အမေရိကန်တနိုင်ငံလုံးကို ကိုဗစ်ကာကွယ်ဆေးတွေ စတင်ဖြန့်ဖြူးနေပြီ
အမေရိကန်တနိုင်ငံလုံးကို ကိုဗစ်ကာကွယ်ဆေးတွေ စတင်ဖြန့်ဖြူးနေပြီ
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး ကိုဗစ် ကာကွယ်ဆေးတွေ တနင်္လာနေ့(ဒီဇင်ဘာ ၁၄) မနက်ပိုင်းလောက်မှာ ပြည်နယ်တွေဆီ ရောက်ရှိတော့မှာဖြစ်ကြောင်း စနေနေ့မှာ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူ ၃၀၀၀၀၀ နီးပါးရှိနေပြီဖြစ်တဲ့ နိုင်ငံမှာ ရောဂါအဆုံးသတ်ရေး လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အသုံးပြုခွင့်ပေးလိုက်ပြီးနောက် အခုလို ဆေးဖြန့်ဖြူးတွေ စတင်လိုက်တာဖြစ်ပါတယ်။
ကုန်ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီတွေဖြစ်တဲ့ UPS နဲ့ FedEx တို့ရဲ့ ထရပ်ကားတွေဟာ တနင်္ဂနွေမနက်ပိုင်းကစတင်ပြီး Pfizer ရဲ့ ကာကွယ်ဆေးတွေကို ပြည်နယ်တွေတစ်ဝန်းက ဖြန့်ဖြူးရေးစင်တာ ၁၅၀ နီးပါးသို့ စတင်ပို့ဆောင်ကြမှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်အစိုးရအဖွဲ့ရဲ့ ကာကွယ်ဆေး ထုတ်လုပ်ရေးအစီအစဉ် Operation Warp Speed မှ ဗိုလ်ချုပ်ကြီး ဂူစတာဗီ ပါနာက ပြောဆိုပါတယ်။ နောက်ထပ် ဖြန့်ဖြူးရေး စင်တာ ၄၂၅ ခုကတော့ အင်္ဂါနေ့မှာနဲ့ ကျန် ၆၆ ခုက ဗုဒ္ဓဟူးနေ့တို့မှာ ဆေးတွေ လက်ခံရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။
ကနဦးအနေနဲ့ နိုင်ငံတစ်ဝန်း ထိုးဆေး ၃ သန်းလောက် ပို့ဆောင်သွားဖို့ မျှော်လင့်ထားကာ ဘယ်သူတွေကို စတင်ထိုးနှံပေးမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ကျန်းမာရေးလုပ်သားတွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာနေသူတွေ ဦးစားပေးထိုးနှံခံရမှာဖြစ်ပါတယ်။ ဦးစားပေး ထိုးနှံရမယ့်သူတွေကိုတော့ ကျန်းမာရေး တာဝန်ရှိသူတွေက ဆုံးဖြတ်ကြလိမ့်မယ်လို့ ပါနာက ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံတစ်ဝန်း ကန့်သတ် ကာကွယ်ဆေး လျင်လျင်မြန်မြန် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖက်ဒရယ်နဲ့ ပြည်နယ် အစိုးရတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ကျန်းမာရေး လုပ်သားတွေအပါအဝင် ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်မှု လုပ်ငန်းစဉ် စတင်ပြီဖြစ်ကြောင်း စနေနေ့မှာ ကြေညာခဲ့ပါတယ်။
ယခု ကာကွယ်ဆေး အစီအစဉ်ကြောင့် ကိုဗစ် ကူးစက်မှုနဲ့ သေဆုံးမှု မြင့်တက်နေပြီး ဆေးရုံတွေ မနိုင်မနင်းအခြေအနေဖြစ်နေကာ အားလပ်ရက်ကာလအတွင်း လူစုလူဝေးတွေလုပ်ကြမှာကြောင့် အခြေအနေတွေ ပိုးဆိုးလာဖို့သာ မျှော်လင့်နေရတဲ့ နိုင်ငံမှာ မျှော်လင့်ချက်တွေ မြင့်တက်စေခဲ့ပါတယ်။