ဧရာဝတီမြစ်ကြီးရဲ့ အစကို ပထမဆုံး တွေ့ရှိ မှတ်တမ်းတင် နိုင်ခဲ့တဲ့ ပြင်သစ်တော်ဝင် မင်းသား

ဧရာဝတီမြစ်ကြီးရဲ့ အစကို ပထမဆုံး တွေ့ရှိ မှတ်တမ်းတင် နိုင်ခဲ့တဲ့ ပြင်သစ်တော်ဝင် မင်းသား

ဧရာဝတီမြစ်ကိုကား ယေဘုယျအားဖြင့်ယူနန်ပြည်၏ အရေးပါသောထွက်ပေါက်လမ်းမကြီး အဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဤမြစ်အကြောင်းပိုမိုသိရှိရန် စူးစမ်းခဲ့ကြ သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ အချိန်ကာလအထိ ဧရာဝတီမြစ်၏ အထက်ပိုင်းကိုမည်သူမျှမသိကြ သေးပေ။ အတိအကျပြောနိုင်သည်ကား ဗန်းမော်မြို့အထိသာ ဧရာဝတီမြစ်ကိုသိရှိသေးသည်။ ဗန်းမော်မြို့ကိုလွန်၍ ဧရာဝတီအထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။

သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလတွင် ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri d’Orleans) သည်ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ် ကမ်းမှ ကာလကတ္တားသို့ ခြေလျင်ခရီးကြမ်းသွားခဲ့ပါသည်။

ဒုက္ခအမျိုးမျိုး၊အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ပြီး တစ်နှစ်အကြာ၊ ၁၈၉၆ခု၊ ဇန်နဝါရီလတွင် ကာလကတ္တားသို့ ရောက်ရှိ သွားပါသည်။သူ၏ရည်ရွယ်ချက်မှာဧရာဝတီမြစ်၏ အစကို ရှာဖွေရန် ဖြစ်ပါသည်။

သူ၏ ဝါသနာအရ ကမ္ဘာက မသိသေးသော တိရစ္ဆာန်များ၊ ထူးဆန်းလှပသည့် သစ်ပင် ပန်းမန် များကို ရှာဖွေမှတ်တမ်းတင်ရန်လည်း ရည်ရွယ်ပါသည်။သိပ္ပံပညာ စူးစမ်းလေ့လာရန် သက်သက် သွားရောက်ခြင်း ဖြစ်ပါသည်။

ခရီးသွားသောအခါ ပြင်သစ်ပိုင် ဆစ်ပ်ဆောင်ချူတိုင် (ချူထိုင် ၁၂ နယ်)၊ မြန်မာပိုင်ခဲ့ဖူးသည့် ဆစ်ပ်ဆောင်ပန္နား (လူး ၁၂ ပန္နား)၊ ယူနန်နယ် မဲခေါင်-သံလွင်တို့ကို ဖြတ်သန်းပြီး မြန်မာပြည် မြောက်ဖျား လူသူရောက်ပေါက်ရန် ခဲယဉ်းသည့် “ခမ္မတီးနယ်” ကို ဖြတ်သွားပါသည်။

“ခမ္မတီး” (Kampti) ဟူသည် ချင်းတွင်းမြစ်ပေါ်က“ခန္တီး” နယ် မဟုတ်ပါ။ မင်းသားနှင့် အဖွဲ့ကို ခမ္မတီးစော်ဘွား “လုံးခွန်” နှင့် အမတ်ချုပ် “ဦးဟေထောင်” တို့က ကြိုဆိုကြပါသည်။ သူတို့ တည်းခိုရန် သက်ကယ်မိုး ဇရပ်တစ်ဆောင်လည်း ပေးထားပါသည်။

