နျူကလီးယားစစ်ပွဲ ဖြစ်မယ့်ဘေးကနေ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်ခဲ့တဲ့ အညတရသူရဲကောင်း

နျူကလီးယားစစ်ပွဲ ဖြစ်မယ့်ဘေးကနေ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်ခဲ့တဲ့ အညတရသူရဲကောင်း

သူ့နာမည်ကတော့ Stanislav Yevgrafovich Petrov ဖြစ်ပြီးဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်ကာလက ဆိုဗီယက်လေတပ်မတော်က ဒုတိယဗိုလ်မှူးကြီးဖြစ်ပါတယ်။ သူဟာ (၁၉၈၃)ခုနှစ်စက်တင်ဘာ(၂၆)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ မှားယွင်းတဲ့ဂြိုလ်တု သတင်းအထောက်အထားအပေါ် အခြေခံပြီး အမေရိကန်ပြည်ထောင်စုနဲ့ သူရဲ့မဟာမိတ် နေတိုး(NATO)တပ်ဖွဲ့နိုင်ငံတွေအပေါ် နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်ရန်အမိန့်ပေးခဲ့မှုကိုငြင်းဆန်ခဲ့သူဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မတိုင်ခင် ရက်သတ္တပတ်(၃)ပတ်အကြာက ဆိုဗီယက်စစ်တပ်ဟာ ဆိုးလ်ကနေ နယူးယောက်ကို ပြေးဆွဲနေတဲ့ အမေရိကန်မဟာမိတ် တောင်ကိုရီးယားရဲ့Korean Air Lines Flight 007 လေယာဉ်ကို ပစ်ချခဲ့တာကြောင့် လေယာဉ်ဝန်ထမ်းအပါအဝင်ခရီးသည် (၂၆၉)ဦးအသက် ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါတယ်။

ယင်းအခြေအနေဟာ အမေရိကန်နဲ့ တိုက်ရိုက်စစ်ဖြစ်ပွားစရာ အကြောင်းအရင်း ဖြစ်နေတာကြောင့် ဆိုဗီယက် စစ်တပ်တစ်ခုလုံးဟာ သတိအနေ အထားနဲ့စောင့်ကြည့်နေရချိန်လည်းဖြစ်နေခဲ့ပါတယ်။ ယင်းကာလမှာပဲ Petrov ဟာ ဆိုဗီယက်ရဲ့ Oko နျူကလီးယားလက်နက်စောင့်ကြည့် သတိပေးရေးစခန်းမှာတာဝန်မှူး အဖြစ်တာဝန်ထမ်းဆောင်နေခဲ့ပြီး အမေရိကန်ဘက် ကနေ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်(၅)စင်းထက်မနည်း ဆိုဗီယက်ပြည်ထောင်စုကိုပစ်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းကိုလက်ခံရရှိခဲ့ပါတယ်။

အထက်အမိန့်အရ ဆိုဗီယက်ပြည်ထောင်စုဘက်ကလည်း အမေရိကန်နဲ့ သူ့မဟာမိတ်နေတိုးတပ်ဖွဲ့နိုင်ငံ တွေကို ချိန်ရွယ်ထားတဲ့ နျူကလီးယားဒုံးကျည်တွေကို ချက်ချင်းတုံ့ပြန်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပေမဲ့ Petrov ကတော့ ဒါဟာသတင်းအမှားဖြစ်ရမယ်လို့ သုံးသပ်ခဲ့ပြီး အထက်အမိန့်ကို ရဲရဲဝံ့ဝံ့ပဲပယ်ချခဲ့ပါတယ်။(၁၉၈၄) ခုနှစ်မှာတော့ Stanislav Yevgrafovich Petrov ဟာ စစ်တပ်ကနေအနားယူခဲ့ပါတယ်။

