“ညီမလေး ခုနလေးကမှ အိပ်ပျော်သွားတယ်” (ရုပ်ရှင်ထဲကထက် ဝမ်းနည်းဖို့ ပိုကောင်းတဲ့ ကိုဗစ် ဖြစ်ရပ်မှန်များ)

“ညီမလေး ခုနလေးကမှ အိပ်ပျော်သွားတယ်”

ညည့်ယံဟာ နက်သည်ထက်နက်လာတယ်။ အမှောင်ကြီးစိုးတဲ့ ညတွေဟာ ပြန်လည် ရုန်းထဖို့ ခက်ပါတယ်။ ရောင်နီလာဖို့ အချိန်ကို စောင့်ရတယ် ဆိုတာက အပြောလွယ်ပေမယ့် အလုပ်ခက်တယ် မဟုတ်လား။

” ကျွန်တော် မောနေတာ ကိစ္စ မရှိပါဘူးဆရာ။ အိမ်မှာ လေဖြတ်နေတဲ့ အဖေ ကျန်ခဲ့တယ်။”

သွေးတွင်း အောက်ဆီဂျင်ပမာဏက ထိုးကျနေပြီ။ ၈၀ ကနေ ၇၀ ဘက်ပြေးနေတဲ့ ညွှန်ကိန်းတွေဟာ ဒီလူသားရဲ့ မောပန်းနေမှုကို ကိုယ်စားပြုဖို့ မစွမ်းဆောင်နိုင်အားပါ။ အဖေ အိမ်မှာ ကျန်ခဲ့တယ်တဲ့။ အဖေက လေဖြတ်နေတယ်။ ဘယ်သူ ကြည့်ရှုမလဲ။ သူ့အဖေဆိုတော့ အသက်ကြီးလောက်ပြီ။ positive ဆိုရင် ဘယ်ကို ပို့မလဲ။ နောက်ခံရောဂါတွေ ဆီးချို၊ သွေးတိုး နှလုံးရောဂါ ရှိနေခဲ့ရင် ရောဂါပိုးရဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ မေးခွန်းတွေကို သူကိုယ်တိုင်လည်း မဖြေနိုင်ပါ။ သူ့လူနာကိုလည်း မရှင်းပြနိုင်ပါ။ အဆုတ်ကို အဓိကတိုက်ခိုက်တဲ့ cytokine storms မုန်တိုင်းတွေဟာ ဒီလူနာရဲ့ အဆုတ်တွင်းက သွေးတွင်းဓာတ်ငွေ့လဲလှယ်မှုကို မောင်ပိုင်စီးနေကြတယ်။

သူ မေးခွန်းတွေကို ဖျောက်လိုက်ရတယ်။ မတတ်နိုင်တာတွေများတဲ့ လောကကြီးမှာ သူ တတ်နိုင်တာ တစ်ခုခုကို လုပ်ရမယ်။ သွေးတွင်း အောက်ဆီဂျင်ပမာဏတွေကို လိုက်ကြည့်တယ်။ အောက်ဆီဂျင်ကို double line နဲ့ ပေးမယ်။ မရရင် reservour bag နဲ့ ဆက်ပေးမယ်။ ဒါမှ မရရင် မေ့ဆေးဆရာဝန်ရဲ့ အကူအညီကိုခေါ်ပြီး tube ထည့်မယ်။ အသက်ရှုစက်ရဲ့ အကူအညီကို တောင်းခံရမယ်။ သွေးပေါင်ချိန် ပမာဏ၊ သွေးတွင်း သကြားဓာတ် ပမာဏ ဂဏန်းတွေ။ နောက်ဆက်တွဲ ဝင်လာမယ့် ဘက်တီးရီးယား ရောဂါပိုးတွေအတွက် သုံးသင့်တဲ့ ပဋိဇီဝထိုးဆေးအချို့ရဲ့ ဆေးပမာဏကို သူတွက်ချက်မယ်။ လူတစ်ယောက်ရဲ့ အသက်ရှင်မှုကို ဆုံးဖြတ်နေတဲ့ အရေးပါလွန်းသော သက်မဲ့ဂဏန်းတွေကို သူမုန်းတီးနေပါပြီ။

