မျက်ရည် မပါတဲ့ အလွမ်းဇာတ်လမ်း တပုဒ် (တကယ့် ဖြစ်ရပ်မှန် အကြောင်းအရာတခုပါ)

မျက်ရည် မပါတဲ့ အလွမ်းဇာတ်လမ်း တပုဒ် (တကယ့် ဖြစ်ရပ်မှန် အကြောင်းအရာတခုပါ)

“ဆရာ ဆေးခန်းပြချင်လို့” လေးတွဲ့တွဲ့အသံနောက်မှာ ဆံပင်စုတ်ဖွား၊ အရက်နံ့ တထောင်းထောင်းနဲ့ လူတစ်ယောက်။ အသက် ၃၀ ကျော်လောက်ရှိမယ်။ ကလေးမလေးတစ်ယောက်ကို ချီပြီး ဝင်လာတယ်။ နှစ်ယောက်လုံး အဝတ်အစားတွေကြေမွနေသလို မျက်တွင်းဟောက်ပက်တွေထဲက ငေးကြည့်နေတဲ့ မျက်လုံးတွေကလည်း ရီဝေဝေနဲ့။ သူ့လက်ထဲမှာ သောက်လက်စ ဆေးလိပ်။

“ရတယ် ဝင်လာခဲ့။ ဆေးခန်းထဲတော့ ဆေးလိပ်မသောက်ရဘူး” “ဆောတီး မေ့သွားလို့ဆရာ” ပြာပြာသလဲနဲ့ လက်ထဲက ကလေးကို ခုံပေါ်ချတယ်။ “သမီး ငြိမ်ငြိမ်လေးထိုင်နေနော်”ပြောပြီး အပြင်ပြန်ထွက်သွားတယ်။ ချက်ချင်းပြန်မဝင်လာဘူး။ ကြာနေတယ်။ ကိုယ်လည်း Mask ကို ခနဆွဲချထားပြီး ကလေးလေးကိုပဲ ထိုင်ရယ်ပြနေတာပေါ့။ ပြန်မရယ်ပြဘူး။ သူ့အဖေထွက်သွားရာကိုပဲ မျှော်ကြည့်ရင်း ငိုမဲ့မဲ့ လုပ်နေတယ်။

အသက်က နှစ်နှစ်ခွဲ သုံးနှစ်လောက်ရှိမယ်။ မသေချာဘူး။ သေးလိုက်တဲ့ ကလေး။ ရေမချိုးထားတာတော့ အနည်းဆုံး သုံးရက်လောက် ရှိမယ်ထင်ရတယ်။ ဆံပင်လေးတွေက ပြောင်းဖူးမွှေးလေးတွေလို။ ခပ်ကြဲကြဲ။ အသားဓာတ်ဆိုတာ သူနဲ့ဘာမှ မဆိုင်သလို ပိန်လိုက်တာလည်း အရိုးချည်းပဲ။ ဖုန်အလိမ်းလိမ်းနဲ့လက်ကလေး ခြေထောက်လေးတွေက ကြံချောင်းလေးတွေလိုပဲ။ ကြံရည်မသောက်ရတာကြာပြီလို့တောင် တွေးမိသွားတယ်။ ကိုယ်စေ့စေ့ကြည့်နေတော့ ကလေးလေး ကိုယ့်ကိုကြည့်ရင်း ကြောက်နေပြီ။ ငိုဖို့ပြင်နေပြီ။ ငိုတော့မယ်။ ငိုတော့မယ်။ တစ်.. နှစ်.. သုံး.. ငိုပြီ။

မျက်နှာဖြူလျော်လျော်လေးကို အသားကုန်မဲ့၊ မျက်တွင်းဟောက်ပက်ထဲက မျက်လုံးမှိန်ဖျော့ဖျော့လေးတွေကို စုံမှိတ်၊ အာခေါင်ကို ခြစ်အအော်မှာ ထွက်လာတဲ့ “ဝါး”ခနဲ အော်ငိုလိုက်သံက ‘ဖြူဖြူကျော်သိန်း’ကို သတိရသွားစေတယ်။ ဒီလောက်သေးတဲ့ ပါးစပ်လေးက ဒီလို အသံမျိုးထွက်လာတာ မယုံနိုင်စရာပဲ။ ကလေးဆို တော်တော်စိတ်ရှည်တတ် ချစ်တတ်ပေမဲ့ နည်းနည်းစိတ်ရှုပ်စပြုလာတယ်။ ဒီလူဘာကြောင့် ဒီလောက်ကြာနေတာလဲ။ တအောင့်နေမှ ပြာယိပြာယာနဲ့ ‘ရီဝေယံ’တစ်ယောက် ပြန်ပေါ်တော်မူလာတယ်။