Petrov ရဲ့အခြေနေနဲ့အချိန်အခါကိုလိုက်ပြီး အကောင်းဆုံးဆင်ခြင်နိုင်ခဲ့မှုကြောင့်သာ နျူကလီးယားလက်နက်ကိုသုံးပြီး တတိယကမ္ဘာစစ်ဖြစ်ပွားမဲ့အရေးကိုရှောင်လွှဲနိုင်ခဲ့ပြီး ကမ္ဘာ မြေပုံနေရာတွေဟာ ယနေ့လိုအကောင်းအတိုင်း ကျန်နေသေးတာဆိုတာလည်း မမှားပါဘူး။ ဆိုဗီယက်စစ်တပ်ရဲ့နောက်ပိုင်းစစ်ဆေးမှုတွေအရလည်း ဒီသတင်းဟာ ဆိုဗီယက် Nuclear early-warning system ဆိုင်ရာဂြိုလ်တုရဲ့မှားယွင်းတဲ့သတင်း ပေး မှုဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Petrov ရဲ့ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကို ဆိုဗီယက်ပြည်ထောင်စုထိပ်တန်းစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေသာမက အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေကိုယ်တိုင် ထုတ်ဖော်ချီးကျူးခဲ့ရတဲ့ အပြင် ကမ္ဘာနိုင်ငံအသီးသီးက ဂုဏ်ပြုဆုတံဆိပ်များစွာကို ပေးအပ်ခဲ့ပါတယ်။ Petrov ကတော့ သူရရှိတဲ့ဆုတံဆိပ်အများစုကို သွားရောက်လက်ခံရရှိမှုတော့ မရှိခဲ့ပါဘူး။ ဒါကလည်းယင်းကာလက အမေရိကန်ပြည်ထောင်စုနဲ့သူမဟာမိတ်နိုင်ငံတွေဟာ ဆိုဗီယက်ပြည်ထောင်စုကို နယ်ပယ်ပေါင်းစုံကနေ ဖိအားပေးနေခဲ့ပြီး စစ်မဖြစ်ရုံတစ်မယ် သာရှိနေတဲ့အခြေအနေဖြစ်နေလို့ပါ။

ဒါအပြင် ဆိုဗီယက်ထိပ်တန်းခေါင်းဆောင် အချို့ ကဆိုရင် ဒီသတင်းကိုအမှောင်ချထားဖို့တောင်စိတ်ကူးရှိခဲ့ပြီး ကာယကံရှင် Petrov ကို တောင် အမေရိကန်အစိုးရနဲ့ ပတ်သက်မှုရှိသလားဆိုတဲ့ သံသယနဲ့စစ်မေးမှုအချို့ တောင်ရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားခြင်းနဲ့အတူ (၂၀၀၀)ပြည့်နှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေပြုလုပ်လာတဲ့ ရုရှားသမ္မတ ပူတင် လက်ထပ်ရောက်မှသာ Petrov အနေနဲ့ ကမ္ဘာမီဒီယာထက်မှာထွက်ပေါ်လာခဲ့တာ လည်း ဖြစ်ပါတယ်။

လူသိပ်မသိတဲ့သူရဲကောင်းကြီး Stanislav Yevgrafovich Petrov ကိုတော့ (၁၉၃၉) ခုနှစ် စက်တင်ဘာ(၇)ရက်နေ့မှာ ရုရှားနိုင်ငံ Vladivostock မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကတော့ဒုတိယကမ္ဘာစစ်ကာလကရုရှားတပ်နီရဲ့ လေသူရဲတစ်ယောက်ဖြစ်ပြီး မိခင်ကတော့ သူနာပြုဆရာမတစ်ယောက်ဖြစ်ပါတယ်။ အရွယ်ရောက်ချိန်မှာတော့ ဆိုဗီယက်လေတပ်မတော်ရဲ့ Kiev Higher Engineering Radio-Technical College မှာပညာသင်ကြားခဲ့ပြီး (၁၉၇၂)ခုနှစ်မှာတော့ဘွဲ့ရခဲ့ပြီး ဆိုဗီယက်လေတပ်မတော်မှာပဲ စတင်အမှုထမ်းခဲ့ပါတယ်။

