ဘုရားကိုးဆူ တင်တာနဲ့ ဂြိုဟ်ကြီး ကိုးလုံး ပူဇော်ပွဲတွေကို ဗုဒ္ဓဘာသာတွေ ပြုလုပ်သင့်သလား?

ဘုရားကိုးဆူနဲ့ ဂြိုဟ်ကိုးလုံး…

ခုနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ဂုဏ်သရေရှိ အသိုင်းအဝိုင်း၊ ပိုက်ဆံရှိ အသိုင်းအဝိုင်း၊ ပညာတတ် အသိုင်းအဝိုင်း တော်တော်များများကြားမှာ ပေါ်ပြူလာဖြစ်လာတဲ့ ဘာသာရေး ခုတုံးလုပ်မှု တစ်ခုဟာ အရမ်းခေတ်စားလာနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရားကိုးဆူပူဇော်ပွဲ ဆိုတာပါ။ ပူဇော်ပွဲဆိုတာထက် ဘုရားကိုးဆူတင်ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ တင်ပြီဆိုကတည်းက ပူဇော်တာ မဟုတ်တော့ဘဲ နတ်တင်သလို တင်တဲ့သဘောမျိုး သက်ရောက်သွားတဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက ဘုရားကိုးဆူ ပူဇော်တာကို အကြောင်းပြုပြီး ဂြိုဟ်ကြီးကိုးလုံးပါ ပူဇော်တယ်ဆိုတဲ့ အချက်က ပိုဆိုးပါတယ်။

ဒီလိုလုပ်နေကြတဲ့ သူတို့လုပ်ရပ်တွေဟာ ဘုရားရဟန္တာကို ပူဇော်ကြတာထက် သူတို့သူတို့ရဲ့ လောကီအကျိုးစီးပွား တိုးတက်ရေး၊ ရာထူးဌာနန္တရ စသည်တည်မြဲရေးကို ဦးတည်ပြီး ဂြိုဟ်ကြီးကိုးလုံးကို ပူဇော်ပသနေတယ်ဆိုတဲ့ အချက်ကပိုပြီး ထင်ရှားနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ရန်ကုန်မှာပဲ ဖြစ်ဖြစ်၊ မန္တလေးမှာပဲ ဖြစ်ဖြစ်၊ တစ်ခြားတစ်ခြား မြို့ကြီးများမှာပဲ ဖြစ်ဖြစ် လူကြီးပိုင်း အတော်များများဟာ မေးလိုက်လို့ရှိရင် ဘယ်လူကြီးအိမ်မှာ၊ ဘယ်သူဋ္ဌေးအိမ်မှာ ဘုရားကိုးဆူပွဲရှိလို့ သွားကြတယ်ဆိုတဲ့ အကြောင်းပြချက်လေးတွေနဲ့ ပြန်လည်ဖြေကြားတာကို ခဏခဏ ကြားရတတ်ပါတယ်။ ဘုရားကိုးဆူပွဲ သွားတဲ့အချိန်ကလည်း များသောအားဖြင့် ညအချိန်ပဲ ဖြစ်နေတာ များပါတယ်။ ဒီလိုဆိုရင် ဘုရားကိုးဆူပူဇော်ပွဲကို ညပိုင်းမှာလုပ်တယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ မနက်အစောပိုင်းမှာ လုပ်တာတွေလည်း ရှိကြမှာပါ။ ဘယ်လိုအချိန်တွေပဲ လုပ်လုပ် လုပ်တဲ့အခါမှာ သစ်သီးစတဲ့ စားသောက်ဖွယ်များလည်း ကပ်လှူကြမှာ အမှန်ပါပဲ။ ဒါဆိုရင် ညဖက်ကြီးမှာ၊ ဒါမှမဟုတ် အရုဏ်မတက်မီ အချိန်ကြီးမှာ ဘုရားရဟန္တာတွေကို အသီးအနှံစတဲ့ စားသောက်ဖွယ်ရာတွေ ကပ်လှူခြင်းဟာ ဝိကာလ အချိန်ကြီး ဖြစ်နေတဲ့အတွက် အပ်စပ်မှုက မရှိပါဘူး။

ပြီးတော့ ဘုရားကိုးဆူကို အကြောင်းပြုပြီး ဘုရားရဟန္တာတွေကို နေရာချထားတာတွေလည်း ကြည့်ပါဦး လောကဓာတ် အစီအစဉ်တွေ အပြည့်နဲ့ ဖန်တီးထားသလို ဖြစ်နေပါတယ်။ သူတို့လောကဓာတ် ဆရာတွေ ဖန်တီးတဲ့ ဒီဘုရားကိုးဆူ ပူဇော်ထားရှိပုံ စနစ်က (၁) ဘုရားသခင် = အလယ်အရပ်မှာ ဗောဓိပင်ကို ရည်စူး၍လည်းကောင်း (၂) အရှင်သာရိပုတ္တရာ = ဗုဒ္ဓဟူသား၊ တောင်အရပ် လက်ျာဘက်တွင်လည်းကောင်းး (၃) အရှင်မောဂ္ဂလာန် = သောကြာသား၊ မြောက်အရပ်၊ လက်ဝဲဘက်တွင်လည်းကောင်း (၄) အရှင်ဥပါလိ = စနေသား၊ အနောက်တောင်အရပ်တွင်လည်းကောင်း (၅) အရှင်ရာဟုလာ = တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်တွင်လည်းကောင်း (၆) အရှင်အာနန္ဒာ = ကြာသပတေးသား၊ အနောက်မျက်နှာအရပ်တွင်လည်းကောင်း (၇) အရှင်ကောဏ္ဍည = တနင်္လာသား၊ အရှေ့အရပ်တွင်လည်းကောင်း (၈) အရှင်ရေဝတ = အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်တွင်လည်းကောင်း (၉) အရှင်ဂဝမ္ပတိ = ရာဟုသား၊ အနောက်မြောက်ထောင့် အရပ်တွင်လည်းကောင်း ထားပြီး ပူဇော်ကြတဲ့ စနစ်ဖြစ်ပါတယ်။

