အောက်တန်းစား ဆိုတာ ဘယ်လိုလူမျိုးလဲ (ဖတ်သင့်တဲ့ စာတပုဒ်)

“မအေးမြင့် … ဆန်ပြုတ်လေး သောက်လိုက်ဦးနော်” “ရှင့်ဆန်ပြုတ်က ဘာမှလည်းမပါ … သောက်ချင်ပါဘူး” “ဘာဖြစ်ဖြစ်ကွယ် … ဆေးသောက်ရဦးမယ် မဟုတ်လား … တီဘီဆေးတွေကပြင်းတယ်။ အစာလေး တစ်ခုခု ဝင်အောင်တိုက်ပြီးမှ သောက်ခိုင်းတဲ့” “ကျွန်မ ကြက်သားဆီချက်လေးများ မသေခင် စားချင်ပါတယ်” “ဘာတွေပြောနေတာလဲကွာ … ဒီနေ့ ငါနေကောင်းပါပြီ … ကုန်ထွက်ထမ်းမှာပါ”

“သားလေးရော” “အိမ်ရှေ့မှာ ကစားနေတယ်” “သူရော ဘာစားပြီးပြီလဲ” “မစားရသေးဘူး” “သူ့ကို တိုက်လိုက်ပါရှင် … ကျွန်မ မသောက်ချင်ဘူး” “သားရေ မင်းအမေက လာဦးတဲ့” လေးနှစ်အရွယ် ကလေးက အိမ်ပေါ်တက်လာသည်။ “အဖေ … အလုပ်သွားမယ် … အမေ့နားမှာနေ ဟုတ်လား။ ဆန်ပြုတ်သောက်လိုက်” “သောက်ချင်ဘူး” “ဘာဖြစ်လို့လဲ” “ကြက်သားလည်းပါဘူး”

စိန်မောင် အလုပ်ထွက်ခဲ့သည်။ စိတ်ထဲတွင် လေးနေသည်။ လူက နေမကောင်းပျောက်ခါစ။ ချောင်းက တဟွတ်ဟွတ် မပျောက်သေး။ ဈေးထဲကို ရောက်လာသည်။ ငါးတန်းထဲကို အဝင်တွင် “ဟေ့ … စိန်မောင် … ကုန်ထမ်းမလို့လား” “ဟုတ်ကဲ့ ကိုလှကြည်” “အဲဒါဆိုရင် ငါးမူးပေးရမယ်” “ကျွန်တော် ဒီနေ့မှ အလုပ်ဆင်းနိုင်တာပါ ကိုလှကြည်ရယ် … ထမ်းပြီး ပိုက်ဆံရရင် ပေးပါ့မယ်” “မလိုချင်ဘူးကွာ … ပိုက်ဆံပေးမှ ဈေးထဲဝင်” စိန်မောင်တစ်ယောက် စိတ်ပျက်စွာဖြင့် ထွက်လာခဲ့သည်။

ရှေ့မှ အမျိုးသမီးနှစ်ယောက်က စကားပြော နေကြသည်။ “လူတွေ သူဌေးဖြစ်ကုန်ပြီလား မသိဘူး။ အိမ်သာကျင်းဖော်ဖို့ လူလိုက်ငှားတာ တစ်ယောက်မှ မရဘူး” ဟု ပြောနေကြသည်။ “အစ်မကြီး … ကျွန်တော် အိမ်သာကျင်း ဖော်ပါ့မယ် ဘယ်လောက် ပေးမှာလဲ” “သုံးကျပ်” “ငါးကျပ်တော့ ပေးဗျာ” “အလိုလေး … နင်တို့ အောက်တန်းစားတွေက လောဘကို အတောမသတ်နိုင်ပါပဲလား … လေးကျပ်ယူ” “ကျွန်တော့်မိန်းမ နေမကောင်းလို့ အဲဒီအလုပ် လုပ်မှာပါ … တစ်ခါမှ မလုပ်ဖူးပါဘူး” “ကဲ … လျှောက်ပြော မနေနဲ့ လိုက်ခဲ့ … ပေးမယ်”

