ဒဂုံဆိပ်ကမ်း ပေါက်စီစက်ရုံက ကလေး (၁၀) ဦးမှာ ကိုဗစ်ပိုး တွေ့ရှိ၊ ထိစပ်သူအားလုံး Q ဝင်ရမည်

ဒဂုံဆိပ်ကမ်း ပေါက်စီစက်ရုံက ကလေး (၁၀) ဦးမှာ ကိုဗစ်ပိုး တွေ့ရှိ၊ ထိစပ်သူအားလုံး Q ဝင်ရမည်

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက တရုတ်လူမျိုးဇနီးမောင်နှံ နှစ်ဦးပိုင်ဆိုင်တဲ့ ပေါက်စီနဲ့ ပေါင်မုန့်လုပ်ငန်းစက်ရုံက အလုပ်သမား ကလေး (၁၈) ဦး ကို ကိုဗစ်ပိုးစစ်ရာမှာ (၁၀) ဦးမှာ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကနေ့မနက်ပိုင်းမှာ စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးတွေကို ကွာရန်တင်းစင်တာတစ်ခုမှာ ထားရှိကာ ကုသရေးစင်တာကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးဇော်တင်က ပြောပါတယ်။

“ဟုတ်ပါတယ်။ ကလေးအားလုံး (၁၈) ဦး ကိုစစ်တာ (၁၀) ဦးမှာပိုးတွေ့တာ။ ကလေးတွေက အသက်မပြည့်သေးတဲ့ ကလေးတွေ အများကြီးပါတယ်။ အခုသူတို့ မိဘတွေကိုလည်း ဆက်သွယ်ထားတယ်။ ပိုးတွေ့တဲ့ကလေးတွေရော ကျန်တဲ့ကလေးတွေကိုရော ဒီမှာ ခဏ ထိန်းသိမ်းထားပေးပြီးတော့ အလုပ်သမားဦးစီးဌာနကနေပဲ လုပ်စရာရှိတာတွေ ဆက်လက်ဆောင်ရွက်ပြီး မိဘတွေထံ ပြန်အပ်နှံပါလိမ့်မယ်”လို့ ဦးဇော်တင်က ပြောပါတယ်။

ကလေးတွေမှာ ပိုးတွေ့ရှိခဲ့တဲ့အတွက် သူတို့နဲ့ ထိတွေ့စပ်ဆက်မှု ရှိထားတဲ့သူတွေကိုလည်း ကွာရန်တင်းထားရှိပြီး စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

တရုတ်လူမျိုး ဇနီးမောင်နှံပိုင်ဆိုင်တဲ့ စက်ရုံမှာ အလုပ်သမားတွေက အသက်မပြည့်သေးတဲ့ ကလေးတွေပါဝင်နေတာကြောင့် အလုပ်ရှင်၊အလုပ်သမားဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် လုပ်ငန်းကိုပါ တစ်ခါတည်းပိတ်သိမ်းထားပြီး ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်လုပ်တဲ့ ကလေးတွေကို အလုပ်ရှင်က ညှင်းပန်းနှိပ်စက်သလို ကျူးလွန်မှုတွေ ပြုလုပ်တယ်ဆိုပြီး စက်ရုံကထွက်ပြေးလာတဲ့ ကလေးရဲ့ ပြောပြချက်အရ တာဝန်ရှိသူတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မနေ့က ညပိုင်းမှာလည်း ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အဓိကရုဏ်းဖြစ်ပွါးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ကာ မော်တော်ယာဉ်တွေနဲ့ စက်ရုံအဆောက်အဦတွေက အစ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page