ခမ္မတီးမြို့နယ် အကြောင်းကိုလည်းသူတို့၏ မှတ်တမ်းများထဲ၌သိသမျှဖော်ပြသွားပါသည်။ခမ္မတီး နယ်သို့ ဧည့်သည်များ အရောက်အပေါက် နည်းသည်။ ခရစ် ၁၈၉၃ က “ဂရေး” ဆိုသည့် အင်္ဂလိပ် ဗိုလ်မှူးတစ်ယောက် မြေတိုင်း မြေပုံဆွဲရန် ရောက်လာဖူးသည်။ သူ့အရင် ၂ နှစ်၊ ခရစ် ၁၈၉၁ က ဗိုလ်မှူး (Hobday) ဟော့ဒေးဆိုသူရောက်လာသည်။

ခမ္မတီး၏ မြောက်ဘက်သို့သွားရန် ကြိုးစားခဲ့သော်လည်းဆင်ဘို (ဂျင်းဖော) လူမျိုးများက လုံးဝလက်မခံခဲ့သောကြောင့် ရှေ့မတိုးနိုင်ဘဲလှည့်ပြန်ခဲ့ရသည်။ ယခုလည်း မင်းသားဟင်နရီနှင့် ပါလာသည့် အင်ဂျင်နီယာအီမိုင်းရော့ ( Emile Roux) က ဧရာဝတီနှင့်ပတ်သက်ပြီးဤသို့ မှတ်ချက်ရေးပါသည်။

”ဧရာဝတီ မြစ်ဖျားဒေသ ချောင်းမြောင်းတွေ အများကြီး။ အဲ့ဒီ ချောင်းမြောင်းတွေ ဖြစ်လာမည့် မိုးရေခံတဲ့ဒေသ (Basin) က ဧရာမ ဧရာမအကျယ်ကြီး။ ရွာတဲ့မိုးရေချိန်ကလည်းအများကြီး။ သစ်တောကြီးတွေကလည်း ဧရာမဧရာမ အကျယ်ကြီး။

မျက်စိတစ်ဆုံး(သစ်တောကြီးရင် မိုးများတယ်ဆိုတဲ့ ပတ်ဝန်းကျင်ဆက်နွယ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။)မိုးမရှိတဲ့ နွေကာလမှာလည်း မြစ်ဖျား၊ ချောင်းဖျားမှာ ရေအပြည့် စီးဆင်းနေတယ်။ ဘာလို့ဆိုရင် တောင်ထိပ်က ရေခဲတွေ အရေပျော်လို့ ဖြစ်ပါသတဲ့။

ဒီအကြောင်းတွေကြောင့် ဧရာဝတီမြစ်ဟာဧရာမရေအလျဉ်ကြီးဖြစ်နေပါသတဲ့။(စဉ်ဆက် မပြတ် လှေ၊ သင်္ဘောတွေသွားလာအသုံးပြုလို့ ရတယ်လို့ ဆိုလိုတာပါ။)”ခမ္မတီးမှဟင်နရီတို့အဖွဲ့ ခရီးဆက်ကြပါသည်။ အာသံပြည်မှ ဆာဒီယမြို့ကလေးသို့ ဦးတည်ပြီးသွားကြသည်။ ရိက္ခာ မလုံလောက်ပါ။ အဖျားအနာ ထူထပ်လှသည်။

အထမ်းသမားများလည်း ဖျားကြသည်။ အအေးဓာတ်ကား ၁၃ ဒီဂရီ စင်တီဂရိတ် ရှိလေ၏။ ည ရောက်လျှင် ရေခဲသည်။ တောထူသောကြောင့် ရှေ့ ၁၅ ပေထက် ပို၍ မမြင်ရပါ။ လမ်းဟူ၍ မမြင်ရ။ ရှိလည်း မရှိ။ ကျားနဲ့ ကြံ့များ (ခြေရာတွေ) ပေါပါသည်။ အထမ်းသမား တစ်ဦး ကျားဆွဲ၍ ပါသွားရာ ရှာမတွေ့တော့ပေ။ ခရီးသွားခဲ့ကြသည်မှာလည်း အတူတူ။

