ပိုးတွေ့လူနာကို ကုသပေးခဲ့တဲ့ ဘားအံဆေးရုံက ကျန်းမာရေးဝန်ထမ်း ၆ ဦး ကူးစက်ခံရ

ပိုးတွေ့လူနာကို ကုသပေးခဲ့တဲ့ ဘားအံဆေးရုံက ကျန်းမာရေးဝန်ထမ်း ၆ ဦး ကူးစက်ခံရ

ပိုးတွေ့လူနာကို ကုသပေးရာကနေတစ်ဆင့် ဘားအံဆေးရုံက ကျန်းမာရေးဝန်ထမ်း ၆ ဦး ကူးစက်ခံရတယ်လို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။

ဘားအံပြည်သူ့ဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနကို အရေးပေါ်ရောက်ရှိလာတဲ့ လှိုင်းဘွဲမြို့က ကိုဗစ်လူနာတစ်ဦးကို လက်ခံကုသပေးရာနေတစ်ဆင့် အဲ့ဒီဌာနက ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၆ ဦး ပိုးကူးစက်ခံခဲ့ရတာပါ။ ပြင်ပလူနာဌာနကို ရောက်ရှိလာတဲ့ လှိုင်းဘွဲက ပိုးတွေ့လူနာကတော့ မနေ့က သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ဘားအံမြို့တွင်း အမှတ် ၁ နဲ့ ၂ ရပ်ကွက်က အနံမရဘဲ ဖျားလို့ ဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနကို လာရောက်ပြသသူတွေမှာလည်း ပိုးတွေ့ခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီပိုးတွေ့လူနာတွေဟာ မြို့တွင်းမှာ သုံးဘီးမောင်းသူနဲ့ ကားသမားတွေကို ထောက်ခံစာထုတ်ပေးရတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါဝင်တယ်လို့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ဆိုပါတယ်။

အမှတ် ၁ ရပ်ကွက်က လူနာကတော့ ဘုရားကြီးဝင်းကို သွားရောက်လေ့ရှိပြီး အမှတ် ၂ ရပ်ကွက်က လူနာကတော့ ရွှေယဉ်မျှော်ဘုရားကို သွားရောက်လေ့ရှိတဲ့အတွက် ထိစပ်ခဲ့တဲ့ နေရာတွေကို ဆေးဖျန်းတာနဲ့ အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်ထားတယ်လို့ စောဘိုဘိုဝေမောင်ကဆိုပါသေးတယ်။

လက်ရှိမှာတော့ ပိုးတွေ့လူနာဦးရေဟာ ဘားအံမြို့မှာ ၁၀ ဦးနဲ့ လှိုင်းဘွဲမြို့မှာ ၂ ဦးဖြစ်ပါတယ်။ အဲ့ဒီပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်နိုင်ခြေရှိသူဦးရော နှစ်ရာကျော်ဝန်းကျင်ရှိနေပြီး သူတို့ကိုတော့ အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်ထားတယ်လို့ ပြည်နယ်လူမှုရေးဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိ ကရင်ပြည်နယ်အတွင်းက ဆေးရုံတွေမှာ ကိုဗစ်ရောဂါလူနာ (၂၅) ဦး ဆေးကုသမှုခံယူနေရတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page