တက္ကစီဒရိုင်ဘာ၊ ဆရာဝန်တဦးနဲ့ ပံ့သကူ ပစ်ရမယ့် တထောင်တန် နှစ်ရွက်

ပံ့သကူ

(၁) ပြည်လမ်း​ပေါ်က ဘတ်စကားမှတ်တိုင်တစ်ခုအလွန်​က​လေးမှာ လူတစ်​ယောက်က လက်ပြတားသည် ။ ကားကိုရပ်​ပေးရင်း ” ဘယ်ကိုသွားမလို့လဲ​ ” မေး​တော့ ​… ” တောင်ဥက္ကလာ​ဆေးရုံ ” ဟု​ဖြေရင်း ​ရေးကြီးသုတ်ပြာနှင့် ​နောက်ခန်းတံခါးကိုဖွင့်ပြီး ကား​ပေါ်တက်လာသည် ။ ကား​ပေါ်​ရောက်မှ ​ဈေးစကားစ​ပြောလာသည် ။ “ဘယ်​လောက်​ပေးရမလဲခင်မျ ”

ကားဆရာစဥ်းစားသည် ။ ဒီလူ​တော်​တော်အ​ရေးကြီး​နေပုံရသည် ။ ခပ်လတ်လတ်အဝတ်အစားနှင့် … လက်ထဲမှာလည်း​ကျောပိုးအိပ်တစ်လုံးသာပါလာသည် ။ ​တောင်ဥက္ကလာ​ဆေးရုံကို ဆို​တော့ … လူနာရှင်ဖြစ်ပုံရသည် ။ အ​ရေးကြီး​နေပုံ​ထောက်​တော့ … ​တောင်းသ​လောက်​ပေးမည့်သ​ဘော ။ ကားဆရာစဥ်းစားသည် ။

မနက် ​ခြောက်နာရီ​လောက်ကတည်းက အုံနာဆီက ကားထုတ်လာခဲ့တာ ယခု ခုနှစ်နာရီခွဲ​နေပြီ ၊ ဈေးဦးမ​ပေါက်​သေး ။ ကပ်​ရောဂါကာလမို့ လူ​တွေအသွားအလာသိပ်မရှိကြ​တော့ ​နေ့တွက်ကသိပ်မကိုက်ချင် ။ မ​နေ့ကလည်း အုံနာ​ကြေးနှင့်ဆီဖိုးနှုတ်လိုက်​တော့ အိမ်က​မိန်းမအတွက်​ဈေးဖိုး​တောင်မ​လောက်ငှချင် ။ တကယ်တန်းက​တော့ ကမာရွတ်က​နေ ​တောင်ဥက္ကလာကို ပုံမှန်တက္ကစီကားခက ငါး​ထောင်ထက်မပိုသင့် ။ ကားဆရာ အရဲစွန့်​တောင်းကြည့်မိသည် ။

“ခုနှစ်​ထောင်​လောက်​တော့​ပေးပါ” ခရီးသည်က တစ်ချက်​ ‘တွေ’ သွားသည် ။ ပြီးမှ စိတ်​လျှော့လိုက်ဟန်ဖြင့် …”အို​ကေ … ရပါတယ်ဗျာ” ​ပြော​ပြောဆိုဆို ​ကျောပိုးအိတ်ကို ဖွင့်လိုက်သည် ။ အ​တော်စိတ်မြန်တဲ့လူပါလား … ဟု ကားဆရာ​တွေးမိသည် ။ ​နောက်ကြည့်မှန်ထဲက သူ့လှုပ်ရှားမှု​တွေကို ​ကားဆရာမြင်​နေရသည် ။ အထဲကပိုက်ဆံအိတ်ကို ထုတ်သည် ။ ​မြင်ဖူး​နေကျ ပိုက်ဆံအိတ်တွေနှင့် မတူ ။ အိတ်က လက်ကိုင်ကွင်းမပါ ၊ ခပ်ကြီးကြီး ၊ ခပ်​ဖောင်း​ဖောင်း ။ ကားဆရာစိတ်ဝင်စားသွားသလို နဲနဲလည်းလန့်လာသည် ။ ကပ်ကာလ​​ခေတ်ကြီးက​ကောင်းတာမဟုတ် ။ လက်နက်​တွေဘာ​တွေများလား …