စိန်မောင် အိမ်သာကျင်းဖော်သည့်အလုပ်ကို နံစော်စော်ဖြင့် လုပ်ရသည်။ အိမ်ရှင်မိန်းမကလည်း အပေါက်ဆိုး သည်။ ရေလေးတစ်ခွက် တောင်းသောက်သည်ကိုပင် နို့ဆီခွက်ထဲ ထည့်တိုက်သည်။ အလုပ်ပြီး၍ ရေချိုးပါရ စေဟု တောင်းပန်သည့်အခါ အိမ်သာခန်းထဲကို သန့်ရှင်းရေးလုပ်ပေးပြီးမှ ဇလုံထဲကရေဖြင့် အညစ်အကြေး တွေကို ဆေးခိုင်းသည်။ ဘာပြောပြော ငါးကျပ်တော့ရခဲ့သည်။ အိမ်ပြန်မည်ဆိုပြီး ထွက်လာသည့်အခါ လမ်းဘေးတွင် ကြက်မလေးတစ်ကောင်ကို တွေ့ရသည်။ သူက တောင်ကြည့် မြောက်ကြည့်လုပ်လိုက်သည်။

ထို့နောက် ကြက်ကလေးကို “ကျစ် … ကျစ်” ဟု လက်ဖျစ်တီးပြီး ခေါ်ကြည့်သည်။ ကြက်မလေးက သူ့ကို အစာကျွေးမည်ထင်ပြီး အနားကပ်လာသည်။ သူက အသာဖမ်းပြီး ပုဆိုးကွင်းထဲထည့် လိုက်သည်။ မသိမသာဖြင့် ဟန်မပျက် ထွက်သွားမည်အလုပ်တွင် “ဟေ့ကောင်ရပ်စမ်း” နောက်ကအော်သံကြားလိုက်ရသဖြင့် ရပ်လိုက်သည်။ လူနှစ်ယောက်။ တစ်ယောက်လက်ထဲတွင် တုတ်တစ်ချောင်း ကိုင်ထားသည်။ “ငါကြည့်နေတာကြာပြီ … မင်းပုဆိုးထဲက ဘာလဲ” “ဘာမှ မဟုတ်ပါဘူး” “ပြလေ … အဲဒါဆိုပြစမ်း” “ကတော် … ကတော်” “ကဲ … ဒါဘာလဲ … ငါက ကြက်တွေ ပျောက်လို့ စောင့်ဖမ်းနေတာ … သူခိုးက ခုမှမိတော့တယ်” “ပြောမနေနဲ့ အစ်ကိုကြီးရာ … ချ … ချ” “ကျွန်တော် သူခိုး မဟုတ်ပါဘူးဗျာ … ကျွန်တော့်မိန်းမ …” “ဖောင်း … ဖောင်း … ဖျောင်း” စိန်မောင့်ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားသည်။

“ဟဲ့ … တော်ကြ … တော်ကြ … သေသွားလို့ အမှုကြီးနေမယ်” စိန်မောင်က ခေါင်းကိုစမ်းလိုက်သည်။ သွေးတွေပါလား “ဟေ့ … အောက်တန်းစား … ထွက်သွား … နောက်တစ်ခါ ဒီလမ်းထဲလာရင် အသေပဲ” စိန်မောင်က ခေါင်းလေးကိုအုပ်ပြီး ထွက်ခဲ့သည်။ သူတို့လမ်းထိပ်ကိုရောက်လာသည်။ ဖိုးတင်တို့ အုပ်စုက ခေါ်သည်။ “ဟေ့ကောင် … တစ်ခွက်လောက်သောက်သွားဦးလေ” “မသောက်တော့ပါဘူး” “မင်းခေါင်းက ဘာဖြစ်လာတာလဲ” “ချော်လဲလို့” တရုတ်အမှိန်ဆိုင်ကိုရောက်လာသည်။

“အမှိန် … ကြက်သားဆီချက်တစ်ပွဲလောက်” “အကြွေး မီရောင်းဘူး” “ဒီမှာပိုက်ဆံ” “သုံးကျပ်ပေး” စိန်မောင်ကဆီချက်တစ်ထုပ်ဝယ်သည်။ သားလေးအတွက် ငှက်ပျောသီးနှင့် သကြားလုံးဝယ်သည်။ အိမ်ကိုပြန်ရောက်သည့်အခါ မအေးမြင့်က “ကိုစိန်မောင် ရှင့်ကိုယ်က ဘာနံ့ကြီးလဲ … ခေါင်းကရော ဘာဖြစ်လာတာလဲ” “ချေးပုံထဲ ချော်လဲလာလို့ပါကွာ … ရော့ဒီမှာ ဆီချက်လေး စားလိုက်ဦး။ သားရော” “ဘယ်လျှောက်ကစားနေသလဲ မသိဘူး” “ငါ ရေသွားချိုးလိုက်ဦးမယ်”