PPE ဝတ်စုံကို သတိထားပြီး ချွတ်လိုက်တယ်။ မျက်မှန်ကို ချွတ်တော့ သူမျက်လုံးအစုံကို မှိတ်ထားလိုက်ပါတယ်။ အာရုံထဲက ကူကယ်ရာမဲ့ မောပန်းခြင်းတွေကတော့ ပျောက်မသွား။ PPE ဝတ်စုံကို အတွင်းဘက်သားကနေ ဂရုတစိုက်ကိုင်ပြီး အပြင်ဘက်ကို ဖြည်းဖြည်းချင်းလိပ်ပြီး ချွတ်တယ်။ အလျင်စလိုနဲ့ တုန်ခါမှုများရင် ကပ်နေတဲ့ ဗိုင်းရပ်စ်တွေက လေပေါ်မှာ၊ ပတ်ဝန်းကျင်မှာ လှပစွာ၊ ရက်စက်စွာ ကခုန်နေကြမှာ။ ရေဝင်ချိုးပြီး ဆပ်ပြာတွေနဲ့ တကိုယ်လုံး ပွတ်တိုက်နေလည်း ပြောင်စင်တယ်လို့ မခံစားရတဲ့ နေ့ရက်တွေဟာ တကယ်ရှိခဲ့ပြီ။ နောက်ထပ် မမြင်နိုင်တဲ့ ရက်စက် တွယ်ငြိသောကြိုးတွေဟာ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု၊ မိသားစု။ အိမ်မပြန်ဖြစ်တဲ့ ရက်တွေမှာ အဖေနဲ့ အမေ နေကောင်းရဲ့လား။ သူ အိမ်ပြန်လိုက်လို့ အဖေနဲ့ အမေ နေမကောင်းဖြစ်မှာ စိုးတယ်။ လောလောဆယ် သူ အိမ်မပြန်ဖြစ်ပါ။

ရေချိုးပြီးလို့ station ကို ဝင်ထိုင်နေတုန်း သူ ဖုန်းအဝင်တစ်ခု လက်ခံရရှိတယ်။ ခုနကမှ ရောက်လာတဲ့ အဒေါ်ကြီး ” ဒေါ်မြရီ” ။ အသက်က ၆၀။ သူ့မှာက Aplastic anaemia ဆိုတဲ့ ရောဂါအခံ ရှိတယ်။ ဒီရောဂါက ခန္ဓာကိုယ်က သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား စတဲ့ သွေးတွင်းက ဆဲလ်တွေအကုန်လုံး အားနည်းတာ။ နယ်ကနေ ရန်ကုန်ဆေးရုံကြီးကို ဆေးလာကုရတယ်။ ဆေးရုံက သွေး ၄ လုံး သွင်းပေးပြီး ပေးဆင်းလိုက်တယ်။

ဆေးရုံက ဆင်းပြီး လေးရက်အကြာမှာ စဖျားတယ်။ ရန်ကုန်ရဲ့ လေထုဟာ၊ ရန်ကုန်ရဲ့ နေရာတွေတိုင်းဟာ ပြဿနာ ရှိနေခဲ့တာ ဖြစ်လေတော့ ပြန်လာပြတယ်။ test kit နဲ့ စစ်တယ်။ positive နဲ့ အခြေအနေမကောင်းလို့ ဒီကို လွှဲလိုက်တယ်။ ဒီအဒေါ်ကြီးရဲ့ သွေးတွင်း အောက်ဆီဂျင်ပမာဏက သိသာစွာ ကျနေတယ်။ ဓာတ်မှန်မှာပြနေတဲ့ လက္ခဏာတွေကြောင့် သူ Dexaထိုးဆေးကိုလည်း ရွေးချယ်တယ်။

