ယနေ့အထိ မပျက်ပြယ်သေးတဲ့ ဗိဿနိုးဘုရင်မရဲ့ အမုန်းကျိန်စာနဲ့ မကျွတ်လွတ်သေးတဲ့ ပန်ထွာ ဝိညာဥ်

” ငါလာမှ သီး၊ ငါလာမှ ကြီး “မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မ ပန်ထွာရဲ့ အမုန်းကျိန်စာနဲ့ ပေပင်လေး‌တွေ

” ငါလာမှသီး ၊ငါလာမှကြီး ” တဲ့လား ဖေဖေ ၊ သူ့ကျိန်စာကလည်း စိတ်ဝင် စားစရာကောင်းသလို .. ပေပင်လေး တွေကလည်း နှစ်ရာထောင်ချီနေတာ တောင် သုံးလေးပေက မတက်ဘူးနော်…၊ သူ့နတ်နန်းမှာ ဘာလို့ ဘီလူးမကြီးနဲ့ တွဲထားရတာလည်း ဖေဖေ ၊ ကြည့်ရတာ တမျိုးကြီးပဲ … ”

ဗိဿနိုးမြို့ထဲ ဝင်သွားချိန်ကစလို့ တိတ်ဆိပ်ချောက်ချားစွာနဲ့ နေရာတစ်ခုချင်းဆီကို စိတ်ဝင်စားစွာ ကြည့်နေ ပေမယ့် စိတ်အစဉ်ကတော့ ဟိုး နှစ် ပေါင်း နှစ်ထောင်ခန့်က စည်ကားခဲ့တဲ့ ဗိဿနိုးမြို့ကြီးရယ် ၊သရေခေတ္တရာ ဆိုတဲ့ ဒွတ္တဘောင်တို့ရဲ့ ပြည်မြို့ကြီးရယ်.. ၊အင်မတန်ချောမောလှပတယ်ဆိုတဲ့ ပန်ထွာဘုရင်မရယ် ..၊ငယ်ငယ် ကအရမ်းသဘောကျခဲ့တဲ့ အတုလစည်တော်ကြီးနဲ့ စည်တီးရင် ရေကြီးတဲ့ ရန်ပယ်ချောင်းရယ် .. ရဟန်းတု တွေက ဖျက်ဆီးခဲ့လို့ ပျက်ဆီးသွားတဲ့ အတုလစည်အပေါက်ကြီးရယ် …၊ ရဟန်းတုတွေအပေါ် အခဲမကြေနိုင်ခဲ့ ပဲ မဟာမြိုင်တောမှာ ခုချိန်ထိ လက် စားချေနေတာရယ်.. သူလူပြန်ဖြစ်ပြီး ဒွတ္တဘောင်ဘုရင်ကို သူ့လက်နဲ့သတ် နိုင်ချိန်ကျမှ ပေပင်တွေ ရှင်သန်ကြီး ထွားနိုင်အောင် ‘ ငါလာမှသီး၊ငါလာမှ ကြီး’ လို့ကျိန်စာတိုက်ခဲ့တာဆိုရင် .. ခုချိန်ထိ မကျွတ်လွတ်နိုင်သေးဘူး ဆိုတာရယ် ..အတွေးတွေ ဖြန့်ကျက်နေ စဉ်မှာပဲ သမီးလေးမေးခွန်းကြောင့် အတွေးတွေ ရပ်သွားပါတယ် …။

” ဪ .. သမီးရယ် ပန်ထွာဧကရီဘုရင်မ ရဲ့ အမေဟာ ဘီလူးမကြီးလေ ၊စန္ဒမုခိ ဆိုတဲ့ ဘီလူးမကြီးပေါ့ ၊အဲတာကြောင် သူ့နတ်နန်းမှာ အတူယှဉ်တွဲလို့ ပူဇော်ပေးထားတာပါ ” ” ဟင် .. ဒါဆိုသူ့ရဲ့ ဖေဖေကရော ဘယ်သူလည်းဟင် ” အင်း… ခက်ပီ ။တောင်တွင်းကြီးမြို့နဲ့ ဆယ်မိုင်အကွာ ကတ္တရာလမ်းမကြီး ဘေးမှာ မုဒ်ဦးကြီးနဲ့ အထင်ကရ ဗိဿနိုးမြို့ဟောင်းကြီးရယ်၊နန်းတော် ဟောင်းတွေရယ် ရှိနေတာတောင်၊ အဲဒီထီးနန်းက ဗိဿနိုးဘုရင်မ ပန်ထွာမင်းသမီးရဲ့ မိခင်ဖခင် ရာဇဝင် တွေကို မသိနိုင်ကြပဲ အပျော်သဘော လာကြည့်ပြန်သူတွေ ဘယ်လောက်များနေကြပြီလည်းလို့ စိတ်မကောင်း ဖြစ်မိပါတယ် ။