စိန်မောင် ချောင်းထဲကို ဆင်းပြီး ရေကူးလိုက်သည်။ ဆပ်ပြာမတတ်နိုင်သဖြင့် တစ်ကိုယ်လုံး သဲဖြင့် အထပ်ထပ် ပွတ်နေရှာသည်။ “နံလိုက်တာ … ဒီအနံ့တွေက ပျောက်ဦးမှာလား” သူက အိမ်ကိုပြန်လာသည်။ မှောင်တော့မည်။ သားနှင့် မိန်းမ ဆီချက် အားရပါးရစားနေသည်ကိုကြည့်ပြီး ပီတိဖြစ်နေသည်။ “ကောင်းလိုက်တာတော် … ဒါမျိုးမစားရတာ နှစ်ပေါက်နေပြီတော့ … သေပျော်ပါပြီ … ရှင်လည်း စားလေ” “မင်းတို့ပဲစားပါကွယ် … ငါစားလာပြီးပြီ”

ထိုစဉ် တဲရှေ့မှ လူသံတွေကြားလိုက်ရသည် “စိန်မောင် … စိန်မောင် ရှိလား” “ဘယ်သူလဲ” “ထွက်ခဲ့ဦး” စိန်မောင်က အပြင်ထွက်လိုက်သည်။ ရပ်ကွက်လူကြီးနှင့် ရဲတွေ သူ့မျက်နှာကို လက်နှိပ်မီးဖြင့် ထိုးထားသည် “သူလား …” “ဟုတ်တယ် … သူပဲ … ကျွန်မအိမ်မှာ အိမ်သာကျင်း လာဖော်သွားတာ သူပဲ” “ဟေ့ကောင် … မီးဖိုခန်းထဲမှာ ချွတ်ထားတဲ့ လက်စွပ်ကို မင်းယူသွားလား” “ကျွန်တော် မယူဘူး” “ဖုန်း” သူ့ကို ဆောင့်ကန်လိုက်သဖြင့် မြောင်းထဲကို ကွေးကွေးလေး ပြုတ်ကျသွားသည်။ ဆွဲထူပြီး လက်သီးနှင့် တစ်ချက်ထိုးလိုက်ပြန်သည်။

“မှန်မှန်ပြော … မှန်မှန်ပြောရင် သက်သာမယ်” “ကျွန်တော် မယူဘူး။ မီးဖိုခန်းထဲလည်း မဝင်ဘူး” “တယ် ဒီကောင် … ခေါ်သွား … စခန်းကို ခေါ်သွား” မအေးမြင့်က ဝင်ဆွဲသည်။ သားက ဖက်ငိုသည် “ကျွန်မတို့ ဆင်းရဲပေမယ့် ဒီလို မလုပ်ဘူး” “ဘာမလုပ်ရမှာလဲ … ငါ့အိမ်က ကြက်ကိုတောင် ခိုးသေးတာ” “ခေါ်သွားကွာ … ခေါ်သွားတော့” “မလုပ်ကြပါနဲ့ရှင်” စိန်မောင်ကို ဆွဲပြီး တွန်းထိုးကာ ခေါ်သွားကြသည်။

လမ်းထိပ်အရောက်တွင် ကောင်မလေးတစ်ယောက်က ဆိုက်ကားပေါ်မှ ဆင်းလိုက်ကာ “အမေ … အမေ .. အမေ့ လက်စွပ် ပြန်တွေ့ပြီ … အမေက ရေချိုးခန်းထဲမှာ ချွတ်ခဲ့ပြီးတော့” “ဟယ် … ဟုတ်လား … ငါက မီးဖိုချောင်ထဲက ကြောင်အိမ်ပေါ်တင်ခဲ့တယ်မှတ်လို့” “ကဲ … ခု ဘယ်လို လုပ်ကြမလဲ” “မခိုးဘူးဆိုလည်း ပြန်လွှတ်ပေးလိုက်ပေါ့” “ဟေ့ကောင် သွားတော့” “ကျွန်တော် ပြောသားပဲ မယူပါဘူးလို့” “သွား … သွား … စကားမရှည်နေနဲ့” “အေးကွယ် … ငါ့မောင်ကိုတောင်းပန်” “အို အစ်မကလည်း … ဒီကောင်မျိုးတွေ တောင်းပန်စရာ မလိုပါဘူး … အောက်တန်းစားတွေပါ”

တင်ညွန့်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page