ရပ်ဆိုင်းထားတဲ့ အောက်စ်ဖို့ဒ် ကာကွယ်ဆေးစမ်းသပ်မှုများ ပြန်လည်စတင်

ရပ်ဆိုင်းထားတဲ့ အောက်စ်ဖို့ဒ် ကာကွယ်ဆေးစမ်းသပ်မှုများ ပြန်လည်စတင်

အောက်စ်ဖို့ဒ် တက္ကသိုလ်က ပညာရှင်တွေ ဦးဆောင် တီထွင်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုတွေကို အခုအခါ ပုံမှန် ပြန်လည် ပြုလုပ်နေပြီလို့ သိရပါတယ်။

ဗြိတိန်နိုင်ငံက ကာကွယ်ရေး စမ်းသပ်မှုတွေမှာ ပါဝင်နေတဲ့ လူနာတစ်ဦးဟာ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် ဖျားနာခဲ့တဲ့နောက် ဆေးစမ်းသပ်မှုတွေကို ချက်ချင်း ဆိုင်းငံ့ထားလိုက်ပါတယ်။ အခုသီတင်းပတ် အစောပိုင်းကစလို့ နိုင်ငံတချို့မှာ ဆေးဝါး စမ်းသပ်နေတဲ့ အစီအစဉ်အားလုံး ယာယီ ရပ်ဆိုင်းထားခဲ့တယ်လို့ အောက်စ်ဖို့ဒ်က သုတေသီတွေနဲ့အတူ ကာကွယ်ဆေး ပူးပေါင်း တီထွင်နေတဲ့ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးကြောင့် ရှားရှားပါးပါး ကြုံနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက သိပ်ပြီး မပြင်းထန်ဘူးလို့ ယုံကြည် ယူဆရတဲ့အတွက် စက်တင်ဘာ ၁၂ ရက်မှာ စမ်းသပ်မှုတွေ လုပ်ငန်းစဉ်တွေ ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် မတ်ဟန်းကော့ခ်က ကာကွယ်ဆေး စမ်းသပ်မှုတွေ ပြန်စမယ့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေး စမ်းသပ်တဲ့ အစီအမံတွေမှာ ပါဝင်သူတချို့ နေထိုင်မကောင်း ဖြစ်လာနိုင်တယ် ဆိုတာကို ကြိုတင် မျှော်လင့်ထားပြီးဖြစ်ကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်ရဲ့ သုတေသီတွေက ထုတ်ပြန်ပါတယ်။ အထူးသဖြင့် လက်ရှိ နောက်ဆုံးအဆင့်လိုမျိုး လူဦးရေ အမြောက်အမြားနဲ့ တပြိုင်တည်း စမ်းသပ်တဲ့ အချိန်မှာ ဒီလိုကိစ္စတွေ ကြုံလာနိုင်တယ်လို့ ကြိုတွေးထားကြောင်း ပညာရှင်တွေက ဆိုပါတယ်။

အခုတော့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး စောင့်ကြည့် စစ်ဆေးနေတဲ့ သီးခြားလွတ်လပ်တဲ့ ကော်မတီ တစ်ရပ်နဲ့ ဗြိတိန်က ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဖြစ်စဉ်ကို စစ်ဆေးခဲ့ပြီး ဆေးဝါးဆက်လက် စမ်းသပ်ဖို့ မီးစိမ်းပြပေးလိုက်ကြောင်း သိရပါတယ်။ နာမကျန်း ဖြစ်ခဲ့တဲ့သူက ဘယ်လို ဝေဒနာတွေ ခံစားခဲ့ရသလဲ ဆိုတာကို တိတိကျကျ မထုတ်ပြန်ပါဘူး။

အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ အက်စထရာကုမ္ပဏီတို့ ပူးပေါင်း တီထွင်ထားတဲ့ ဆေးဟာ ကိုဗစ် ကပ်ရောဂါအတွက် တရားဝင် ကာကွယ်ဆေး ဖြစ်လာမယ်လို့ အလေးအနက် မျှော်လင့် စောင့်ကြည့်ခံထားရတဲ့ စမ်းသပ်ဆေးဝါးတွေ စာရင်းမှာ ပါဝင်နေပါတယ်။ ဒီဆေးအတွက် တတိယအသုတ်နဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို အမေရိကန်၊ ဗြိတိန်၊ ဘရာဇီးနဲ့ တောင်အာဖရိကတို့မှာ ပြုလုပ်နေပြီး လူပေါင်း သုံးသောင်းလောက် ပါဝင် အစမ်းသပ်ခံကြမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page