” သူ့ဖေဖေက စူဠသမ္ဘဝလေ သမီးရဲ့ ။ မဟာသမ္ဘဝ၊စူဠသမ္ဘဝ မျက်မမြင်ညီနောင်မင်းသားနှစ်ပါးဆိုရင် သမီး သိလား “” ဟား.. ကြားဖူးတယ် ဖေဖေ .. အဲတာဆို သိတယ် ” တခါတခါမှာ သမိုင်းတွေက အံ့ဩစရာကောင်းသလို သူတို့ရဲ့ပဌာန်းဆက် တွေကလည်း အံ့ဩစရာကောင်းလွန်း တယ် သမီးရယ် ..။သမီး မပျင်းအောင် သူတို့ရဲ့ ဆက်စပ်မှုဘဝသမိုင်း လေးကို အတိုချုပ် ရှင်းပြပေးမယ်။အံ့ဩစရာ တွေ့ဆုံမှုတွေပါ သမီးရေ … ၊ အချိန်ကာလက … မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး သာသနာသက္ကရာဇ် ၅၉ ခုနှစ်မှာပေါ့။ တကောင်းဘုရင် သတိုးမဟာရာဇာနဲ့ မိဖုရားကြီး ကိန္နရီဒေဝီမှာ သားတော်နှစ်ပါးထွန်းကားတယ်။

သားတော်နှစ်ပါးဟာ မွေးကတည်းက မျက်စိမမြင် ဘူး။ဖခင်က တခြားတိုင်းပြည်တွေ မသိခင် သတ်စေအမိန့်ချတယ်။ မိခင်က မသတ်ရက်တော့ ဖွတ်ထားတယ်။ အသက် ၁၉ နှစ်အရွယ်မှာ ဘုရင်ကြီး သိသွားတော့ မိဖုရားကြီးက မနေသာ တော့ပဲ သားတော်နှစ်ပါးကို ဖောင်ပေါ်တင်ပြီး မသိုးထမင်း၊ မသိုးဟင်းတွေနဲ့အတူ ရင်နာနာနဲ့ ရေမှာ မျော စေခဲ့တယ် ။ လမ်းခရီး ရေစပ်က စစ်ပင်ကြီးကိုင်းနေတဲ့နေရာမှာ ဖောင်နဲ့ညှိနေတုံး ဘီလူးမလေးက ဖောင်ပေါ်တက်လိုက် လာတယ်၊ ထမင်းတွေခိုးစားတယ်၊မိတယ်၊သတ်မယ်လုပ်တော့ တောင်းပန်ပြီး မျက်စိကုပေးလိုက်တော့ မင်းသားနှစ်ပါး မျက်စိပြန်မြင် သွားတယ်။မင်းသားအငယ် စူဠသမ္ဘဝနဲ့ စန္ဒမုခိဘီလူးမလေး ညားတယ် ။ ပန်ထွာကို မွေးတယ်ပေါ့ ။(စစ်ပင်ကြီး ကိုင်းနေတဲ့နေရာဆိုတာ စစ်ကိုင်းမြို့ ဖြစ်လာမယ့် နေရာပါ။)

ဆက်လက်မျောပါရင်း … သရေခေတ္တရာ(ပြည်)ရောက်တယ်။ မင်းကြီးတောင်ခြေမှာ ဗူးပေါက်ကျဉ်းကျဉ်းနဲ့ရေခတ်နေတဲ့ မ‌ဘေဒါကို တွေ့တယ် ။သဘောကျတယ်။ဗူးပေါက်ကို သံလျက်နဲ့ ချဲ့ပေးတယ် ။ ဘေဒါရီ ရင်ခုံသွားလိမ့်မယ် ။အဲတာနဲ့ မဟာသမ္ဘဝနဲ့ မဘေဒါနဲ့ ညားတယ် ။ ဒွတ္တဘောင်မင်းသားကို မွေးတယ် ။ ဒါကြောင့် ပန်ထွာမင်းသမီးနဲ့ သူ့ကို စစ်ခင်းသိမ်းပိုက်ခဲ့တဲ့ သူအင်မတန်မုန်းတီးတဲ့ ဒွတ္တဘောင်ဘုရင်ဆိုတာ သူ့ကိုကို တစ်ဝမ်းကွဲပါ သမီးရေ …။မဟာသမ္ဘဝရဲ့သား ဒွတ္တဘောင်နဲ့ စူဠသမ္ဘဝရဲ့သမီး ပန်ထွာ ဆိုတာ မောင်နှမ တစ်ဝမ်းကွဲတွေပါကွယ် …။”