ဖုန်းဆက်လာတာက သူ့သမီးဖြစ်သူ

” ဆရာ အမေ့ကိုလေ ဘာမှ မကျွေးလိုက်ရလို့ပါ ဆရာ၊ အမေ့ကို ဆန်ပြုတ်လေးတိုက်ဖို့တောင် မတိုက်လိုက်ရလို့ပါ။ တစ်ခုခု ကျွေးပေးလို့ရရင် ကျွေးပေးပါဆရာ”

“ဟုတ်လား၊ အစ်ကို တစ်ခုခု ကျွေးပေးပါ့မယ်”

” အမေက လက်နဲ့ကိုင်မစားနိုင်ဘူး ဆရာ”

“ဟုတ်ပြီ ညီမလေး၊ အစ်ကို ရအောင် ကျွေးပေးမယ်နော်”

အချိန်က ည ၇နာရီခွဲ။ သူ ရုတ်တရက်ထပြီး အခန်းထဲမှာ သွားရှာတယ်။ ပေါင်မုန့် ရှိတယ်။ Royal D ဘူး ရှိတယ်။ နောက်ပြီး ဘတ်တာကိတ်။ ဘတ်တာကိတ်လေးကတော့ နူးညံ့တော့ စားဝင်မှာပါ။ ခက်တာက သူ PPE ချွတ်ပြီးပြီ။ ICUခန်းအဝမှာ သွားထားပေးပြီး လောလောဆယ် PPE ဝတ်ပြီး အထဲမှာဝင်နေတဲ့ ညီမကို လှမ်း အကူညီတောင်းတယ်။ လူနာကို မုန့်လေးဝင်အောင်ကျွေးခိုင်းတယ်။ ညီမလေးကလည်း ဝင်အောင် ကျွေးပေးပါတယ်။ သူ့ရဲ့ cake လေးရယ် အချိုရည်လေးရယ် ဝင်သွားတယ်။ တော်ပါသေးရဲ့။

” ညီမရေ ဘတ်တာကိတ်လေးနဲ့ အချိုရည်ကျွေးပေးထားတယ်နော်”

“ဟုတ်ကဲ့ပါဆရာ။ အမေ ဘာမှ မစားသွားရလို့ပါဆရာ။ ကျေးဇူးပါ”

ဖုန်းပြန်ဆက်ပေးလိုက်တော့ စိတ်ချလက်ချ ဖြစ်သွားဟန်တူတဲ့ လူနာရဲ့ သမီးဖြစ်သူဟာ နောက်ထပ်တော့ ဖုန်းဆက်မလာတော့။

ညရဲ့လက်တံတွေဟာ တဖြည်းဖြည်းနဲ့ ရွေ့လျားသွားတယ်။ မနက် ၂နာရီ။ အသက်ရှု ရုန်းကန်ရခြင်း၊ ပြင်းပြင်းထန်ထန် ရှုရှိုက်ရခြင်းမှာ လူတချို့ဟာ ဘဝကို လက်လျှော့လိုက်ရတော့တယ်။ အသက်ရှုသံတချို့ဟာ ပြင်းလာတယ်။ ပြီးတဲ့နောက် အသက်ရှုသံတချို့ ငြိမ်သက်သွားတယ်။ သူတို့မှာ ပိုင်ဆိုင်တဲ့ အောက်ဆီဂျင်ညွှန်ကိန်း၊ သွေးပေါင်ချိန် စတဲ့ ဂဏန်းတွေဟာ လူံလောက်မှု မရှိတော့။ သူ ဆေးတွေ ထပ်ထိုးတယ်။ ဒါပေမယ့် သူ အသက်ရှုသံတချို့ကို လက်လျှှော့လိုက်ရပါတယ်။

