ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူတွေ သေကြပြန်ပြီ (အသက် ၁၇ နှစ် လူငယ်လေးတယောက် ပါသွားပါတယ်)
ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူတွေ သေကြပြန်ပြီ (အသက် ၁၇ နှစ် လူငယ်လေးတယောက် ပါသွားပါတယ်)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနားက မြန်မာသူရကျောက်မျက် ကုမ္ဗဏီလုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျခဲ့တဲ့အတွက် သုံးယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။
“အဲ့ဒီမှာ ဖြစ်တဲ့နေရာမှာ သုံးယောက်ကတော့ သေသွားတယ်။ နှစ်ယောက်ကတော့ ဖားကန့်ဆေးရုံကို ပို့ထားရပါတယ်။ ဆေးရုံရောက်တဲ့နှစ်ယောက်ကတော့ တစ်ယောက်က ခြေထောက်ကျိုးသွားတယ် နောက်တစ်ယောက်ကတော့ ခေါင်းပေါက်သွားပါတယ်။” လို့ ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတိုးမိုင်က ပြောပါတယ်။
မြေစာပုံပြိုကျမှုက ဒီနေ့ ဒီဇင်ဘာလ (၁၅) ရက် မနက်အစောပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အမြင့်ပေ ၁၅၀ အကျယ်ပေ ၂၀ ရှိတဲ့ မြေစာပုံပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲက အငယ်ဆုံးမှာ အသက်(၁၇) နှစ်အရွယ်နဲ့အကြီးဆုံးမှာ အသက်(၄၀) ကျော်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်မြို့ ရတနာမြေမှာ မြေစာပုံ ပြိုကျတာတွေကြောင့် မကြာခဏ လူသေဆုံးတာတွေ ရှိနေတာတွေဖြစ်နေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့ကလည်း ဝှေခါမှော် မြေပြိုကျမှုကြောင့် သေဆုံးသူ နှစ်ရာနီးပါး ရှိခဲ့ပါတယ်။