ဘေဒါရီမင်းသမီးကလည်း သူစိမ်းမဟုတ်ပြန်ဘူး။ ဘေဒါရီရဲ့ မေမေက သမင်မကလေးပေါ့ ။ရသေ့ကြီးရဲ့ မင်းကြီးတောင်က ကျောင်းသက်န်းမှာ အစာစားရင်း၊ရသေ့ကြီးရဲ့ ကြင်ငယ်ရေ သောက်မိရာက သမင်မလေးမှာ ကိုယ်ဝန်ရှိပြီး ဘေဒါရီကို မွေးတာ သမီးရဲ့ ။ရသေ့ကြီးက အဓိဌာန်နဲ့ လက်ညှိုးကနေ နို့ထွက်စေပြီး မွေးစားခဲ့တာပါ ။ ရသေ့ကြီးရဲ့ နာမည် က ခေပဒူပတဲ့ သမီးရဲ့ ။တကောင်း ဘုရင် သတိုးမဟာရာဇာရဲ့ ညီအရင်း ပါ။တကောင်းပြည်ရဲ့ အိမ်ရှေ့မင်းသားပါ ။တကောင်းပြည်မှာ သောင်းကျန်းနေတဲ့ ဝက်ကြီးကို လိုက်လံနှိမ်နင်းရင်း .. လိုက်ရင်း .. လိုက်ရင်းနဲ့ သရေခေတ္တရာကို ရောက် ခဲ့တာပါ။ ဝက်ကြီးကို နှိမ်နင်းနိုင်ပေမယ့် သတိသံဝေဂရပြီး တကောင်းပြည်မပြန်တော့ပဲ မင်းကြီးတောင်မှာ ရသေ့ဝတ်နေတာပါ ။လောကီဈန်လောက်တော့ ရနေတဲ့ ထူးခြားတဲ့ ရသေ့ကြီး တစ်ပါးဖြစ်နေချိန်မှာ ပေါ့။

ဘေဒါရီက မဟာသမ္ဘဝတို့ကို ရသေ့ကြီးကျောင်းသက်န်းကို ခေါ်လာပြီး ဆွေမျိုးစပ်တော့ တူအရင်းတွေ ဖြစ် နေတာပေါ့ ။ဒါကြောင့် ရသေ့မြို့ဆိုပြီး မြို့တည်ပေးတယ်။မဟာသမ္ဘဝက ဘုရင်၊စူဠသမ္ဘဝက အိမ်ရှေ့မင်းပေါ့ သမီးရယ် ။ ဒီလောက်ဆိုရင် သူတို့ရဲ့ စိတ်ဝင်စားဖွယ် ဆုံစည်းမှုလေးတွေ ကို မှတ်မိပြီနော် …။မဟာသန္ဘဝနဲ့ ဘေဒါရီဟာလည်း မောင်နှမ တစ်ဝမ်း ကွဲပဲဆိုတာ မှတ်ထားပါ သမီးရေ .. ။ အဲတာကြောင့် ပြန်ကောက်ရရင် … ဘီလူးမရဲ့ သမီးဖြစ်လို့ ပန်ထွာမင်းသမီးဟာ အရပ်ရှည်တယ်၊ အသားဖြူတယ် ၊မျက်လုံးမျက်ဖန် အရမ်းလှတယ်တဲ့ ။ ရှေးဟောင်းဌာန က ဒီဗိဿနိုးက ကုန်းတွေကို ၁၉၅၉ ခုနှစ်လောက်ကတည်းက ပြန်လည် တူးဖော်နေတာ အခုဆို ကုန်းပေါင်း ၆၀ လောက် တူးဖော်ပြီးခဲ့ပါပြီ ။ကမ္ဘာ့ အမွေအနှစ်စာရင်းလည်း ဝင်ခဲ့ပါပြီ။

ရှေးဟောင်းကုန်းတွေ တူးဖော်ရင်း မကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မ ရဲ့ ဝိညဉ်ကို တွေ့ဖူးကြောင်း၊ဘုရင်မ ဟာ ဝတ်ရုံအဖြူကို ဝတ်ထားကြောင်း အရပ်က ၇ ပေခန့်ရှိကြောင်း၊ အသားက ဖြူစပ်စပ်ဖြစ်ကြောင်း၊ အရမ်းချောကြောင်း၊မျက်လုံးပြူးပြီး လှပကြောင်း ၊ရုပ်ရည်ဟာ တည်လွန်းကြောင်း ဖတ်ခဲ့ရဖူးပါတယ် ။ ဗိဿနိုးမြို့ဦးက ပန်ထွာဘုရင်မတည်ထားခဲ့တဲ့ ရွှေရောင်တော်ဘုရား မှာ မကြာခဏ အင်ကြင်းပန်းတွေ လာလှူကြောင်း၊အင်ကြင်းနံ့များပေးကြောင်း ..ဘုရားစောင်းတန်းက မုန့် ရောင်းတဲ့ ဦးလေးကြီးက ရှင်းပြပါတယ် ။ရွှေရောင်တော်ဘုရားပေါ်မှာ နတ်နန်းအဟောင်းရှိပြီး၊ ဘုရားပရဝဏ်အနောက်တောင်ဖက်မှာ နတ်နန်းအသစ် ရှိပါတယ် ။အင်ကြင်းပန်း တွေ ဘုရားပေါ်မှာ မကြာခဏ တွေ့ရ ကြောင်း ရှင်းပြပါတယ် ။