ခရီးသည်က ပိုက်ဆံအိတ်ကိုဖွင့်ပြီး ငါး​ထောင်တန်တစ်ရွက်နှင့် တစ်​ထောင်တန်နှစ်ရွက်ကိုထုတ်ပြီး ကားဆရာကို ​ပေးလိုက်သည် ။ ပိုက်ဆံလှမ်းယူရင်း အိတ်ထဲကပစ္စည်းကိုမြင်​တော့ကားဆရာ အံ့သြသွားရသည် ။ ဆရာဝန်သုံး နားကြပ်တစ်လက် …

(၂) စိတ်​အေးသွားရ​သောကားဆရာက ခရီးသည်ကိုနဲနဲစပ်စုကြည့်သည် ။ “​ဆေးရုံသွားမှာဆို​တော့ အစက အစ်ကို့ကိုလူနာရှင်လို့ဘဲထင်လိုက်တာ ။ အစ်ကိုကကျန်းမာ​ရေးဝန်ထမ်းလား ၊ ဆရာဝန်လား ” “ဟုတ်ကဲ့ … ” ခရီးသည်က ခပ်ဆိုင်းဆိုင်း ပြန်​ဖြေသည် ။

“ဒီကာလမှာ အစ်ကိုတို့ကျန်းမာ​ရေးဝန်ထမ်း​တွေ အလုပ်သိပ်များတယ်​နော်… အန္တရာယ်လည်းများလွန်းတယ် ” “ဟုတ်ကဲ့ … ” “ဒါနဲ့အစ်ကိုက​နေ့တိုင်းအလုပ်ကို တက္ကစီနဲ့သွားရတာလား ” “တကယ်​တော့ ​တောင်ဥက္ကလာ​ဆေးရုံက ကျွန်​တော့်ရဲ့ မိခင်ဌာန​ဆေးရုံ မဟုတ်ပါဘူး ။ လုပ်ငန်းလိုအပ်ချက်အရ ​ခေတ္တတွဲဖက်တာဝန်ချထားတာပါ ။ နေ့တိုင်း​တော့ တက္ကစီဘယ်စီးနိုင်ပါ့မလဲဗျာ ၊ ​လော​လောဆယ် ကျွန်​တော်​နေ​နေတဲ့ ​နေရာက​နေ​ ​တောင်ဥက္ကလာ​ဆေးရုံကို သွားရင်ဘတ်စ်ကားနှစ်ဆင့်စီးရတယ် ၊ အဲဒီအတွက်အချိန်အနည်းဆုံးတစ်နာရီ ​ပေးရတယ် ။ ဒီ​နေ့​တော့ ကျွန်​တော်နဲနဲ​နောက်ကျသွားလို့ တက္ကစီ စီးလိုက်ရတာပါ ။ အလုပ်က မနက်ရှစ်နာရီမှာ ဂျူတီချိန်းရမှာ ။ ကိုယ်​နောက်ကျသွားရင် နှစ်ဆယ့်​လေးနာရီဆက်တိုက်တာဝန်ကျထားတဲ့ နိုက်ဂျူတီသမားကို သိပ်အားနာဖို့​ကောင်းပါတယ်”

“အစ်ကို့အိမ်က ကမာရွတ်မှာမဟုတ်ဖူးလား ။ ပြီး​တော့အစ်ကို့မှာ ကိုယ်ပိုင်ကား​တွေဘာ​တွေမရှိဘူးလား ။ စိတ်မရှိပါနဲ့​နော် ။ ဒီကာလမှာအစ်ကိုတို့အလုပ်နဲ့ အစ်ကိုတို့ဘဝကို ကျွန်​တော်စိတ်ဝင်စားမိလို့ပါ ” ကားဆရာက နဲနဲပို၍ စပ်စုလိုက်သည် ။ ခရီးသည်က စိတ်ရှည်လက်ရှည် ဆက်ရှင်းပြသည် ။

