စမ်းချောင်း ပုသိမ်လမ်းက ဂုဏ်ယူစရာ ကောင်းတဲ့ အဖြစ်အပျက်တခု (စံပြုထားရမယ့် ပုသိမ်လမ်းပါပဲ)

စမ်းချောင်း ပုသိမ်လမ်းက ဂုဏ်ယူစရာ ကောင်းတဲ့ အဖြစ်အပျက်တခု (စံပြုထားရမယ့် ပုသိမ်လမ်းပါပဲ)

Positive လူနာနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် Q သွားဝင်ရမယ့် မိသားစုနေတဲ့ တိုက်ရှေ့ကို နှာခေါင်းစည်း ကိုယ်စီ တပ်ထားတဲ့ ရပ်ကွက်လူကြီးတွေ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတယ် သူတို့အားလုံး စကားသိပ်မပြောဘဲ ခပ်ဆိတ်ဆိတ်ပဲ ရပ်နေကြတယ်။

ပုသိမ်လမ်းသူ/သားတွေလည်း အတူတူပဲ Q ဝင်ရမယ့်သူတွေ အားငယ်အောင် ဘယ်သူကမှ တရားခံလိုအကြည့်မျိုးနဲ့ ထွက်မကြည့်ကြဘူး ဘယ်မိန်းမမှ ထမီစွန်တောင်ဆွဲပြီး သွားမစပ်စုဘူး ဘယ်ယောက်ျားမှ ခါးပုံစ မပြီး ဓာတ်ပုံပြေးမရိုက်ဘူး ကိုယ့်ဝရန်တာ ကိုယ့်ပြတင်းပေါက်ကနေပဲ ငြိမ်ငြိမ်သက်သက် စောင့်ကြည့်နေကြတယ်။

မိနစ်ပိုင်းအတွင်းမှာပဲ လမ်းထဲကို လူနာတင်ယာဥ် တစ်စီး ဝင်လာတယ် အမိုးပေါ် မီးနီလက်လာတာကလွဲလို့ ဘာအသံမှ ပေးမလာဘူး ကြားနေရတာဆိုလို့ ကတ္တရာလမ်းမပေါ် ကားဘီးလိမ့်လာတဲ့အသံတစ်ခုပဲ ပုံမှန်မောင်းလာတဲ့ကားဟာ ရပ်ကွက်လူကြီးတွေ ရပ်နေတဲ့ တိုက်ခန်းအရှေ့မှာ ညင်ညင်သာသာပဲ ထိုးရပ်လိုက်တယ်။

ပီပီအီး ဝတ်စုံ ဝတ်ထားတဲ့ လူနှစ်ယောက် ကားပေါ်က ဆင်းလာပြီး အသင့်စောင့်နေတယ် ဟော တိုက်ခန်းအလယ်လှေကားကနေ အမျိုးသားတစ်ယောက် အထုပ်အပိုးတွေနဲ့ ဆင်းလာပြီ သူ့နောက်မှာ အမျိုးသမီး တစ်ယောက် ဟာ ကလေး နှစ်ယောက်လည်း ပါတာပဲ အဲဒီမိသားစု ကားပေါ် ခြေတစ်လှမ်း စတက်လိုက်တဲ့အချိန်မှာပဲ ဟိုတိုက် ဒီတိုက်ကနေ လက်ခုပ်သံ တဖြောက်ဖြောက် စထွက်လာတယ် အဲဒီနောက်မှာတော့ တိုက်ခန်းအသီးသီးကနေ လက်ခုပ်သံတွေ အကျယ်ကြီးထွက်လာပြီ

အနားသွားပြီး လက်ချင်းဆုပ်ပြီး ကိုယ်ချင်းကပ်ပြီး အားပေးလို့မရတဲ့ ခုလို အခြေအနေမျိုးမှာ ဒီလက်ခုပ်သံတွေက အားပေးစကားတွေကို သယ်သွားပေးတယ် Q ဝင်နေတုံး အဆင်မပြေတာရှိရင် အားတင်းထားပါ Positive ဖြစ်သွားရင်လည်း အားတင်းထားပါ ကျန်းမာရေးဝန်ထမ်းတွေ စေတနာ့ဝန်ထမ်း တွေလည်း အားတင်းထားပါ

Q ပြီးတဲ့အခါ ပြန်လာပါ ရောဂါဖြစ်ခဲ့ရင်လည်း ပျောက်သွားတဲ့အခါ မိသားစု စုံစုံညီညီနဲ့ ပြန်လာပါ တစ်မိသားစုလုံး နေကောင်းပါစေ ပုသိမ်လမ်းလည်း နေကောင်းပါစေ စမ်းချောင်းမြို့နယ်လည်း နေကောင်းပါစေ ရန်ကုန်မြို့လည်း နေကောင်းပါစေ မြန်မာပြည်လည်း နေကောင်းပါစေ ကမ္ဘာကြီးလည်း နေကောင်းပါစေ

လက်ခုပ်တီး အားပေးသံတွေကြားက အဲဒီကားကြီး ထွက်အသွားမှာ မနိုင်ဝန်ထမ်းနေရတဲ့ ရန်ကုန်မြို့ကြီးရဲ့ အခြေအနေကို တွေးမိပြီး ကိုယ် မျက်ရည်ကျတယ်

Phyo Theint Thiri Thwe

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page