ဖားကန့်မှာ နောက်ထပ် ကျောက်စိမ်းတုံးကြီး ထပ်မံတွေ့ရှိ၊ နိုင်ငံတော်ကို အပ်မည်ဟုဆို

ဖားကန့်မှာ နောက်ထပ် ကျောက်စိမ်းတုံးကြီး ထပ်မံတွေ့ရှိ၊ နိုင်ငံတော်ကို အပ်မည်ဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တစ်ခုကနေ အရွယ်အစားကြီးမားတဲ့ ကျောက်စိမ်းရိုင်းတုံးတစ်တုံး အောက်တိုဘာ ၁၆ ရက်က ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံနဲ့ ဖားပြင် ကျေးရွာကြား မက်လင်ချောင် မျောချောင်း ကျောက်စိမ်းလုပ်ကွက်တစ်ခုကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖားပြင်ကျေးရွာ ရပ်မိ/ရပ်ဖ ဦးနော်တောင်က ပြောပါတယ်။

အခုတော့ ကျောက်စိမ်တုံးကို ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း) ကို ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်ပြီး သယ်ဆောင်သွားခဲ့ပြီဖြစ်ပြီး နိုင်ငံတော်ကို အပ်နှံသွားမှာဖြစ်ပါတယ်။

ဒီကျောက်စိမ်းတုံးကို ရေမဆေးကျောက်ရှာဖွေတူးဖော်နေသူတွေက အောက်တိုဘာ(၁၆)ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရွံ့နွံတွေကြား သယ်ထုတ်ဖို့ အခက်အခဲဖြစ်နေရာကနေ လှည့်ကင်းလုံခြုံရေးရဲတပ်ဖွဲ့က တွေ့ရှိ သိမ်းဆည်းခဲ့တာလို့ ကျောက်စတင်တွေ့ရှိခဲ့သူ ကိုကျော်စိုးနိုင်က ပြောပါတယ်။

အခုတော့ ဒီကျောက်စိမ်းတုံးကို တန်ဖိုးဖြတ်အဖွဲ့က စိစစ်တန်ဖိုးဖြတ်ဖို့ရှိပြီး ကျောက်တွေ့သူနဲ့ ရေမဆေးသမားတွေကို ဆုကြေးပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ဝှေခါမှော်မှာ တွေ့ရှိခဲ့တဲ့ကျောက်စိမ်းရိုင်းတုံးကတော့ သက်တမ်းနုပြီး ကျောက်မျိုးမမှန်ဘူးလို့ ပြောကြားထားကြပေမယ့် အခုထပ်တွေ့တဲ့ ကျောက်စိမ်းရိုင်းတုံးကတော့ သက်တမ်းရင့်တယ်လို့ ဒေသခံ‌ရေမဆေးသမားတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page