ပဒေသရာဇ်စနစ်ကို ရင်ဆိုင်အံတုမယ့် ကျောင်းသူလေး ပန်းနုဆာယာ

ပဒေသရာဇ်စနစ်ကို ရင်ဆိုင်အံတုမယ့် ကျောင်းသူလေး ပန်းနုဆာယာ

ပန်းနုဆာယာ စစ်ထီ ဂျီရာဝပ်ထနာကူးအမည်ရ အသက် (၂၁) နှစ်အရွယ် မိန်းကလေးငယ်သည် ထိုင်း ဘုရင်နှင့် ပဒေသရာဇ်စနစ်ကိုအန်တုဖို့ ထောင်းနန်းစံရမည့်အန္တရာယ်နှင့်စွန့်စားရန်ဆုံးဖြတ်ခဲ့ချိန်က သူမ၏လှုပ်ရှားမှုအပေါ် ထိုင်း ပြည်သူလူထုက မည်သို့တုံ့ပြန်မည်ကို မသိခဲ့ချေ။

ထိုမတိုင်မီ နာရီများအတွင်း စိတ်ခံစားချက်များ ဝေဝါးပြီး သူမ မူးလဲကျမတတ်ဖြစ်ခဲ့သည်။ သူငယ်ချင်းများ၏ ထောက်ခံအားပေးမှုဖြင့် ဘန်ကောက်မြို့တွင် ဆင်နွှဲနေသည့် ကန့်ကွက်ဆန္ဒပြပွဲ၌ တရားဟောရန်အတွက် တည်ငြိမ်စွာ စင်ပေါ်တက်ခဲ့သည်။ ထိုပြောဆိုချက်များသည် ထိုင်းနိုင်ငံကို ကိုင်လှုပ်မည့် ဟောကြားချက်များ ဖြစ်သည်

“လူတွေသာ မထောက်ခံရင် ကျွန်မတော့ သွားပြီး”ဟု သြဂုတ်လ၏ တခုသောနေ့ရက်၌ သူမ အရဲစွန့်ခဲ့ပုံကို ပြောပြသည်။ ထောင်ပေါင်းများစွာသော ကျောင်းသားထုရှေ့မှောက်၌ အခြေခံဥပဒေကိုဖီဆန်၍ ထိုင်းဧကရာဇ်၏ အာဏာနှင့် ဥစ္စာဓနကို ထိန်းချုပ်ရန် ပန်းနုဆာယာ စစ်ထီ ဂျီရာဝပ်ထနာကူးက ရဲရဲတောက် တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်နှင့် မိသားစုကို ဝေဖန်ပြောဆိုမှုကို ဥပဒေဖြင့်တားမြစ်ထားပြီး ထောင်ဒဏ်ချမှတ် အပြစ်ပေးနိုင်သည်။

ဘုရင့်ဘဏ္ဍာ ဘတ်ဂျက်ခွဲဝေမှုကိုလျှော့ချသင့်ကြောင်း၊ ဘုရင့်ကိုယ်ပိုင်ဘဏ္ဍာနှင့် နန်းစဉ်ဘဏ္ဍာကို သီးသီးသန့်သန့် ခွဲခြားထားသင့်ကြောင်း၊ တိုင်းပြည်အာဏာသိမ်းမှုများကို ဘုရင်က မီးစိမ်းပြခွင့်ပြုပေးခြင်းများ နောက်နောင် မလုပ်ဆောင်ရန် အစရှိသည့် တောင်းဆိုချက် ၁၀ ချက်ပါစာတမ်းကို သူမက ဖတ်ကြားသည်။ ထို့ပြင် ဘုရင်နှင့် မိသားစုအပေါ် ဝေဖန်ထောက်ပြမှုကိုလည်း မပိတ်ပင်သင့်ဟု သူမက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကဖြစ်ပွားခဲ့သည့် ကျောင်းသားထု စုရုံးလှုပ်ရှားမှုတွင်လည်း သူမပါဝင်ခဲ့သည်။ ယခုတကြိမ် ပို၍ ထူးခြားသည်မှာ အဆိုပါတောင်းဆိုချက်များကို ထိုင်းဘုရင့် အကြံပေးကောင်စီထံ စာအိတ်နှင့်တကွ ပန်းနုဆာယာက ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လတ်တလော အခြေအနေများ ရှုပ်ထွေးနေပြီး ဘုရင်မင်းမြတ်ထံသစ္စာခံသူများက တန်ပြန်သပိတ်များဆင်နွှဲရန်ရှိနေသည်။ ထိုစဉ်အတွင်း ဆန္ဒပြကျောင်းသား (၂၁) ဦး ဖမ်းဆီးခံထားရသည်။

ဘုရင် မဟာဝဇိယလောင်ကွန်းသည် ဂျာမနီနိုင်ငံတွင်သာအနေများပြီး လတ်တလောတွင် ခမည်းတော် ဘူမိဘော အဒူယာဒက် နတ်ရွာစံခြင်း (၄) နှစ်ပြည့် အခမ်းအနားတက်ရောက်ရန် ထိုင်းနိုင်ငံတွင် ပြန်လည်ရောက်ရှိနေသည်။ ဆန္ဒပြသူများ၏ ဘုရင်အပေါ် ကန့်ကွက်ဝေဖန်မှုများတွင် ပြည်တွင်း၌နေ၍ ထီးနန်းစိုးစံခြင်းမရှိသည်လည်းတကြောင်းပါဝင်သည်။

ထိုင်း ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲနိုင်မှသာ စစ်မှန်သော ဒီမိုကရေစီရရှိနိုင်မည်ဟု ပန်းနုဆာယာကို ထောက်ခံသူများက ယုံကြည်ပြီး ကန့်ကွက်ဆန့်ကျင်သူများကမူ ၎င်းတို့အား ပြည်ဖျက်များ၊ ပြည်ပသြဇာခံရုပ်သေးများဟု သမုတ်သည်။

“တိုင်းပြည်ဆိုတာ ဘုရင်နဲ့ မိသားစုပဲမဟုတ်ဘူး။ တိုင်းပြည်ဆိုတာ ပြည်သူလူထုအားလုံးကို ကိုယ်စားပြုတယ်။ ဒါကြောင့် ကျွန်မတို့က သူတို့ပြောသလို ပြည်ဖျက်တွေမဟုတ်ဘူး။ ကျွန်မကို အမေကတောင် ချုပ်ကိုင်လို့မရဘူး။ ဘယ်သူက ကျွန်မကို ကြိုးကိုင်မှာလဲ”ဟု ပြည်ပက အထောက်အပံ့များ ရယူလှုပ်ရှားနေသည်ဆိုသော စွပ်စွဲချက်ကို သူမက တုံ့ပြန်ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page