ကိုဗစ်ကပ် အမြန်ပျောက်ကင်းရေး ပရိတ်နှင့် ပဌာန်းတရားများကို ဆရာတော်ကြီးများ တညလုံး ရွတ်ဆိုပူဇော်မည်
ကိုဗစ်ကပ် အမြန်ပျောက်ကင်းရေး ပရိတ်နှင့် ပဌာန်းတရားများကို ဆရာတော်ကြီးများ တညလုံး ရွတ်ဆိုပူဇော်မည်
ကိုဗစ် ရောဂါအန္တရာယ် အမြန်ပျောက်ကင်းစေဖို့ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး ကျင်းပတဲ့ ပရိတ်တရားတော်နဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးတွေ ရွတ်ဖတ်ပူဇော်တဲ့ အခမ်းအနားကို စက်တင်ဘာ (၁၉)ရက် ညနေပိုင်းကစတင်ပြီး တိုင်းအစိုးရအဖွဲ့ရုံး ဘုရားဆောင်မှာကျင်းပနေပါတယ်။
ပရိတ်တရားတော်၊ ပဋ္ဌာန်းဒေသနာတော်တွေကို ဩဝါဒါစရိယဆရာတော်ကြီးတွေက ကိုဗစ်ရောဂါအန္တရာယ်ကင်းဝေးစေဖို့အတွက် ညည့်သုံးယံကာလပတ်လုံး ရွတ်ဖက်ပူဇော်သွားမှာဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်ကပြောပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုဗစ် ရောဂါအန္တရာယ် ကင်းဝေးစေဖို့အတွက် အခုထုတ်လွှင့်နေတဲ့ ပရိတ်တရားတော်နဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးတွေ ရွတ်ဖက် ပူဇော်မှုကို နာယူပေးဖို့ အဲဒီအခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ကိုဗစ် ရောဂါအန္တရာယ် အမြန်ပျောက်ကင်းစေဖို့ရည်ရွယ်ပြီးပြုလုပ်တဲ့ ပရိတ်တရားတော်နဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးတွေ ရွတ်ဖတ်ပူဇော်တဲ့ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နဲ့ တိုင်းအစိုးရအဖွဲ့ကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မြို့အတွင်းမှာ အန္တရာယ်ကင်း ပရိတ်တရားတော်တွေကို တိုင်းသံဃနာယကအဖွဲ့ကဦးဆောင်ပြီး ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ကိုဗစ်ရောဂါအန္တရာယ် အမြန်ပျောက်ကင်းစေဖို့ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး ကျင်းပတဲ့ ပရိတ်တရားတော်နဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးတွေ ရွတ်ဖတ်ပူဇော်တဲ့ အခမ်းအနားကို စကိုင်းနက်ဗုဒ္ဓချန်နယက် ကနေလည်း ညည့်သုံးယံပတ်လုံး တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။