” ပန်ထွာဘုရင်မနဲ့ ပေပင်တွေရဲ့ ပတ်သက်မှုကကော ဖေဖေ …” “ပေပင်လေးတွေက မြေကြီးကနေကပ်ပြီး အဖူးတွေတော့ ထွက်ပါရဲ့ အသီးမတင်ပဲ သေသွားကြတာပဲတဲ့ ၊ဟိုအပင်လေးလည်း အဖူးလေးနဲ့ပဲ ဖေဖေ “” ပေပင်တွေကို ဘာလို့ကြိမ် ခဲ့တာလည်း ဖေဖေရယ် …” ” ဟိုး … ကဿပဘုရားရှင်လက်ထက်မှာပေါ့ သမီးရယ် … မိုးကခေါင်ပြီး အလွန်ပူအိုက်တဲ့အချိန်မှာ လက်ယ်ျာတော်ရံ မထေရ်ကြီးကို ပေရွက်နဲ့ ယပ်တောင်လုပ်ပြီးလှူဌာန်း ခဲ့တဲ့ ကုသိုလ်ကြောင့် ဒီဘဝမှာ အဲဒီ အကျိုး ခံစားခဲ့ရတာပါ …။

“ပန်ထွာဘုရင်မ ဖြစ်လာမည့် ဤမိန်းမငယ်သည် .. ကဿပဘုရားရှင် လက်ထက်က လက်ယာရံကိုယ်တော် မြတ်ကြီးကို ဤကဲ့သို့ အလွန်ပူအိုက် သောကာလ၌ ပေရွက်ကို ယပ်ထိုးပြီး လှူဌာန်းခဲ့သော စေတနာကံကြောင့် ဖြစ်လေရာဘဝ၌ မစိုက်မပျိုးရပဲ သက်သက်သော ပေပင်တို့ ခြံရံလျက် ကနက် ထီးနန်းနဲ့ မင်းခမ်းကျင်းပ၍ ဘဝထိုထို အလိုရှိတိုင်း ပြည့်စုံစေသတည်း…” လို့ မိန့်ကြားခံခဲ့ရသူ လေး ဖြစ်ပါတယ် သမီးရေ … ။ ဒီတော့သမီးရယ် .. ဗိဿနိုး၊တောင်တွင်းကြီးဒေသတွေဟာ အဲဒီကာလတုန်းက ပေပင်တွေ ဘယ်လောက်ပေါများလိုက်မလဲ ဆိုတာ ခုခေတ် ပုဂံ၊ညောငိဦး၊ကျောက်ပန်းတောင်းနယ်က ထန်းပင်တွေလို လူခုန်ကူးနိုင်တဲ့အဆင့် ဖြစ်ခဲ့မှာပေါ့ …။

ပေရွက်တွေနဲ့ ပေစာတွေဟာ သာသနာမှာ တစ်ထောင့်တစ်နေရာကနေလွန်စွာမှ အကျိုးပြုနိုင်ခဲ့တယ်။ ဒွတ္တဘောင်တို့ ပန်ထွာတို့ခေတ်မှာ ပေရွက်ပေါ်မှာတင် စာတင်နိုင်ခဲ့ကြတာ မဟုတ်ဘူး သမီးရဲ့ ။ ရွှေပေလွှာ ပေါ်အထိ စာရေးနိုင်နေကြပါပြီ ။ ပြည်မှော်စာက ဦးခင်ဘရဲ့ကုန်းကို တူးဖော်ရာကနေပြီး ရွှေပြားစစ်စစ် ပေါ်မှာ ဘုရားစာ(ပျူစာ) တွေကို ရေး ထားတာကို တွေ့ရှိခဲ့ပြီး တန်ဖိုးမဖြတ် နိုင်တဲ့ ပျူတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ဘာသာသာသနာ ကိုး ကွယ်မှုအနေအထားကို ခန့်မှန်းနိုင်ခဲ့ ကြတယ် … ၊