Petrov ဟာ Raisa ဆိုတဲ့အမျိုး သမီးနဲ့အိမ်ထောင်ပြုခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ (၁၉၉၇) ခုနှစ်အရောက်မှာတော့ ဇနီးသည်ဟာ ကင်ဆာရောဂါနဲ့ဆုံးပါးသွားခဲ့ပါတယ်။ (၂၀၀၄)ခုနှစ် မေလ(၂၁)ရက်နေ့မှာတော့ Petrovဟာ ဆာဖရန်စစ်စကိုအခြေစိုက် Association of World Citizens အဖွဲ့ရဲ့ World Citizan Award ဆုကိုပေးအပ်ချီးမြှင့် ခြင်းခံခဲ့ရပါတယ်။ (၂၀၀၆)ခုနှစ်၊ ဇန်နဝါရီမှာတော့ Petrovဟာ အမေရိကန်ပြည်ထောင် စုကိုရောက်ရှိလာခဲ့ပြီး နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့အစည်းအဝေးမှာ ဂုဏ် ပြုဆုအပ်နှင်းခြင်းခံခဲ့ရပါတယ် ။ Petrov ရဲ့အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်းမှာပဲ ဒိန်းမတ်လူမျိုးဒါရိုက်တာ Peter Anthonyက The Man Who saved the World ဆိုတဲ့အမည်နဲ့ မှတ်တမ်းတင်ရုပ်ရှင်ဇာက်ကားပုံစံရိုက်ကူးခဲ့ပြီး ယင်းဇာက်ကားကိုWoodstockရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး လူစိတ်ဝင်စားမှု အမြင့်ဆုံး စံချိန်တွေကို ရရှိခဲ့ပါတယ်။

(၂၀၁၃)ခုနှစ်၊ဖေဖော်ဝါရီ(၁၇)ရက်နေ့တုန်းကလည်း Petrovဟာ ဂျာမနီနိုင်ငံရဲ့ Dresden ငြိမ်းချမ်းရေးဆုအပြင် ယူရိုငွေ(၂၅၀၀၀)ကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒါအပြင်ရုရှားနဲ့အမေရိကန်ပြည်ထောင်စု မဟာမိတ်တွေအကြား နူးကလီးယားလက် နက်လျော့ချရေး လှုံဆော်ပညာပေးပွဲတွေမှာလည်း Petrov ဟာအထူးဧည့်သည်တော် တစ်ယောက်အနေနဲ့ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ Stanislav Yevgrafovich Petrov ရဲ့ယုံကြည်ချက်ကတော့ တတိယကမ္ဘာစစ်ကိုစတင်သူဟာ အမေရိကန်ပြည်ထောင်စုသာဖြစ်မယ်လို့ ယုံကြည်သူလည်းဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုကတော့ Petrovဟာ သူကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေကမေးမေး၊ အခမ်းအနားတွေမှာပဲဖြေဆိုရ၊ဖြေဆိုရ ကိုယ်ရည်သွေးတဲ့ စကားမျိုး တစ်ကြိမ်မှပြောကြားခဲ့ဖူးခြင်းမရှိပဲ သူလုပ်စရာရှိတဲ့အလုပ်တစ်ခုကို အကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ အများကသတ်မှတ်သလို ကိုယ်ကို ကိုယ်သူရဲကောင်းတစ်ယောက်လို့လည်း မသတ်မှတ်ပါကြောင်း ကိုသာနှိမ့်ချ ပြောဆိုလေ့ရှိသူဖြစ်ပါတယ်။သူအနေနဲ့အရေးပေါ်အခြေအနေတစ်ခုမှာ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီးအကောင်းဆုံးဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း အဖန်တလဲလဲ ပြောလေ့ရှိသူပါ။

သူဟာရိုးရိုးရှင်းရှင်းနေတတ်သူ၊ အရှက်အကြောက်ကြီးသလို သလိုမျိုးချစ်စိတ်လည်းအလွန်ပြင်း ထန်သူ ဖြစ်ပါတယ်။ Stanislav Yevgrafovich Petrovဟာ (၂၀၁၇)ခုနှစ်၊မေလ(၁၉) ရက်နေ့ မှာတော့ ရုရှားနိုင်ငံမော်စကိုမြို့တော်ရဲ့ ဆင်ခြေဖုန်းဒေသဖြစ်တဲ့ Fryazinoကသူနေအိမ် မှာပဲအဆုတ်ရောင် ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ Petrov ဟာအသက်(၇၇)နှစ် အရွယ်ရှိနေပြီးဖြစ်ပြီး ရုရှားနဲ့အမေရိကန် ထိပ်တန်းခေါင်းဆောင် တွေသာမက ကမ္ဘာအရပ်အသီးသီးကငြိမ်းချမ်းရေးဆိုင်ရာအသင်းအဖွဲ့တွေရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ၊လွမ်းသူ့ပန်း ခွေတွေ ပေးပို့ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

သုတဇုန်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page