“ရပါတယ်ဗျာ ။ ကျွန်​တော့်အိမ်ကပန်းဘဲတန်းမှာ ၊ မိခင်ဌာန​ဆေးရုံက လမ်းမ​တော်မှာ ဆို​တော့ လမ်း​လျှောက်သွားလိုက်ရုံပါဘဲ ။ ကားမလိုခဲ့ဘူး​လေ ။ ဒါ​ပေမယ့် ကပ်​ရောဂါကာလမှာ​တော့ ကျွန်​တော်တို့ကျန်းမာ​ရေးဝန်ထမ်းအများစုဟာ ကိုယ်က​နေတစ်ဆင့် ကိုယ့်မိသားစုဝင်​တွေကို ကူးစက်ခံရမှာစိုးလို့ ကိုယ့်မိသားစုနဲ့ကိုယ့်အိမ်​တွေကိုစွန့်ခွာခဲ့ကြပါပြီ ။ ဌာနကစီစဥ်​ပေးတဲ့ ကွန်ဒို​တွေ အိမ်ယာ​တွေမှာစုပြီး​နေထိုင်ရင်း အလုပ်ခွင်ကိုဝင်​နေကြပါတယ် ။ စား​ရေး​သောက်​ရေးကိစ္စကိုအလှူရှင်​တွေက တာဝန်ယူ​ပေး​နေပြီး သွားလာ​ရေးကိစ္စက​တော့ တစ်ချို့​နေရာ​တွေမှာ ဖယ်ရီရှိ​​ပေမယ့် တစ်ချို့နေရာ​တွေမှာ​တော့ ကိုယ့်အစီအစဥ်နဲ့ကိုယ် သွားလာကြရပါတယ်။ ကိုယ်ပိုင်ကားဆိုတာက​တော့ ဆရာဝန်အ​တော်များများမှာ မိဘနဲ့မိသားစုက ဝယ်မ​ပေးရင်ကိုယ်ပိုင်ဝင်​ငွေနဲ့ ကားစီးနိုင်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ ။ ဂျီပီ​ကောင်းတဲ့​နေရာမှာ နှစ်နှစ်​ သုံးနှစ်လောက် ​နေခွင့်ရတဲ့သူတစ်ချို့​လောက်သာ ကိုယ်ပိုင်ဝင်​ငွေနဲ့ ကိုယ်ပိုင်ကားဝယ်စီးနိုင်ကြတာ ။ ရန်ကုန်မှာတာဝန်ကျတဲ့ဆရာဝန်ငယ်အများစုက​တော့ သာမန်အစိုးရဝန်ထမ်း​တွေလိုဘဲ သွား​ရေးလာ​ရေးအတွက် အများပြည်သူသုံးဘတ်စ်ကား​တွေကိုဘဲ အားကိုးရတာပါ။

ကားဆရာနဲနဲ​တော့​ ‘တွေ’ သွားသည် ။ “အစ်ကိုက … ​ဆေးခန်း​တွေဘာ​တွေ​ရော မထိုင်ဘူးလား ” “မြို့လည်​ခေါင်မှာ​တော့ ​ဆေးခန်းကြီး​တွေနဲ့အပြိုင် ဘယ်ဖွင့်လို့ရမှာလည်းဗျာ ။ ဆင်​ခြေဖုံး​နေရာမှာ​တော့ ​​ဆေးခန်း​သေး​သေးက​လေးဖွင့်ဖြစ်ခဲ့ပါတယ် ။ ကျွန်​တော့်လို အထူးကု​ပေါက်စတစ်​ယောက်အဖို့​တော့ အထူးကုလိုဘယ်ကုလို့ရမှာလဲဗျာ ။ သာမန်ဂျီပီဆရာဝန်လိုဘဲ ​ဆေးထိုး ​သောက်​ဆေးသုံးရက်စာ​ပေး ၊ ကိုယ့်အတွက် နှစ်​ထောင် သုံး​​​ထောင်ကျန်​အောင်မနည်းလုပ်​နေရာတာ ။ လူနာအများစုက ဆင်းရဲကြတယ်​လေ ။