ငတ်ကြ ပြတ်ကြလျှင်လည်းအတူတူ။ တစ်ယောက်နှင့်တစ်ယောက်ညီရင်း အစ်ကိုရဲဘော်ရဲ ဘက်တွေများကဲ့သို့ပင် ခင်မင်နေကြပြီ ဖြစ်သည်။ သူကအထမ်းသမား၊ ငါကမင်းသား ဟူ၍ မရှိတော့ပေ။

အင်ဂျင်နီယာကိုလည်း ဖျားသောကြောင့် လမ်း၌ပင်နှင်းတောထဲတွင်တစ်ဘက်ရပ် (ငှက်ပျော ရွက်မိုး) တဲကလေးနှင့် ထားခဲ့ရသည်။ အထမ်းသမားများ ဖျားလျှင်လည်း လမ်း၌အစာရေစာ ၃၊ ၄ ရက်စာနှင့် ထားခဲ့ရသည်။ ယင်းသို့ ထားခဲ့ရသည့်အခါ တစ်ယောက်နှင့် တစ်ယောက် ဝမ်းနည်းကြ ရလွန်း၍ ဖက်ငိုခဲ့ကြရသည်။

( အဖျားသက်သာသော အခါ၌ကား အမီ လိုက်လာနိုင်ကြပါသည်။) မင်းသားတို့အဖွဲ့ နောက်ဆုံး လျှောက်ခဲ့သည့် ခရီးသည်ကား တောင်ထပ် ရေဝေကြောကြီး။

တောင်ဘက်ကို ကြည့်လိုက်လျှင် ချောင်းငယ်လေးများများစွာပေါင်းပြီး ဧရာဝတီမြစ်ကြီး ဖြစ် သွားသည်။ မြောက်ဘက်သို့ ကြည့်လိုက်လျှင် ချောင်းငယ်လေးများ စီးဆင်းပြီး ဗြဟ္မပုတ္တရ မြစ်ကြီး ဖြစ်သွားသည်။

မင်းသားဟင်နရီသည် သူတွေ့ချင်နေခဲ့သည့် ဧရာဝတီမြစ်၏ အဖျားကိုသာမက ဗြဟ္မပုတ္တရမြစ် ဖျားကိုပါ တွေ့ရသဖြင့် အသက်စွန့်ရကျိုး၊ ပင်ပန်းဆင်းရဲခံရကျိုး နပ်ပါသည်တဲ့။ သူသည် ပြင်သစ်လူမျိုးထဲတွင် ဧရာဝတီမြစ်၏ အစကို ပထမဆုံး တွေ့ရှိရသူ ဖြစ်ပါသည်။ အစာရေစာ ပြတ်၊ ဒုက္ခအဖုံဖုံ ဆင်းရဲပင်ပန်းခံရပြီး ဗြိတိသျှ ကင်းစခန်းလေးရှိရာ “ဆာဒီယ” သို့ ရောက်ရှိလာ ခဲ့ပါသည်။

ဒီဇင်ဘာလ၏ နေ့တစ်နေ့တွင် ဖြစ်ပေသည်။ ထွက်လာခဲ့ကြသည်မှာ တစ်နှစ်ရှိလေပြီ။ ဆာဒီယမှ ဆင်နှင့် ပို့ပေးသဖြင့် ကာလကတ္တားသို့ ရောက်ကြသည်။

ယူနန်မှ ငှားလာသော အထမ်းသမားများကို ခရီးစရိတ် အလုံအလောက်ဖြင့် ရန်ကုန်-မန္တလေး မှတစ်ဆင့် နေရပ်သို့ ပြန်ပို့ပေးပါသည်။ ၁၈၉၈ တွင် ခရီးသွား စာအုပ်များကို ပြင်သစ်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေခဲ့ပြီး ၁၉၉၇ တွင် White Lotus မှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။

ဆရာဝန်တင်မောင်ကြည်၏ ရေးသားချက်ကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page