ဖြူလျော်လျော်သိန်း’လည်း နည်းနည်း အသံတိုးသွားတယ်။ ငိုတော့ ငိုတုန်းပဲ။ “အမေ့ တွားကြို့မယ်” ပြောရင်း တစ်ချက်တစ်ချက်ပဲ ရှိုက်တော့တယ်။ “ကဲ ဘာဖြစ်တာလဲ ပြောပါဦး” “ခလုပ်တိုက်တာခြေမကွဲသွားလို့ ဆရာ” ဟုတ်တယ်။ ငုံ့ကြည့်လိုက်တော့ ခြေမတစ်ဖက်မှာ မည်းညစ်ညစ်အဝတ်တစ်စ စည်းထားတယ်။ သိပ်ထည့်ထားတဲ့ ဘာအရွက်မှန်းမသိတာတွေက တစွန်းတစ ထွက်လို့။ “ဘယ်လောက်ကြာပြီလဲ ဖြစ်တာ” “ခုနကပဲ ဆရာ ကွမ်းတစ်ရာ ညက်လောက်ပဲ ရှိဦးမယ်” ပြောရင်းပါးစပ်အဟမှာ ဝါးလက်စ ကွမ်းယာထဲက ကွမ်းသီးစလေးက ‘ဖက်’ခနဲ ကိုယ့်မျက်နှာတည့်တည့် ခုန်ဝင်လာတယ်။

လခွမ်း။ တော်တော် စိတ်တိုသွားတယ်။ “ဟာ..ဟေ့လူ ဆေးခန်းထဲ ကွမ်းလည်းမစားရဘူးလေဗျာ ရှေ့မှာရေးထားတယ်လေ” “ဟာ..ဆောတီးးပါဆရာရယ် နာလွန်းလို့ ထုတ်ဝါးလိုက်မိတာ ဆောရီး ဆောရီး” “ရတယ် ထားလိုက်တော့ ကဲ ဆေးထည့်မယ် မေးခိုင်ကာကွယ်ဆေးတော့ ထိုးဖို့လိုမယ်ထင်တယ် ခုတင်ပေါ်တက်” “မထည့်တော့ဘူးဆရာ ဆေးလည်းမထိုးတော့ဘူး” ဟာ ဒီလူတော့ ပြဿနာ။ နောက်ကွမ်းသီးတစ်ဖက် ထပ်လာမှန်တယ်။ ရှောင်လိုက်ပေမဲ့ မလွတ်ဘူး။ မရှောင်ရင် လွတ်တဲ့ တွတ်ပီကို သတိရသွားတော့ ရယ်ချင်သွားတယ်။

ဒီရီဝေရီဝေသကောင့်သားကိုလည်း စိတ်တိုတာ လျော့သွားတယ်။ “ဟာ..အာ့ဆို ဆေးခန်းဘာလာလုပ်တာလဲ” “ကလေးလာပြတာဆရာ..ဒီအနာက ခုနက ဆေးလိပ်ထွက်မီးသတ်ရင်း ခလုပ်တိုက်မိတာ.. ခဏဆရာ..ကွမ်းသွားထွေးလိုက်မယ်” “ဟာ..ဆရာသမား..နေပါစေတော့.. နောက်တစ်ခေါက်ခလုပ်တိုက်လို့ အရက်တစ်ပိုင်းလောက် ထပ်သွားတင်လိုက်ရပါတယ် ဖြစ်နေဦးမယ်.. ကလေးက ဘာဖြစ်တာလဲ ပြောပါဦး” “နေ့ခင်းတည်းက အန် အန် နေလို့ဆရာ.. ဝမ်းလည်းနည်းနည်းပျက်ချင်တယ်”

“ဘာအစားမှားထားသေးလဲ.. သမီးလေး မနက်ကဘာတွေစားလဲ ပြောပါဦး” “မွင်းနားတွေ ရှားသေးတယ်” ကလေးက သွက်တယ်။ ချစ်စရာလေး။ “အပြင်စာတွေဆိုတော့ မသန့်တာပါသွားလို့နဲ့ တူပါတယ်” ဆိုတော့ ခပ်ထွေထွေနဲ့ ရီဝေယံက ဝင်ပြောတယ်။ “အိမ်မှာချက်တာပါဆရာ..ဘယ်လိုဖြစ်လဲမသိပါဘူး” “သမီးလေး မေမေချက်တာပေါ့..စားကောင်းလားသမီး” “ရှာတောင်းရယ်..အမေ အလုပ်တွားတယ်..ချိဝူး” ပြောပြီး အဖေကို မော့ကြည့်ပြီး “အမေ့တွားကြို့မယ်”ဆိုတော့ အဖေက ခေါင်းညိတ်ရင်း ပြုံးပြတယ်။

