မရမ်းကုန်းမှာ (၁၀) ပေ ရှည်တဲ့ ညမင်းသား စပါးအုံးမြွေကြီး တစ်ကောင် ထပ်တွေ့ပြန်ပြီ
မရမ်းကုန်းမှာ (၁၀) ပေ ရှည်တဲ့ စပါးအုံးမြွေကြီး တစ်ကောင် ထပ်တွေ့ပြန်ပြီ
၁၄.၁၂.၂၀၂၀ ရက်နေ့၊ ၀၂ ၄၀အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်းယားလိပ်လမ်းပေါ်တွင် စပါးအုံးမြွေကြီး(၁)ကောင် တွေ့ရှိ၍ ဖမ်းဆီးပေးရန် အကူအညီတောင်းခံလာတာကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ သွားရောက် ဖမ်းဆီးပေးပြီး စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံအတွင်းသို့ သွားရောက်လွှတ်ပေးခဲ့ပါတယ်။
ရန်ကုန်မှာ မြွေတွေ့မှု အများဆုံးဖြစ်နေတဲ့ မရမ်းကုန်းမြို့နယ်မှာ နောက်ထပ်မြွေတွေ့ရှိမှု တခုပဲ ဖြစ်ပါတယ်။ အများဆုံး တွေ့ရတဲ့ မြွေအမျိုးအစားကတော့ စပါးအုံး အမျိုးအစားပဲ ဖြစ်ပါတယ်။
ဒီလို မကြာခဏ စပါးအုံးမြွေတွေ တွေ့ရှိမှုအပေါ် လူများက ထင်ကြေးအမျိုးမျိုး ပေးနေကြပြီး တရားမဝင်မှောင်ခို ရောင်းဝယ်မှုကနေ လွတ်လာခြင်း၊ စားသောက်ဆိုင်ကနေ လွတ်လာခြင်းများ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြလျက် ရှိပါတယ်။