ရန်ကုန်မှာ နှစ်ရက်အတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ (၁၀၀၀) ခန့်ကို ဖမ်းပြီး ထောင် (၁) လ ပြစ်ဒဏ်ပေး
ရန်ကုန်မှာ နှစ်ရက်အတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ (၁၀၀၀) ခန့်ကို ဖမ်းပြီး ထောင် (၁) လ ပြစ်ဒဏ်ပေး
ရန်ကုန်တိုင်းတွင် စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းအထိ ၂ ရက်အတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၉၇၁ ဦး ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ညတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်သူ ကျား (၃၀၈)ဦး၊ မ (၁၆)ဦး၊ စုစုပေါင်း (၃၂၄)ဦး၊ မော်တော်ယာဉ် (၇၃)စီး၊ ဆိုင်ကယ် (၂၄) စီးတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ညတွင် ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ကျား (၆၁၈)ဦး၊ မ (၂၉)ဦး၊ စုစုပေါင်း (၆၄၇)ဦး၊ မော်တော်ယာဉ် (၁၁၁) စီး၊ ဆိုင်ကယ် (၁၈)စီးတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။
စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုဦး၏ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ (၂) ရက် ညဖက်တွင် စမ်းချောင်းမြို့နယ်အတွင်း၌ ညမထွက်ရအမိန့်ကို ဖေါက်ဖျက်ကျူးလွန်သူ (၁၀) ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ (၁၀) ဦးကို စက်တင်ဘာ (၃) ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး တရား ရုံးက တစ်ဦးလျှင် အလုပ်မဲ့ထောင်ဒါဏ် တစ်လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၁၈၈ မှာ မည်သူမဆို ပြည်သူ့ဝန်ထမ်းမှ ထုတ်ပြန် ကြေညာသော အမိန့်ကို သိလျက်နှင့် ဖီဆန်ပါက ထိုသူအား အလုပ်မဲ့ ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တွင် ရောဂါ ပြန့်ပွားခြင်းသည် ရန်ကုန်မြို့နေပြည်သူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့်ဖြစ်ပြီး ပြည်ထဲရေးက ဥပဒေဖြင့် ခပ်မာမာ ကိုင်တွယ်ရန် လိုအပ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့ အွန်လိုင်းဆွေးနွေးပွဲတွင် ပြောဆို ညွှန်ကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းတွင်သာမက အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ညမထွက်ရအမိန့်ကျူးလွန်သူများကို ထောင် ၁ လချ ပြစ်ဒဏ် ပေးနေကြောင်းသိရပါတယ်။