” ပန်ထွာဘုရင်မလေး လည်း ရွှေခါးပတ်၊ရွှေကြိုး၊ရွှေသရဖူ တွေ ဝတ်ဆင်ခဲ့မှာပေါ့နော် ဖေဖေ ” ” ဘုရင်တွေတင်မက မှူးမတ်တွေပါ ဝတ်ဆင်ခဲ့ကြတာမို့ အနီးနားက ရွာတွေမှာ ရွှေစလွယ်တွေ၊ရွှေနားတောင်းတွေ၊ ရွှေအိုးလေးတွေ မကြာ ခဏတူးဖော်ရရှိတဲ့ သတင်းတွေ ကြားနေရတာပေါ့ သမီးရယ် ” ” ပန်ထွာမင်းသမီးက ဘီလူးအနွယ်မို့ အရပ်ရှည်တယ်၊ သူ့ဝိညဉ်ကို မြင်ဖူးသူတွေပြောစကားအရ အရပ် ၇ ပေ လောက်ရှိတယ်တဲ့၊ မိန်းမဖြစ်ပြီး အဲဒီ လောက် ရှည်ပါ့မလား ဖေဖေ ” ” အင်း … ဗိဿနိုးမြို့ဟောင်းရဲ့ တူးဖော်မှု တစ်ခုမှာ အရပ် ၇ ပေလောက် ရှိတဲ့ ရှားပါးမိန်းမ အရိုးစု တစ်ခုကို တူးဖော်မိခဲ့ကြတယ်၊ နယူးဂျာစီ အကူ အညီနဲ့ စမ်းသပ်ကြည့်ရာမှာ နှစ်ပေါင်း နှစ်ထောင်နီးပါး ရှိနေပီလို့ အဖြေပေးတယ် ။မီးသင့်ထားတဲ့ ဘုရင်မအဆောက်အဦးက မီးသွေးတွေကို အမေရိကန်နိုင်ငံသား မစ္စတာပီးကော့ရဲ့အကူအညီနဲ့ စမ်းသပ်စစ်ဆေးရာမှာလဲ နှစ်ပေါင်း ၁၈၀၀နဲ့ ၂၃၀၀ ကြားခန့်မှန်းပေးတာ ကို သုံးသပ်ရင် ပျူဘုရင်မကြီးရဲ့ အရိုးစုများလားဆိုတာရယ်၊ဘုရင်မ ရဲ့ နန်းတော်အစစ်ပါလားဆိုတာရယ် တွေးပြီး … လွမ်းမောစရာကြီးပေါ့ သမီးရယ်..။

” ပေပင်တွေကို ဘာလို့ကြိမ်စာတိုက်ခဲ့တာလဲ ဖေဖေ၊နောက်မှ လွမ်းပါ၊အဲ့တာလေး အရင် ဖြေပါဦး …” လွမ်းဖို့ပြင်နေဆဲမှာပဲ သမီးငယ်ရဲ့ စိတ်မရှည်သံကြောင့် အတွေးတွေရပ်ပြီး အတိုချုပ်ဖြေလိုက်ရပါတယ် …. ဒီလို သမီးရဲ့ … ” ဗိဿနိုးဇာတ်လမ်းကတော့ သမီးတို့ သိပြီးသားပဲလေ ၊ သရေခေတ္တရာဘုရင် ဒွတ္တဘောင်ဟာ ညီမဝမ်းကွဲ လေးမို့ရော ၊အတိတ်က မိန်းမတော်ခဲ့ဖူးတဲ့ ပဌာန်းဆက်ကြောင့်ကော ဗိဿနိုးဘုရင်မ ပန်ထွာမင်းသမီးကို အရမ်းကို ချစ်မြတ်နိုးတော်မူသတဲ့ ။ ပန်ထွာမင်းသမီးလေးကတော့ ဒွတ္တဘောင်ဆိုတဲ့ ဘုရင်အကိုတော်ကို အသံကြားတာနဲ့တင် ခါးခါးသည်းသည်း မုန်းတယ်တဲ့ ။ဒါကလည်း သူ့ ရဲ့ အတိတ်ဘဝ ‘ပွေးမလေးဘဝ’ က ဆုတောင်းကြောင့် ခါးခါးသည်းသည်း မုန်းနေခဲ့ရတာပါ .. ။ဆု’ဆိုတာ လွယ် လွယ်မတောင်းမိကြဖို့ အရေးကြီးတယ် သမီးရေ ..”

” ပွေးမလေးက ဘယ်လိုဆုတောင်းခဲ့လို့ ဒီဘဝမှာ ခါး ခါးသည်းသည်းမုန်းရတာလေး ပြော ပြဦးနော် ” ” ဒီလိုပါ သမီးရယ် … ခုပဲပြောပြပါ့မယ်.. ဇာတ်လမ်းတွေကို ဆက်စပ်မိအောင်ပါ၊ အချို့တွေက ဇာတ်လမ်းတစ်ခုချင်းစီတော့ သိကြပါတယ်၊ဒါပေမယ့် ဇာတ်လမ်းတစ်ပုဒ်ထဲ ဆိုတာတော့ မသိခဲ့ကြတာ များတယ် ။ ဒွတ္တဘောင်နဲ့ ပန်ထွာတို့ဟာ ဒီဂေါတမဘုရားလက်ထက်မှာပဲ ပြည် မြို့ရဲ့တစ်ဖက်ကမ်းက ‘ ဖိုးဦးတောင်’ မှာ ပွေးဖိုနဲ့ပွေးမအဖြစ် ချစ်ခင်စွာ နေခဲ့ကြဖူးတယ်။ဘုရားရှင်ဟာ ၁၀၃ ခုနှစ်မှာ ဖိုးဦးတောင်ကို ကြွလာတယ်။ ဘုရားရှင်ကြွလာမှာ ကြိုသိနေကြတဲ့ သူတို့မောင်နှံဟာ ကတိတစ်ခု ထားခဲ့ ကြသတဲ့။’ ဘုရားရှင်ကြွလာရင် ဘယ်သူအရင်တွေ့တွေ့ တစ်ယောက်ကို တစ်ယောက် လာခေါ်ကြဖို့ပေါ့ ။ ဒါပေမယ့် ဘုရားရှင် တကယ်ကြွ လာတဲ့အခါမှာတော့ ပွေးဖိုက အရင် ဘုရားကို ဖူးမျှော်ရပြီး ပွေးမလေးက အစာရှာလွန်နေလို့ ရှာလို့မတွေ့ခဲ့ဘူး တဲ့ သမီးရယ်၊သူတကယ် ရှာလောက်ပါတယ် ။ပွေးမလေး ပြန်ရောက်ချိန်မှာ ဘုရားရှင်ကို မြေကျစ်ဆုပ်ပြီး လှူဌာန်းခဲ့ကြောင်း သာဓုခေါ်ဖို့ ပြောပေမယ့် မိန်းမဆိုတာ .. မိန်းမပဲပေါ့ သမီး ရယ် ..၊ဖေဖေလည်း ရှင်းမပြတတ်ပါ ဘူး ။ပေါက်ကွဲတယ်ပေါ့ ။ယုတ်မာတယ်ပေါ့၊ ရိုင်းတယ်ပေါ့ ။ တစ်ကိုယ်ကောင်း ဆန်တယ်ပေါ့ ။လုံးဝ(လုံးဝ) မကြေနပ်ဘူးပေါ့ ။ သူမလည်း အားကျမခံ မြေကျစ်ဆုပ်လေး ကိုင်ပြီး ဘုရားရှင်ဆီ အမှီလိုက် ဟောဟဲဆိုက်စွာနဲ့ ဆုတောင်းတယ်ပေါ့ ။

