တိကျသည့် ညွှန်ကြားချက်မရသဖြင့် ပုသိမ်အထည်ချုပ်စက်ရုံများ ဖွင့်ရမလို၊ ပိတ်ရမလိုဖြစ်နေ
တိကျသည့် ညွှန်ကြားချက်မရသဖြင့် ပုသိမ်အထည်ချုပ်စက်ရုံများ ဖွင့်ရမလို၊ ပိတ်ရမလိုဖြစ်နေ
ကူးစက်မြန် ကိုဗစ်ရောဂါ ထိမ်းချုပ်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထည်ချုပ် စက်ရုံများကို ဧရာဝတီတိုင်းအစိုးရက စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ယာယီ ပိတ်သိမ်း ထားပါတယ်။
ယနေ့ (အောက်တိုဘာ ၇ ရက်) တွင် စက်ရုံယာယီပိတ်သိမ်းမှုကာလ ပြည့်ခဲ့သော်လည်း စက်ရုံများ ဆက်လက် ပိတ်သိမ်းရန် (သို့မဟုတ်) ပြန်လည်ဖွင့်လှစ်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ တရားဝင် အမိန့်၊ ညွှန်ကြားချက် ရောက်ရှိမလာသဖြင့် အထည်ချုပ်စက်ရုံတာဝန်ရှိသူများနှင့် စက်ရုံအလုပ် သမားများ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရပါတယ်။
နေပြည်တော်ရှိ အမျိုးသားအဆင့် ကိုဗစ် ထိချုပ်ရေးကော်မတီမှ အမိန့်တစ်စုံတစ်ရာ ရောက်ရှိ မလာမီကာလအတွင်း အထည်ချုပ်စက်ရုံများ ယာယီပိတ်သိမ်းထားရန် ဧရာဝတီတိုင်းအစိုးရက နှုတ်မိန့်ဖြင့် ညွန်ကြားထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိပါ။
အထည်ချုပ်စက်ရုံများ ပြန်လည်ဖွင့်လှစ်ရန် (သို့မဟုတ်) ဆက်လက်ပိတ်သိမ်းရန်ကိစ္စနှင့် ပတ်သတ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနဝန်ကြီး ဒေါက်တာ စိုးဝင်းထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိပါ။
လုပ်ခလစာများကို အေတီအမ် ကတ်ဖြင့် ပေးချေသော စက်ရုံလုပ်သားများမှာ အောက်တိုဘာလ ၅ ရက်နေ့က လုပ်ခလစာများ ရရှိကြသော်လည်း အေတီအမ် ကတ်မရှိသည့် စက်ရုံအလုပ်သမားများကို အောက်တိုဘာလ ၈ ရက် (မနက်ဖြန်) တွင် လစာပေးချေရန် အထည်ချုပ်စက်ရုံတချို့က စီစဉ်ထားပါတယ်။ သို့သော် အစိုးရ၏ တရားဝင် ညွှန်ကြားစာ ထွက်ရှိမလာသည့်အတွက် လစာပေးချေချိန်တွင် လူစုလူဝေးဖြစ်မည်ကို စက်ရုံတာဝန်ရှိတချို့က စိုးရိမ်နေကြပါတယ်။
ပုသိမ်စက်မှုဇုန်ရှိ အလုပ်သမား ၇၀၀ ကျော်ရှိသည့်ဟီရှန်စက်ရုံနှင့် အလုပ်သမား ၂ ထောင်ခန့်ရှိသည့် ဒေါင်းလောင် အထည်ချုပ်စက်ရုံတို့တွင် စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကူးစက်မြန် ကိုဗစ်ရောဂါပိုးရှိသူ အလုပ်သမား ၄ ဦး တွေ့ရှိခဲ့သည့်အတွက် ဧရာဝတီတိုင်းအစိုးရက ၁၄ ရက်တာ ယာယီ ပိတ်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မအူပင်နှင့် ဒေးဒရဲဒေသများတွင် အထည်ချုပ်စက်ရုံ ၁၂ ရုံရှိပြီး အလုပ်သမား ၆ ထောင်ကျော် လက်ရှိအလုပ်လုပ်ကိုင်နေကြပြီး စက်ရုံများအားလုံး ယာယီပိတ်ထားသည့်အတွက် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေကြ ပါတယ်။