ဒီလိုထားရှိပူဇော်ပုံတွေအရ ဒါဟာ ဘုရားရဟန္တာတွေကို ကြည်ညိုလို့ ပူဇော်တဲ့ပုံစံ မဟုတ်တော့ဘဲ လောကီအကျိုးစီးပွား တိုးတက်ရေးအတွက် ကိုယ်လိုသလို ဘုရားရဟန္တာတွေကို နေရာချပြီး လုပ်စားကြတဲ့ ပုံစံဆိုတာ အလွန်ထင်ရှားလှပါတယ်။ ဘုရားရဟန္တာကို ပူဇော်တာ မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဘုရားရဟန္တာတွေကို အသုံးချပြီး လုပ်စားတာကတော့ အတော်မကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ့်ကို စစ်မှန်တဲ့ စိတ်စေတနာနဲ့ ပူဇော်မယ်ဆိုရင် ဘယ်ရဟန္တာက ဘယ်နေရာမှာနေ၊ ဘယ်လိုအချိန်မှာကြွ ဆိုတာတွေ မလိုအပ်ပါဘူး။ နှလုံးသားမှာ ဘုရားဂုဏ်နဲ့ သံဃာ့ဂုဏ်တွေ ကိန်းနေပြီး ပူဇော်နိုင်ရင် ပြီးတာပါပဲ။

ဒီလိုပူဇော်ဖို့ အတွက်ဆိုရင် ဘယ်လိုအချိန် ဘာပူဇော်မှုတွေမှ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ စိတ်စေတနာ အတိုင်းပဲ မနက် အရုဏ်တက်ချိန်ကစပြီး နေမွန်းမတည့်မီ အချိန်အထိ အပ်စပ်တဲ့ လှူဖွယ်ဝတ္ထုတွေ၊ အပ်စပ်တဲ့ အစားအသောက်တွေနဲ့ ကပ်လှူကာ ထိုအရှင်မြတ်များရဲ့ ဂုဏ်ကိုအာရုံပြုပြီး ပူဇော်နိုင်ကြပါတယ်။ ပွင့်တော်မူပြီးသား ဘုရားရှင်များနဲ့ ဘုရားသာသနာတွင်းမှာရှိတဲ့ ရဟန္တာမှန်သမျှ ဂုဏ်ကိုမှန်းပြီး ပူဇော်နိုင်ကြပါတယ်။ ဘယ်ဂြိုဟ်ဘယ်နံတွေနဲ့ ကိုက်ညီတဲ့ ဘယ်ရဟန္တာရယ်လို့ ခွဲခြားသတ်မှတ် ပူဇော်ဖို့မလိုပါဘူး။ ရတနာသုံးပါးရဲ့ ဂုဏ်တွေဟာ နှလုံးသားမှာ ထုံနေအောင် ပူဇော်သင့်ပါတယ်။ ဒီလိုပူဇော်နည်းကသာ စစ်မှန်တဲ့ ပူဇော်နည်းဖြစ်ပါတယ်။

ခုတော့ အဲဒီလို မဟုတ်ဘဲ ဘုရားရဟန္တာတွေနဲ့ ဂြိုဟ်တွေပေါင်းစပ်ပြီး လောကီနည်းတွေအရ လုပ်နေကြတာဆိုတော့ ပူဇော်ရာမရောက်ဘဲ ကိုယ်ကိုးကွယ်တဲ့ အနှိုင်းမဲ့ အရှင်မြတ်တွေကို ဂြိုဟ်စောင့်နတ်ပုံစံ၊ တစ်ခုခုကို စောင့်ကြပ်ကာကွယ်ပေးတဲ့ အစောင့်နတ်ပုံစံမျိုး အဆင့်နိမ့်ချလိုက် သလို ဖြစ်နေပါတယ်။ တကယ်သာ အဲဒီလို လောကီအစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက် လုပ်နေကြမယ်ဆိုရင် ကုသိုလ်ထက် အပြစ်က ပိုများနိုင်တဲ့အပြင် ဒီလိုလုပ်နေကြတဲ့ ဗုဒ္ဓဘာသာတွေရဲ့ လုပ်ရပ်ဟာ လွဲနေရုံတင်မဟုတ်ဘဲ လွတ်နေတဲ့ပုံကို ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေကြတဲ့ အလွဲတွေထဲမှာ ဘုရားကိုးဆူပူဇော်မှုဟာလည်း ဘာသာရေးကို လောကီရေးနဲ့တွဲစပ်ပြီး ခုတုံးလုပ်အသုံးပြုထား သလိုဖြစ်တဲ့ မလွဲသင့်တဲ့ အလွဲတစ်ခုလို ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးကို အချိန်မီပြုပြင်ပြီး ဘုရားရဟန္တာတွေရဲ့ ဂုဏ်တော်သက်သက်ကို အာရုံပြုကာ သင့်လျောက်လောက်ပတ် အပ်စပ်တဲ့အရာတွေနဲ့ အပ်စပ်တဲ့အချိန်မှာ ပူဇော်နိုင်ကြစေဖို့ စေတနာကောင်းနဲ့ အသိပေးရင်း လွဲနေကြတဲ့ အလွဲတစ်ခုအဖြစ် သတိပြုဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page