ကိုဗစ်ကာလ ​လော့ခ်​ဒေါင်း​တွေချချိန်ကတည်းက အဲဒီ​ဆေးခန်းက​လေးလဲ ပိတ်ထားရတာ ။ ခု​တော့ … အစိုးရ​ပေးတဲ့လစာတစ်ခုတည်းနဲ့ ရပ်တည်​နေရတယ်​လေ ” ကားဆရာ တကယ် ‘​လေ’ သွားပြီ ။ ကိုယ့်မှာသာတက္ကစီဆွဲလို့အဆင်မ​ပြေတာကို ဒုက္ခလို့ထင်​နေတာ ။ လူတိုင်းမှာလည်း ကိုယ့်ထက်မ​လျှော့တဲ့ အခက်အခဲ​တွေနဲ့ပါလားလို့ ကိုယ်ချင်းစာမိလာသည် ။ အခက်အခဲဖြစ်​နေသူအချင်းချင်မှာ​တောင်မှ ကိုယ်ကကိုယ့်မိသားစုအတွက်သာ ကြည့်သည့် အတ္တဆန်​သောအခက်အခဲ ။ ခရီးသည်က အများအတွက်ပူပင်​ကြောင့်ကြ​နေရ​သော ပရဟိတဆန်သည့်အခက်အခဲ ။ တစ်​ထောင်တန်နှစ်ရွက်ကိုကြည့်ပြီး ကားဆရာ နဲနဲ​တော့ရှက်မိလာသည် ။

(၃) စကား​ကောင်း​နေကြတာနှင့် ​တောင်ဥက္ကလာအမျိုးသမီးနှင့်က​လေး​ဆေးရုံနား ​ရောက်မှန်းမသိ​ရောက်လာသည် ။ ” ဆရာ … ‘ ကာ​တိုလိပ် ‘ ​ဆေးရုံကိုပို့ပေးရမှာလား ” ” မဟုတ်ဖူးဗျ ၊ ဟိုဘက်ကအသစ်​ဆောက်ထားတဲ့ ကိုဗစ် အထူးကုစင်တာကိုသွားမှာ ”

ကားဆရာ … လိပ်ပြာမလုံချင်​တော့ ။ တစ်​ထောင်တန်နှစ်ရွက်​ကို လက်ကအလိုလို ပြန်ယူမိသွားသည် ။ ပြီး​တော့ … “​ဆောရီးပါဆရာ … သည်ခရီးက အမှန်တကယ် ငါး​ထောင်ထက် ပိုမယူသင့်တဲ့ ခရီးပါ ။ ကျွန်​တော်လည်း ဒီရက်ပိုင်း ကားဆွဲလို့အဆင်မ​ပြေတာနဲ့ ပို​တောင်းမိလိုက်တယ် ။ ဒီလိုအချိန်မှာ လူနာ​တွေအတွက် အချိန်လုပြေးလွှား​နေရတဲ့ ဆရာ့လိုလူဆီက ပို​တောင်းမိတာ ကျွန်​တော်ရှက်လည်းရှက်တယ် ၊ စိတ်မ​ကောင်းလည်းဖြစ်မိတယ် ။ ဆရာကလည်း​ဈေးမဆစ်ဖူး​နော် ၊ ဘာလို့မဆစ်တာလဲ ၊ ဆစ်ရင်ကျွန်​တော်​လျှော့​ပေးမိမှာပါ ”

ခရီးသည်ဆရာဝန်က ကျယ်ပြန့်စွာပြုံးလာသည် ။ ” ကျွန်​တော်တို့ဆရာဝန်​တွေ ​ဆေးခန်းထိုင်တဲ့အခါ လာပြကြတဲ့လူနာ​တွေ ​ဈေးဆစ်ရိုးထုံးစံမရှိကြပါဘူး ။ တစ်ချို့​တွေဆို ​ဆေးခန်းလာပြနိုင်ဖို့အတွက် ​ပေါင်နှံ​ချေးငှားထုခွဲပြီး​တောင် လာပြကြရရှာတာ ။ ဒါကိုသိတဲ့အတွက် ဆရာဝန်အများစုကလည်း ​ဆေးဖိုးအပြင် ပညာခအတွက်အလွန်အကျွံမယူမိ​အောင် သတိထားတတ်ကြပါတယ် ။ ဒါ​တောင်မှ တစ်ခါတစ်ရံ ပိုက်ဆံမ​လောက်တဲ့လူနာမျိုး​တွေ ကြုံ​တွေ့တဲ့အခါ အရမ်းစိတ်မ​ကောင်းဖြစ်ရပြီး ကိုယ့်ကိုယ်ကိုလည်း ရှက်မိခဲ့တဲ့အခါ​တွေ ရှိခဲ့ဖူးပါတယ် ။ ဒါ​​တွေကို​နေ့တစ်ဒူဝကြုံ​တွေ့လာရတဲ့အခါ ကျွန်​တော့်မှာ အကျင့်တစ်ခုဖြစ်လာခဲ့တယ် ။ ​ဈေးဝယ်တဲ့အခါဖြစ်ဖြစ် ခုလိုပိုက်ဆံ​ပေး​ချေရတဲ့အခါမျိုးမှာဖြစ်ဖြစ် လူနာ​တွေအ​ပေါ် ကိုယ်ချင်းစာမိပြီး ​တော်ရုံတန်ရုံ​ဈေးဆစ်​​နေလေ့မရှိ​တော့ပါဘူး ”

