ကိုဗစ်ကြောင့် ကြွေလွင့်သွားရတဲ့ ပရဟိတ သူရဲကောင်းတဦး

ကိုဗစ်ကြောင့် ကြွေလွင့်သွားရတဲ့ ပရဟိတ သူရဲကောင်းတဦး

လူနာအမှတ် ၁၄၉၁ ကုသိုလ်များစွာပြုသူမို့ အကြွေစောလို့ နှမြောမိပါသည်

သူကိုယ်တိုင် သိက္ခာထပ်ပေးခဲ့တဲ့ သံဃာတွေ သူ့ရုပ်အလောင်းကို သရဏဂုံတင်ဖို့ စောင့်နေကြတယ် သူကိုယ်တိုင် လှူဒါန်းခဲ့တဲ့ နိဗ္ဗာန်ယာဉ်တွေ သူ့ရုပ်အလောင်းကို တင်ဆောင်ရမလားမျှော်နေကြတယ်

သူကိုယ်တိုင် ရဟန်းဘောင်သွင်းပေးခဲ့တဲ့ သာမဏေလေးတွေ သူလောင်းလှူမယ့်ဆွမ်းကိုစောင့်နေကြတယ် သူကိုယ်တိုင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဓမ္မာရုံကြီးက ရေစက်ချမသွားလို့ အလှူ့ရှင်ကြီးကိုမျှော်နေတယ်

သူကိုယ်တိုင် ခင်းခဲ့တဲ့ ရပ်ကွက်ထဲကလမ်းသွယ်တွေက သူ့ဆိုင်ကယ်သံကြမ်းကြမ်းကို နားစွင့်နေကြတယ် သူကိုယ်တိုင် ဆုံးမသွန်သင်ခဲ့တဲ့ ရပ်ကွက်ထဲက ဇိုးလေးတွေ သူ့ကို တောင်းပန်ဖို့ စောင့်နေကြတယ် First wave မှာလို ဆန်နှစ်ပြည် ဆီတစ်ဗူး အိမ်ပေါက်စေ့ လှူမလားလို့ ရပ်ကွက်က စောင့်နေကြတယ်

သူကိုယ်တိုင် လစဉ်ကူညီနေတဲ့ မိသားစုအချို့ ဒီလ ဘယ်လောက်စွန့်ကျဲမလဲ စောင့်နေကြတယ် သူကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ မိသားစုလေး ရင်ဘတ်စည်တီးငိုကြွေးခွင့်မရ PPE ဝတ်စုံတွေကြားမှာ နောက်ဆုံးခရီး လက်အုပ်ချီပြီး ပရိဒေဝမီးတွေ တောက်လောင်နေလေရဲ့

လာမယ့် သီတင်းကျွတ်မှာ မီးမလင်းရင် လာမယ့် တပို့တွဲမှာ ထမဲနဲအိုးတွေ မီးခိုးမထွက်ရင် လာမယ့် တန်ခူးမှာ ပိတောက်တွေ တစ်‌ကြော့ပြန် ပွင့်လို့ ဖိုးအော်ရော လို့ မေးလာရင် ကိုဗစ်ရေ မင်းကိုယ်တိုင်လာဖြေပေးလိုက်ပါ

မောင်မှူး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page