” ဖြစ်လေရာဘဝမှာ ဟောဒီပွေးဖိုနဲ့ လုံးဝ မတွေ့ဆုံရပါစေနဲ့ အရှင်ဘုရား” ပေါ့ ။ပွေးဖိုကလည်း အားကျမခံ ပြန် ဆုတောင်းတယ်၊ ” သူပြုသမျှ ကုသိုလ်ကံကြောင့် ပွေးမလေးနဲ့ ဘဝ ဆက်တိုင်း ပေါင်းဆုံပါရစေ ဘုရား” ပေါ့ ။ ဒီဆုတောင်းတွေကြောင့်ပဲ ချစ် သူ၊မုန်းသူ ၊ အခဲမကြေသူတွေ အဖြစ် လူ့ဘဝမှာ ပြန်လည်ဆုံတွေ့ကြပေမယ့် တစ်ယောက်က အချစ်ကြီး ချစ်သူ၊တစိယောက်က အမုန်းကြီးမုန်းသူ ဖြစ်နေရတာပါ သမီးရေ …။ ” ထားပါတော့ သမီးရယ် … ပေပင် တွေအကြောင်း ဆက်ပြောပါ့မယ်…၊

ဒွတ္တဘောင်မင်းက ဘုန်းအာဏာ ကြီး မားတော့ အနီးမြို့တွေက အခွန်ဆက် သရတယ်၊ပန်ထွာဘုရင်မက မဆက် သဘူး၊အရမ်းမုန်းတာရော၊ရန်ပါယ်ချောင်းက ရေတံခါးတွေနဲ့ သူ့တပ်အင်အားကို ယုံကြည်တာရော ပါမှာပေါ့ ။အဲတော့ ဒွတ္တဘောင်မင်းက လာ တိုက်တယ်၊ပန်ထွာဘုရင်မက ရန်သူ တပ်တွေလာတာမြင်ရင် စည်တီးတယ်။စည်တီးတော့ ‌ရေကြီးတယ်ပေါ့ ။ ရန်ပါယ်ချောင်းက ရေလုံးကြီးတွေဟာ ကြောက်မက်ဖွယ်ရာ အော်သံ ကြီးတွေပေးပြီး ရန်သူတပ်တွေကို ဝါးမြိုသွားတယ်၊ဒွတ္တဘောင်တပ်တွေ ဟာ တပ်ပျက်ပြီး ပြန်ပြေးရတယ် ။ ရေတံခါးတွေဟာ အတုလစည်တော် အပေါ် တည်မှီနေကြောင်း သိတဲ့အခါ သာသနာပြုမင်းသမီးမှန်း သိတဲ့အတွက် ဘုန်းကြီးအတုလွှတ်ပြီး စည်းရုံးလို့ စည်ကြီးကို ဖောက်စေခဲ့ တယ်။သရေခေတ္တရာတပ်တွေ ချီလာ ချိန်မှာ စည်အပေါက်ကြီးကြည့်လို့ ပန်ထွာဘုရင်မဟာ အရှုံးကြီး ရှုံးလို့ အမုန်းကြီးမုန်းခဲ့ရပြီလေ…။ထီးကျိုး စည်ပေါက်၊ မီးလောင်ဖျက်ဆီးခံရတဲ့ မြို့ပျက်ကြီးကို ကြည့်ပြီး ပန်ထွာရဲ့ရင် မှာ ဘယ်လောက်နာကျည်းမုန်းတီး လိုက်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ် သမီးရယ် ”

