လူထောင်ချီ ပိတ်မိနေတဲ့ ရန်ကုန်နဲ့ ဧရာဝတီတိုင်း နယ်စပ်က ပန်တိုင်ဂိတ်ကို ဖွင့်ပေးလိုက်ပြီ

လူထောင်ချီ ပိတ်မိနေတဲ့ ရန်ကုန်နဲ့ ဧရာဝတီတိုင်း နယ်စပ်က ပန်တိုင်ဂိတ်ကို ဖွင့်ပေးလိုက်ပြီ

ဒီနေ့ မနက်ပိုင်းကတည်းက ရန်ကုန်ကနေ ဧရာဝတီတိုင်းဆီကို ပြန်လာတဲ့ ရာထောင်ချီတဲ့လူတွေကို အဝင်မခံပဲ ပိတ်ထားတဲ့ ပန်တိုင်ဂိတ်ကို ဒီညနေပိုင်းမှာ ဖွင့်ပေးလိုက်ပါပြီ။

ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်း နယ်စပ် ပန်တိုင်ဂိတ်မှာ ရန်ကုန်ဘက်က ဝင်လာသူတွေကို ဝင်ခွင့် မပေးတာကြောင့် လူတစ်ထောင်နီးပါး ပိတ်မိနေတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ဓနုဖြူမြို့က ကိုပိုင်စိုးကပြောပါတယ်။

ဒီနေ့မနက် အစောပိုင်းကတည်းက ပန်တိုင်ဂိတ်ကိုရောက်ရှိနေကြတာ ဖြစ်ပြီး မွန်းလွဲပိုင်းအထိ တာဝန်ရှိသူတွေက ဧရာဝတီတိုင်းအတွင်းကို ဝင်ခွင့်ပြုမယ် မပြုဖူးဆိုတာ အဖြေတစ်စုံတရာ မပေးသေးတာပါ။

“ကျွန်တော်တို့ ရောက်နေတာ မနက်ကတည်း ၊ ဓနုဖြူပြန်မယ့်သူချည်း တစ်ရာနီးပါးရှိမယ် ၊ အခု ဒီမှာက ဘယ်မြို့နယ်ကိုမှ ပေးမလွှတ်ဘူး ။ ပေးလည်း မဖြတ်ဘူး ၊ စစ်ဆေးမှုလည်း မလုပ်ဘူး ၊ စာရင်းသွားပေးတော့လည်း မယူဘူး ၊ သူတို့ အစည်းအဝေးလုပ်နေပါတယ် ဆိုပြီး တစ်ယောက်မှ လက်ခံမထားဘူး ။ လူတွေကတော့ အများကြီးမှာ တစ်ထောင်နီးပါးလောက်ရှိမယ် ၊ ကားကြီးတွေရော ၊ အိမ်စီးကားတွေရော တစ်စီးမှ ပေးမဖြတ်ဘူး” လို့ ကိုပိုင်စိုးက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ကိုပိုင်စိုးက ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ်ထဲက ထမင်းဆိုင် တစ်ဆိုင်မှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ကိုဗစ်ကာလမှာ ရန်ကုန်မှာ ဆက်ပြီး နေထိုင်ဖို့ အဆင်မပြေတော့တာကြောင့် ဇာတိဖြစ်တဲ့ ဓနုဖြူကို ပြန်လာခဲ့တာ ဖြစ်ပါတယ် ။

အခုလို လူစုလူဝေးနဲ့ ပန်တိုင်ဂိတ်မှာ ပိတ်မိနေတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး ဒီနေ့ မွန်းလွဲ ၃ နာရီ နီးပါးလောက် အထိ အဖြေမထွက်သေးဘူးလို့ ဝန်ကြီးဦးဝင်းဌေးက ပြောကြားခဲ့ပါတယ်။

“မနက်က အစည်းအဝေးလုပ်ချိန်ကတည်းက တစ်ရာကျော်လောက်ရှိတာ အခုများလာပြီလို့ ပြောတယ် ။ ဒီဘက်မှာလည်း အားချင်းညှိနေတယ် ။ Stay at Home သတ်မှတ်တဲ့ ၄၄ မြို့နယ်က လုံးဝအပြင်မထွက်ရဘူးဆိုတဲ့ အချက်ကလည်း ရှိနေတယ်။ အဲဒီအချိန်မှာ ဟိုမှာလည်း မနေနိုင်တော့လို့ ပြန်လာတဲ့ သူတွေနဲ့ ဆိုတော့ တိုင်းကျန်းမာတို့ ဘာတို့နဲ့ ညှိနေတယ် ၊ အဖြေတော့ မထွက်သေးဘူး ။ ထွက်တော့လည်း ထွက်မှာ ဒီအတိုင်းချည်းတော့ ထားလို့ မရဘူး” လို့ ပြောပါတယ်။

ကိုဗစ် ရောဂါ အများဆုံး ကူးစက်ခံနေရတဲ့ ရန်ကုန်မြို့မှာ အနယ်နယ်အရပ်ရပ်က လာရောက်အလုပ်လုပ်ကိုင်သူတွေ ပိတ်မိနေကြပြီး အများစုက အလုပ်အကိုင်တွေ ရပ်ထားရတဲ့အတွက် စားစရိတ် ၊ နေစားရိတ်တွေ အခက်အခဲဖြစ်နေကြပြီး မှုရင်းနေရပ်တွေဆီ ပြန်လာဖို့ ပြင်ဆင်နေကြရာမှာ အခုလို အခက်အခဲတွေ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page