အိမ်ကနေအထုပ်ဆွဲဆင်းလာပြီး Q လူနာတွေကို ကုသပေးနေတဲ့ ပင်စင်စားဆရာဝန်ကြီး

အိမ်ကနေအထုပ်ဆွဲဆင်းလာပြီး Q လူနာတွေကို ကုသပေးနေတဲ့ ပင်စင်စားဆရာဝန်ကြီး

ဒီပုံထဲမှာ ပါတဲ့သူတွေက ဆရာဝန်ကြီး ဒေါက်တာအေးသန်း နှင့် ကျွန်တော် ဖြစ်ပါတယ်။ ဆရာကြီး လိုအပ်တဲ့ ဆေးတွေကို ဝယ်ယူပြီး သွားရောက် ပို့ပေးနေတုန်းက ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

ဆရာဝန်ကြီး ဒေါက်တာအေးသန်းက လှိုင်မြို့နယ်က အနံ့ပျောက် ဖျားနာ ချောင်းဆိုး စတဲ့ ကိုဗစ်လက္ခဏာရှိသူ၊ သံသယလူနာတွေကို လှိုင်မြို့နယ် (၅) ရပ်ကွက် အမက(၂၆) မှာ ဖွင့်လှစ်ထားတဲ့ အနံ့ပျောက်စင်တာမှာ ခေါ်ယူ ကုသပေး၊ ဆေးရုံလွှဲရမည့်လူနာ ဆေးရုံလွှဲပေး တာတွေ ကြီးကြပ်ဆောင်ရွက် ပေးနေတာပါ။

အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာ အေးသန်းက အသက်(၆၅) နှစ် ရှိပါပြီ။ သူ့မိသားစု၊ သူ့မိတ်ဆွေတွေက စိုးရိမ်လို့ တားမြစ်နေတဲ့ကြားက အိမ်ကနေ အထုပ်ဆွဲ ဆင်းလာပြီး အနံ့ပျောက်စင်တာ အမက (၂၆) မှာ လာရောက်နေထိုင်ပြီး လူနာတွေကို အခမဲ့ ကူညီ ကုသပေးနေတာပါ။ သူ့အတွက် ကုတင်တစ်လုံးဘဲ ကျွန်တော်တို့ စီစဉ်ပေးရပါတယ်။ စင်တာမှာဘဲနေ ၊ စင်တာမှဘဲ အိပ်ပြီး လူနာတွေကို ကုသပေးနေသူပါ။ ” ကျွန်တော်က အသက်တော့ ကြီးပြီ ဒါပေမယ့် အရေးပေါ်အချိန်မို့လို့ မနေနိုင်လို့ ထွက်လာတာကွ” လို့ ပြောပါတယ်။

အနံ့ပျောက်လူနာတွေက Positive ဖြစ်ဖို့ ရာခိုင်နူန်းများ ပါတယ်။ ဒီလူနာတွေကို PPE ဝတ်ပြီး ကိုယ်တိုင် သွေးပေါင်ချိန်တိုင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်း ၊ ကိုယ်တိုင် ကြည့်ရူမေးမြန်းဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဒီအလုပ်တွေကို ဗော်လန်တီယာတွေက လုပ်ပေးပါတယ်။ ဆရာဝန်ကြီးက ရုံးခန်းမှာ နေထိုင်ပြီး ညွန်ကြားကြီးကြပ်ပေးပါတယ်။

ဗော်လန်တီယာ ဆိုတာကလည်း ပရဟိတစိတ်ရှိသူ၊ သတ္တိရှိသူ၊ ကိုယ်ကျိုးစွန့်ပြီး အများအတွက် လာရောက် ကူညီပေးနေသူများ ဖြစ်ပါတယ်။ လူတိုင်းမလုပ်နိုင်ပါ လူအနည်းငယ်သာ လုပ်နိုင်ပါတယ်။

အနံ့ပျောက်လူနာတွေကို စင်တာမှာ ခေါ်ထားတဲ့ ရည်ရွယ်ချက်က သူတို့ကို ဆေးစစ်ပေးဖို့၊ သူတို့မိသားစုတွေ အိမ်နီးနားချင်းတွေကို ထပ်မံမကူးစက်အောင်၊ ရောဂါလက္ခဏာ မပြင်းထန်သူတွေကို ကုသပေးဖို့ ၊ ရောဂါပြင်းထန်ရင် ဆေးရုံကို လွှဲပေးနိုင်ဖို့ ဖြစ်ပါတယ်။

အိပ်ရာထိုင်ခင်း ၊ ရေမီး၊ အစားအသောက်တွေကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက အလှူရှင်များ၏ လှူဒါန်းငွေနဲ့ စီမံဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။

ကိုဗစ် ကူးစက်ရောဂါသည် တစ်ဦးတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ပါ။ အားလုံး ညီညွတ်မှ အောင်မြင်မှာပါ။ ဒါကြောင့် ပူးပေါင်းပေးပါ။ တချို့ အဆင်မပြေတာရှိရင်လည်း သည်းခံပေးကြပါ။

Aung Kyaw Kyaw Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page