နေပြည်တော်တွင် ပိုးမတွေ့ (၂) ကြိမ်ပြခဲ့သူ ရုတ်တရက်သေဆုံးသွားသဖြင့် ပြန်စစ်ရာမှ ပိုးတွေ့နေ
နေပြည်တော်တွင် ပိုးမတွေ့ (၂) ကြိမ်ပြသူ ရုတ်တရက်သေဆုံးသွားသဖြင့် ပြန်စစ်ရာမှ ပိုးတွေ့နေ
နေပြည်တော်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် Quarantine ထားရှိပြီး Swab နှစ်ကြိမ်ယူ စစ်ဆေးရာမှာ Negative ဖြစ်ပေမယ့် သေဆုံးလို့ Death Body ကို ထပ်မံစစ်ဆေးရာမှာတော့ Positive ဖြစ်နေတာကို တွေ့ရတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
Negative ဖြစ်လို့ ပြန်လွှတ်ခဲ့တာဖြစ်ပြီး နေအိမ်မှာ Home Stay ထားရှိရာမှာ ရုတ်တရက်သေဆုံးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “နေပြည်တော် Quarantine စင်တာမှာ နှစ်ပတ်ဝင်ပါတယ်။ ရောဂါဖြစ်တဲ့သူနဲ့ ထိတွေ့ထားတဲ့အတွက် ကျွန်တော်တို့ နှစ်ကြိမ်စစ်ပါတယ်။ နှစ်ကြိမ်စစ်တော့ Negative ဖြစ်တဲ့အတွက် Quarantine ကနေ ပြန်လွှတ်လိုက်တယ်။ ပြီးတော့ Home Stay အိမ်မှာ တစ်ပတ်နေနေတဲ့ အချိန်မှာ ရုတ်တရက် ရှော့ဖြစ်သွားတာဖြစ်ပါတယ်။ အဲတာနဲ့ သံသယဖြစ်လို့ စစ်ကြည့်တဲ့ အခါမှာ Positive ဖြစ်တာ ဖြစ်ပါတယ် “ လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
ဒီလို ဖြစ်တာက ဆုံးဖြတ်ရခက်ပြီး ရှားရှားပါးပါးဖြစ်တဲ့ ဖြစ်စဉ်လို့လည်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။ “အဲဒါကလည်း ကျွန်တော်တို့ တော်တော်လေး ထိန်းချုပ်ရခက်တဲ့ ကိစ္စပါ။ ဘာလို့လည်းဆိုတော့ သူက နှစ်ကြိမ် တိတိစစ်တယ် နှစ်ကြိမ်တိတိ Negative ဖြစ်တယ်။ ပြန်သွားတယ်။ ဆုံးသွားတာကလည်း ရောဂါကြောင့် ဖြစ်တာ မျိုးမဟုတ်ဘဲ ရုတ်တရက်ဆိုတော့ ရုတ်တရက် Accident ဖြစ်သွားတာလား နှလုံးသွေးကြောပိတ်သွားတာလား။ အဲလိုမျိုးဆိုတော့လေ ဒီလိုမျိုးလည်း ထင်နိုင်စရာရှိပါတယ်။ အဲတော့ ကျွန်တော်တို့ကလည်း Positive ဖြစ်သွားပြီ ဆိုတော့ ဆုံးဖြတ်ရ ခက်သွားပါတယ်။ ရုတ်တရက်သေသွားတာတော့ ရှိတတ်ပါတယ်။ ဒါတော့ ရှားရှားပါးပါးပါ”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
လက်ရှိနေပြည်တော်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ (၃)ယောက်ရှိပြီဖြစ်ပြီး ကျန်သေဆုံးသူ နှစ်ယောက် ထဲကတစ်ယောက်ကတော့ နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကို သေဆုံးပြီးမှရောက်လာလို့ စစ်ဆေးရာမှာ ရောဂါပိုး တွေ့ခဲ့တာပါ။ နောက်တစ်ယောက်ကတော့ နေပြည်တော်မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ တက်ရောက်ကုသပြီးနောက် ရန်ကုန်မှာသွားပြီးဆေးကုရင်းနဲ့ ဆုံးသွားခဲ့တာဖြစ်ပါတယ်။
သက်ဆိုင်ရာကျန်းမာရေးဌာနတွေအနေနဲ့ Home Stay ထားရှိသူတွေနဲ့ အမြဲတမ်းဆက်သွယ်ပြီး ကျန်းမာရေး အခြေအနေကို မေးမြန်းစုံစမ်းနေသလို ထူးခြားမှုရှိရင်တော့ လိုအပ်တာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။