PPE ချွတ်ပြီးတော့ သူ ဖုန်းထပ်ဆက်ရတယ်။ ခုနက မုန့်ကျွေးခိုင်းတဲ့ သမီးဖြစ်သူရဲ့ ဖုန်းနံပါတ်ဆီကို ဘယ်လို အင်အားမျိုးနဲ့ ဆက်သွယ်ရပါ့မလဲ။ နောက်ထပ် ဆက်သွယ်ဖို့ ကြည့်လိုက်တော့ သားဖြစ်သူရဲ့ ဖုန်းနံပါတ်တစ်ခုရှိသေးတယ်။ သူ ဆက်လိုက်တယ်။

သားဖြစ်သူဟာ ရုတ်တရက် ငြိမ်သက်သွားတယ်။ ရှိုက်သံ အချို့တဝက် ထွက်လာတယ်။

” ကျွန်တော်တို့ လာလို့ မရတော့ဘူး ထင်တယ် ဆရာ။ ကျွန်တော်နဲ့ ညီမလေးက Q ဝင်နေတယ် တစ်နေရာ။ အဖေကလည်း Q ဝင်နေရတယ်။ နောက် တစ်နေရာမှာ။”

“ညီမလေးကိုလည်း ပြောလိုက်ပါနော်”

“သူ တစ်ညလုံး မအိပ်နိုင်တာ ဆရာ။ ခုလေးတင်မှ မှေးခနဲ ဖြစ်သွားတယ်။ ခဏ အိပ်ခိုင်းထားလိုက်ပါဦးမယ် ဆရာ”

သားဖြစ်သူရဲ့ အုပ်ဝှက်ပြီးပြောတဲ့ ရှိုက်သံတွေဟာ သူ့အကျႌ လက်မောင်းစကို လာပေတယ်။ ငိုသံတွေဟာ သူဝတ်ထားတဲ့ scrub suit ကို လာစိုစွတ်တယ်။ သူ အဝတ်လဲခန်းထဲကို ထပ်ဝင်တယ်။ PPE ကို အမြန်ဝတ်တယ်။ အခန်းထဲကလူတွေကို ခဏ လို့ အချက်ပြထားတယ်။ မိနစ်အနည်းငယ်မှာ မြန်ဆန်စွာနဲ့ သူ ICUအခန်းထဲကို ပြန်ရောက်လာတယ်။ သူ့သူငယ်ချင်းတွေကတော့ သူ ဘာပြန်လာလုပ်တာလဲ လို့ တွေးနေပုံပါပဲ။

ဒုတိယမြောက် PPE ကို ချွတ်ပြီး ရေချိုးအပြီးမှာ သူလည်း ခြေကုန်လက်ပန်း ကျနေပြီ။ မနက် ၄နာရီ။ မကြာခင် ရောင်နီလာတော့မယ်။ နေရောင်ခြည်အလင်းတန်းတွေဟာ နွေးမြမှုနဲ့ ပြန်လည် ဆုံစည်းရမှုတွေကို ဖြစ်ပေါ်ရရှိပါစေလို့ တိတ်တဆိတ် ဆုတောင်းမိပါတယ်။

သားဖြစ်သူရဲ့ ဖုန်းနံပါတ်ကို သူ မှတ်တယ်။ သူ့ဖုန်းရဲ့ viber application ကနေတဆင့် သားဖြစ်သူရဲ့ ဖုန်းနံပါတ်ဆီကို ဓာတ်ပုံတချို့ ပို့လိုက်ပါတယ်။ အသက်ရှုရတာ ခက်ခဲ မွန်းကြပ်ခဲ့ပေမယ့် အခုချိန်မှာ အိပ်ပျော်နေဟန် ရှိတဲ့ သူ့မိခင်ရဲ့ ပုံရိပ်တချို့ကို ပို့ပေးလိုက်တယ်။ သူ့ပါးပြင်ပေါ်ကို မျက်ရည်စအချို့ ပေါက်ခနဲ ကျလာတယ်။

မျက်ရည်တွေချင်း ကူးလူးဆက်သွယ်နေရသောညတွေရဲ့ ရင်ဘတ်အောင့်ဒဏ်ရာများ မကြာခင် ကုန်လွန်ပါစေတော့ ဟူ၍သာ…။

ခွန်းညိုသွေး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page