” ကြီးကျယ်ခန်းနားတဲ့ နေပြည်တော် ကြီးဆီကို ပြောင်းရွေ့စံမြန်းစေလိုတဲ့ စေတနာ၊မေတ္တာအပြည့်နဲ့ ပင်ပမ်းခက်ခဲစွာ ကြွချီလာခဲ့ရတာပါ အမတော်” ဆိုပြီး လက်ကမ်းပေမယ့် အံ့ကြိတ်လို့သာ လိုက်ပါသွားခဲ့ရပါတယ်။ ” စည်တီးလို့ ရေကြီးတယ်ဆိုတာက နတ်တွေက လုပ်ပေးတာမဟုတ်ပါဘူး သမီးရဲ့ … ခုခေတ်သဘော ပြောရရင် တယ်လီဖုန်းပေါ့ ။ ပင်မစည်တော်ကြီး ကို တီးခတ်လိုက်ချိန်မှာ စည်သံကြား နိုင်မယ့် အကွာအဝေး အဆက်ဆက်မှာရှိတဲ့ ရေတံခါးတွေ အဆက်ဆက်က ကြားပြီး ရေတံခါးတွေ ဖွင့်ချနိုင်ခဲ့ တာပါ ။ရေတံခါးတိုင်းမှာ စည်တော် တွေတပ်ထားလို့ စည်သံကြားနိုင်မယ့် အကွာအဝေးတိုင်းမှာ စည်သံကြားတာနဲ့ ရေတံခါးဖွင့် နောက်တံခါးတစ်ခု ကြားအောင် စည်ဆက်တီးနဲ့ အချက်ပေးခဲ့ကြတာပါ။မျက်စိထဲ မြင် တယ်မို့လား သမီးရယ်။အဲဒီခေတ် တယ်လီဖုန်းပေါ့။”

“တော်လိုက်တာ .. အဲဒီခေတ် ကတည်းက ဆည်ရေကို သိုလှောင်ထိန်းသိမ်း အသုံးချတတ်ခဲ့ တာပေါ့နော် ဖေဖေ “” မှန်တယ် သမီး ဖေဖေပေးချင်တဲ့ မက်ဆေ့က အဲတာပါ သမီးရယ် ” ” ဒေါသတွေနဲ့အခဲမကြေတဲ့ မင်းသမီးဟာ မင်းကြီးကိုလုပ်ကြံဖို့ပဲ အမြဲ ကြိုးစားနေခဲ့တယ် ..၊ အခွင့်သာချိန်မှာ မသန့်ရှင်းတဲ့ ‘တဘက်’ကို ဆက်ကပ်ပြီး ဘုန်းတံခိုး ကျဆင်းအောင် လုပ်ခဲ့တယ် ။ဒါပေမယ့် အတိတ်ဘဝကစလို့ ခုချိန်ထိ ချစ်ခဲ့ရသူပီပီ စိတ်မနာပဲ ဆက်ချစ်နေခဲ့တယ် ။တတိယမျက်လုံးခေါ်တဲ့ မျက် ရှင်တော်ကွယ်ပြီး ဘုန်းကံလည်း နိမ့် ကျသွားခဲ့တယ်။ ပတ်ဝန်းကျင်မြို့တွေက အခွန်မဆက်ကြတော့ဘူး ။(ဘုရင်ကြီးကိုယ်တိုင်လည်း အခွန်မဆက်သတဲ့ မြို့တွေကို လှည့်လည်ရင်းပုသိမ်မြစ်ဝမှာ ဖောင်တော်မှောက်ပြီး နတ်ရွာစံခဲ့ရတယ် သမီးရေ …။)

တနေ့ပေါ့ ….. ချုပ်ပီးပြောရရင် အအေးထဲမှာ အဆိပ်ခတ်ထားတာကို မင်းကြီးသိသွားပြီး နှမတော်အရင် သောက်ပြပါ လို့ တောင်းဆိုသတဲ့ ။ပန်ထွာရဲ့နောက် ဆုံးအချိန် ရောက်သွားခဲ့ပြီ သမီးရေ၊ သူသေရတော့မယ် ဆိုတာ သိသွားပီ၊ အဆိပ်ခွက်ကိုင်ပြီး ဆုတောင်းပြီပေါ့။ အဲဒီကာလမတိုင်ခင်တုန်းက..ပန်ထွာမင်းသမီးရဲ့ ဗိဿနိုးမြို့က ပေပင်တွေကို ပေစာအတွက်ရော၊သာသနာအတွက်ပါ ဒွတ္တဘောင်မင်းကြီးက အသုံးချနေခဲ့တာကို ပန်ထွာက မကြေနပ်ဖူး သမီးရယ် ..။ ဗိဿနိုးဟာ သရေခေတ္တရာရဲ့ စာအုပ်စက်ရုံကြီးပေါ့ ။ တားဆီးလို့ မတတ်သာလို့သာ ရင်နာနာနဲ့ သူ့ပေပင်တောအုပ်ကြီးကို အသုံးချခံခဲ့ရတာပါ။ပေသီးတွေနဲ့ ပုတီးတွေ၊ နားတောင်းတွေ ၊ဆွဲကြိုး တွေ လုပ်နေတာကို ရင်နာနာနဲ့ ကြည့် နေခဲ့ရတာပါ ။ပေပင်ဟာ သာသနာ ရဲ့ အသက်၊သာသနာရဲ့ ပုံရိပ် ၊နိမိတ် အပင်အဖြစ် အဲဒီအချိန်က ရွှေနဲ့ထပ်တူ တန်ဖိုးထားခဲ့ကြတာပါ ။ တောင်တွင်းကြီးမှာ ပေပင်လေးပင် တပြိုင်နက်ပေါက်လာတာကို ” ပေလေးပင် ရှင်လေးပါး” ပေါ်လိမ့်မယ်လို့ အတိတ်နိမိတ် ကောက်ခဲ့ကြတာ ဖတ် ဖူးတယ်မို့လား သမီးရယ် ”

