ သဘောတူပြီးသား စာချုပ်တခုကို ဖျက်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဘယ်သူမှ စီးပွားရေးလုပ်တော့မှာ မဟုတ်ဖူးလို့ ဖေါ်ပြခဲ့ပါတယ်။

အံ့သြစရာကောင်းတာက တရုတ်နဲ့ ပေါင်းဖို့ ဇွတ်တွန်းနေတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရပေမယ့် ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်တယ်လို့ ထောက်ပြသတိပေးတဲ့ အသံတွေ တိုးနေခြင်းပါပဲ။

ကျနော် ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံခြားရေးဌာန အရာရှိတဦးနဲ့ စကားလက်ဆုံကြဖူးတယ်။ မြန်မာပြည်ကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် လွှတ်တော်အမတ်တချို့ ဆောင်ရွက်ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး သူက အမေရိကန်တွေ အဲဒီလိုလုပ်တာဟာ ကျနော်တို့ကို တရုတ်ရင်ခွင်ထဲ ထိုးထည့်နေတာပဲလို့ ပြောတယ်။

မကြာခင်ကပဲ ကရင်တော်လှန်ရေးခေါင်းဆောင်တဦးက ကျနော့်ကို ပြောတယ်။ ရွှေကုက္ကိုမြို့သစ်ဟာ ကျနော်တို့ ကရင် မိန်းကလေးတွေ ပျက်စီးနိုင်တယ်တဲ့။

ဒီနေ့ပဲ လုပ်ဖေါ်ကိုင်ဖက်တဦးက ပြောသေးတယ်။ မဒေးကျွန်းမှာ မြန်မာ အမျိုးသမီးတွေ တရုတ်တွေရဲ့ လပေး မယားဖြစ်နေကြတယ်တဲ့။ ပညာရှိတွေ ဒီအကြောင်းမသိကြတာလား။ သိရင်ကော ဒါမျိုးဆိုတာ သဘာဝပဲလို့ အလွယ်ပြောကြမှာလား။ မြန်မာ မိန်းကလေးတွေ တရုတ်မယားအဖြစ် သားဖေါက်ဖို့ ရောင်းစားခံနေရတာကော။

ကချင်ပြည်နယ်နဲ့ ဝဒေသက စျေးကြီးလှတဲ့ ရှားပါးသတ္တု (Rare Earth) တွေကို တရုတ် ကုမ္ပဏီတွေက ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ခိုးတူး၊ တရုတ်ပြည်ကို တရားမဝင် ခိုးသွင်းနေတာတွေကို တရုတ်အစိုးရ မသိဖူးလို့ ထင်ကြလား ကိုယ့်လူတို့။ အရေးယူတာကြားရင် ကျနော်တို့ ပြောကြပါဦး။ သတင်းလွှင့်ရအောင်။

နောက်ပြီး ဆွေမျိုးပေါက်ဖေါ်ခေါ်ပြီး ပြေးဖက်ရအောင်လည်း လက်တွေ့မှာ တစ်ရှူးငှက်ပျောနဲ့ ဖရဲခင်းတွေ မုံရွာကြေးစင်တောင် လုပ်ငန်းတွေကနေ ကျနော်တို့ လူထု ဘယ်လောက် အကျိုးရှိနေပြီလဲဆိုတာလည်း တိုက်ပုံဝတ် ပုဝါချနေသူတွေ သွားကြည့်ကြပါဦး။ မနေ့ကတင် သတ္ထုတွင်းကြောင့် မြေအောက်ရေပျက်ပြီး သောက်ရေ သုံးရေ အခက်တွေ့တဲ့ ရွာသားတွေ ထအော်ကြသေးတယ်။ အစီရင်ခံစာကော ဘယ်လောက် အကောင်အထည် ဖေါ်နိုင်ပြီလဲ။

ငယ်ငယ်ကဖတ်ဖူးတဲ့ ဆရာသော်တာဆွေ ရဲ့ ဝတ္ထုတပုဒ်ကို သတိရတယ်။ တော်လှန်ရေးသမားတဦးက ဖက်ဆစ်ဆန့်ကျင်ဖို့ အိန္ဒိယမှာ အင်္ဂလိပ်တွေပေးတဲ့ သင်တန်းကို သွားတက်တယ်။ ပြီးတော့ သူတို့ လူတစု လေထီးနဲ့ မြန်မာပြည်တနေရာကို ဆင်းတယ်။ အဲဒီနားက ရွာမှာ အင်္ဂလိပ် စစ်သုံ့ပန်းတွေကို ဂျပန်က လေယာဉ်ကွင်းဆောက်လုပ်ရေးအတွက် ရိုက်နှက် ခိုင်းစေနေတယ်။ အတိုချုပ်ပြောရရင် စခန်းက ဂျပန်တွေကိုသတ်ပြီး သုံ့ပန်းတွေကို လေယာဉ်တွေနဲ့ မဟာမိတ်တွေ ကယ်နိုင်ခဲ့တယ်။ သူလည်း အိန္ဒိယကို ပြန်ပါသွားတယ်။ အင်္ဂလိပ် ထံက ဆုတွေရတယ်။ ဒါပေမယ့် စစ်ပြီးလို့ အိမ်ထောင်ပြုတော့မယ်ဆိုပြီး ရွာပြန်သွားတော့ သူ့ရည်းစားက ယောက်ကျင်္ားနဲ့ ကလေးတောင် ရနေပြီ။