ကားဆရာလက်ထဲက တစ်​ထောင်တန်နှစ်ရွက် လွတ်ကျလုမတတ်ဖြစ်သွားသည် ။ ” ခွင့်လွှတ်ပါဆရာ … ကျွန်​တော်ပိုယူမိတဲ့​ငွေနှစ်​ထောင်ကိုလည်း ပြန်​ပေးပါရ​စေ ။ လက်ခံ​ပေးပါ ” ” ​နေပါ​စေ​တော့ဗျာ ။ ခင်များမယူချင်​တော့ရင်လည်း တကယ်လိုအပ်​နေတဲ့သူတစ်​ယောက်​ယောက်ကို လှူလိုက်​ပေါ့ ။ ဒါမှမဟုတ် ဒီည တန်​ဆောင်မုန်းလပြည့်ညမဟုတ်လား ၊ ပံ့သကူပစ်လိုက်လို့ရမှာပါ ”

​ပြောရင်းဆိုရင်း ​ဆေးရုံ​ပေါ်တီကို​အောက်​ရောက်လာသည် ။ ဆရာဝန်ကဆက်​ပြောသည် ။ ” အားမနာပါနဲ့ ၊ စိတ်မ​ကောင်းလည်းမဖြစ်ပါနဲ့ ၊ ​နောက်ဆို ကိုယ်ဒုက္ခ​ရောက်လာချိန်မျိုးမှာ လူတစ်ဖက်သားရဲ့ ဒုက္ခနဲ့ အခက်အခဲကိုလည်း ကိုယ်ချင်းစာစိတ်နဲ့မြင်​အောင်ကြည့်​ပေးပြီး အဆင်​ပြေ​အောင်ကူညီ​​ပေးလိုက်ပါ ။ ခင်များကိုယ်တိုင်လည်း အဆင်​ပြေလာတာ​တွေ့ရပါလိမ့်မယ် ”

ခရီးသည်က​ပြေရင်းဆိုရင်း ​ကျောပိုးအိပ်ကို ​ကောက်လွယ်လိုက်သည် ။ ပြန်မထည့်ဖြစ်​တော့​သောနားကြပ်ကို လည်မှာဆွဲလိုက်သည် ။ လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်ပြီး ကားတံခါးကို ဖွင့်၍ ခပ်သုတ်သုတ်ဆင်းလိုက်သည် ။ ပြီး​တော့ … အ​ပေးအယူ​တွေ ၊ အ​ရောင်းအဝယ်​ကိစ္စ ​တွေ ၊ အကျိုးအမြတ်လုပ်ငန်း​တွေမှာ ကြားရ​လေ့မရှိသောစကား ဖြင့်နှုတ်ဆက်သွားသည် …

“ကဲ … ခွင့်ပြုဦးဗျာ ၊ ​ကျေးဇူးတင်ပါတယ်” တစ်​ထောင်တန်နှစ်ရွက်ကိုကိုင်ရင်း ကားဆရာကျန်ခဲ့သည် ။ နားကြပ်လည်ဆွဲခရီးသည်က​တော့ ​ဆေးရုံအဝင်ဝမှာ ကိုယ်ပိုင်ဘဝကို ထားခဲ့ပြီ ။ လက်ပတ်နာရီကို ငုံ့ကြည့်မိ​တော့ …နံနက် ရှစ်နာရီထိုးရန် … ငါးမိနစ်အလို … ။

Thein Lwin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page