“သူ့ဘုန်းကံကြောင့် ပေါ်ပေါက်လာတဲ့ ပေပင်တွေနဲ့ ပေသီးတွေကို သူအလွန်မုန်းတီးတဲ့ ဘုရင်က အဆင်သင့်သုံးစွဲ နေတာကို သူမကြေနပ်ဘူး ” ” ကျွန်မသည် ဒွတ္တဘောင်ဘုရင်အား ဒီဘဝမှာဖြင့် မသတ်နိုင်တော့ပြီ … နောင်ဘဝ အဆက်ဆက် လက်စားချေခွင့် ရရှိရပါလို၏ ဘုရား၊ ကျွန်တော်မျိုးမ၏ ကိုယ်ပွားများဖြစ် ကြသော ပေပင်များအားလုံးသည်လည်း ကျွန်တော်မျိုးမ လူပြန်ဖြစ်ချိန် ရောက်မှသာ အပင်များကြီးပါစေ၊အသီးများလည်း သီးပါစေသတည်း လို့ ဘုရားရှေ့မှာ ဆုတောင်းတယ်” သူ့ရဲ့မြို့ဖက်ကို လက်ညှိုးထို့လို့ မာန်ပါပါနဲ့ ” ငါလာမှသီး ၊ငါလာမှကြီး” လို့ အော်ဟစ်ဆုတောင်းတယ်၊နောက် အဆိပ်ရေ အအေးခွက်ကို သောက်ပြီး သူချစ်တဲ့ ဗိဿနိုးမြို့လေးကို ခွဲခွာ သွားလိုက်တာ ဒီနေ့အထိပါပဲ …ပေပင်တွေ မကြီးသေးသလို သူလည်း လူ့ဘဝကို ပြန်ရောက် မလာသေးဘူးပေါ့ သမီးရယ် …

“အမုန်းဆိုတာ မကောင်းပါဘူး သမီးရယ် ၊ကိုယ့်အတွက်ရော တပါးသူအတွက်ပါ ပူလောင်ကြရပါတယ် ။ ဆုတောင်းဆိုတာကလည်း လွဲမှားရင် ကြောက်စရာကြီးမို့ လွယ်လွယ် ဆုတောင်းတာတွေ မလုပ်မိပါစေနဲ့ သမီးရေ …။ စေတနာအမှားဆိုတာလည်း ရှိတတ် တာမို့ အဆုံးစွန်မတိုင်ခင်ထိ စိတ်ရှည်သည်းခံကြရမယ်…။အထင်လွဲမှားမှု တွေနဲ့ တည်ဆောက်ခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ဘဝဟာ ကြည်နူးပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်း လို့ နိဂုံးချုပ်သင့်ပေမယ်လည်း ဆုတောင်းမှားခဲ့ကြလို့ နိဂုံးမလှဖြစ်ခဲ့ ကြရတာပါ သမီးရေ … ။

ကျွန်တော်တို့ ဗိဿနိုးမြို့ဟောင်းကြီးက ထွက်လာတော့ ညနေ မှောင်ရီရီ ဖြစ်နေပါပြီ … ။ မုဒ်ဦးကြီးအထွက်မှာ လွမ်းဆွတ်စွာနဲ့ နောက်လှည့်ကြည့်လိုက်မိတယ် …။ ဝတ်ရုံဖြုနဲ့ ပန်ထွာမင်းသမီးလေးက ကျွန်တော်တို့ကို မျက်နှာငယ်လေးနဲ့ ထွက်ပြီး နှုတ်ဆက်နေသယောင် …၊ လေအသင့်မှာ ဝတ်ရုံဖြူလေးနဲ့ ဆံစ လေးတွေက .. တလွင့်လွင့် …။ နေခဲ့ပေဦးတော့ ဗိဿနိုးရေ … ။

ဦးဝင်းဇော်ဦး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page