သူ့အပေါ်သစ္စာရှိချင်ပေမယ့် ဂျပန် ရန်ကြောက်လို့ အမေပေးစားတဲ့ တခြားသူကို ယူလိုက်ရပြီတဲ့။ အဲဒါနဲ့ သူ ဂျပန်လေယာဉ်ကွင်းဆောက်တဲ့ ရွာကို ပြန်သွားတယ်။ အဲဒီရွာက သူကြီးအိမ်မှာ ဆွေမျိုးအဖြစ် ဟန်ဆောင် နေခဲ့စဉ်မှာ သူကြီး သမီးလေးက သူ့ကို တိတ်တခိုးကြိုက်နေခဲ့တာကိုး။ ရွာသားတွေက ပြောတယ်။ ခင်ဗျားတို့ အဲဒီညက လေယာဉ်ပျံတွေနဲ့ ပြန်သွားကြပြီး နောက်တနေ့မှာပဲ တခြားရွာက ဂျပန်စစ်တပ်ရောက်လာပြီး ခင်ဗျားတည်းခိုခဲ့တဲ့ သူကြီး မိသားစုတစုလုံးကို လှံစွပ်နဲ့ ထိုးသတ်သွားခဲ့တယ်။ ကလေးမလေးက ခင်ဗျား နံမည်ကို ခေါ်ရင်း သေသွားတယ်တဲ့။ အဲဒီမှာ တော်လှန်ရေးသမားက အရက်သမားဖြစ်၊ နောက် မူးရင်းကားမောင်းလို့ ကားချင်းတိုက် ဆေးရုံရောက်ပြီး ဆရာသော်တာဆွေနဲ့တွေ့တဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။

ကျနော် ပြောချင်တာကတော့ တချို့ကိစ္စတွေမှာ ကိုယ်က အနိုင်ရပြီ ဆိုပြီး သိပ်ပျော်မနေပါနဲ့။ အဲဒီ အချိန်မှာ ကိုယ့်ရည်းစား သူများနဲ့ ညားနေတာကို ဒါမှမဟုတ် ကိုယ့်ကြောင့် တခြားလူတယောက် အသက်ပေးလိုက်ရတာကို နောက်ကျမှ သိရတတ်ပါတယ်။

တကယ်တော့ တရုတ်နဲ့ပေါင်းရင်ကောင်းမယ်လို့ မျက်စိမှိတ် ပြောနေကြသူ အများစုဟာ တရုတ်နဲ့ပေါင်းလို့ နောင်တချိန်မှာ တိုင်းပြည်ဒုက္ခရောက်ခဲ့မယ် ဆိုရင် သူတို့ကို အပြစ်တင်ဖို့တောင် ရှာလို့ ရမှာ မဟုတ်ပါဘူး။ အဲဒီ အချိန်မှာ သူတို့အားလုံး သေကုန်လောက်ပါပြီ။ သက်သေလုပ်မယ့် ကျနော်တို့လည်း ရှိတော့မှာ မဟုတ်ပါ။ အဲဒီကာလမှာ ခါးစည်းခံကြရမှာက မျိုးဆက်သစ်တွေ။ နောက်လာနောင်သားတွေ အတွက်လည်း ထည့်တွက်ပြီး ချင့်ချင့်ချိန်ချိန် ပြောဆိုလုပ်ကိုင်ကြပါ သုခမိန်အပေါင်းတို့။

ကျနော့်အမြင်အရဆိုရင်တော့ တရုတ်ဟာ အိမ်သာထဲမှာ တွေ့ရတဲ့ လိမ္မော်သီးပါ။ မလွဲသာလို့ စားရမယ်ဆိုရင်တောင် တတ်နိုင်သမျှ ရေစင်စင်ဆေးဖို့တော့ လိုပါလိမ့်မယ်။ ဟုတ်ကဲ့ လက်ရှိမြန်မာပြည်ရဲ့ အခြေအနေကတော့ မလွဲသာတဲ့ အခြေအနေမျိုးပါပဲ။

(ဒီစာဟာ လွတ်လပ်တဲ့ အာရှအသံရဲ့ အာဘော် မဟုတ်သလို အသံလွှင့်တဲ့ ဆောင်းပါးလည်း မဟုတ်ပါ။ ကျနော်ရဲ့ ကိုယ်ပိုင်ခံစားချက်သာ ဖြစ်ပါတယ်။)

ခင်မင်စွာ
ခင်မောင်စိုး
၂၀၂၀ ဇန်နဝါရီ ၁၆

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page