စမ်းသပ်ပြီး ဆေးပေးစရာရှိတာပေးတော့ ယောင်ဝါးဝါးတွေ ဖြစ်နေတယ်။ ဘယ်လိုတိုက်ရမလဲ ပြန်ပြန်မေးနေတော့ စိတ်နည်းနည်း ပြန်တိုချင်လာတယ်။ “နောက်နေ့ပြန်ပြရင် သူ့အမေပါ ခေါ်လာခဲ့ဗျာ..ခင်ဗျားမူမူးနဲ့ ဆေးတွေမှားတိုက်ရင်ပြဿနာ” ဆိုတော့ ငြိမ်သွားတယ်။ ခလေးကို တစ်ချက်လှည့်ကြည့်ပြီး ကလေးမကြားလောက်မဲ့ အသံတိုးတိုးနဲ့ ပြောတယ်။ ” သူ့အမေက ခေါ်လာလို့မရတော့ဘူး ဆရာ.. မနက်ကမှ သူ့အမေ ရက်လည်တာ ကလေးက အဲ့မုန့်ဟင်းခါးစားပြီးဖြစ်တာပဲ” အသံက တော်တော်တိမ်ဝင်သွားတော့ သူဆက်ပြောတာတွေ သေချာမကြားတော့ဘူး။

ဆေးမမှားစေရပါဘူး သေချာတိုက်ပါမယ် ပြောတာထင်တာပဲ။ ကလေးလေးကတော့ ငိုမဲ့မဲ့ ဖြစ်နေတုန်း။ စကားဆုံးတော့ အခန်းပြင်ထွက်ရင်း ယောင်တောင်တောင်နဲ့ နားရွက်ကြားက ဆေးလိပ်တိုကို ပါးစပ်မှာ ပြန်တပ်တယ်။ အင်္ကျီအိပ်ထဲနှိုက် မီးခြစ်ရှာတယ်။ နံရံက ‘ဆေးလိပ်မသောက်ရ’ စာကိုတွေ့တော့ ပါးစပ်က ဆေးလိပ်ကိုပြန်ဖြုတ်တယ်။ နားရွက်ကြား ပြန်ညှပ်တယ်။ “သွားမယ်နော်ဆရာ” “နေဦး ခဏ” အံဆွဲဖွင့်ရှာလိုက်တော့ တွေ့ပြီ။ “ရေ့” ကမ်းပေးလိုက်တဲ့ မီးခြစ်ကိုကြည့်ပြီး အံ့ဩသွားတယ်။

“တိုက်စရာကတော့ ဆေးလိပ်တော့ မရှိဘူးဗျာ ဆေးတွေပဲရှိတယ်.. ကလေးနားတော့ မသောက်နဲ့.. အရက်တွေလည်း သိပ်မသောက်နဲ့ဗျာ” “အရက်က အမြဲမသောက်ပါဘူးဆရာ.. ဖြတ်မှာပါ.. ဒီရက်ပိုင်းပါပဲ စိတ် ဟိုဟာ ဖြစ်လို့ပါဆရာရယ်..သိတယ်မလား ကွမ်းရော ..ဒီဆေးလိပ်ရောဖြတ်မှာ ကျွန်တော်နေကောင်းမှဖြစ်မှာ ဆရာ..ကျွန်တော်သိတယ်” “ဒါနဲ့ကလေးကို ဘာအားဆေးတိုက်ရမလဲဆရာ အရင်ကတော့ သူ့အမေပဲ ဝယ်တိုက်နေတာဆိုတော့” ခပ်တိုးတိုးအသံက တိမ်ဝင်သွားတယ်။

ကိုယ်ရေးပေးတဲ့ ဆေးစာရွက်လေးကို အိပ်ကပ်ထဲ တရိုတသေထည့်တယ်။ ပြတင်းပေါက်ကနေ ဟိုးအဝေးကို လှမ်းငေးနေရင်းက အမေဆိုတဲ့ အသံကြားလိုက်တော့ ပိစိလေး မနေနိုင်ဘူး။ “အမေ့တွားကြို့မယ် ” “အေးပါ သမီးရယ်..အမေ အချိန်ပိုဆင်းရဦးမှာတဲ့ ပန်းခြံသွားကြမယ်လေနော် သမီးဓာတ်ဆားသောက်ရမယ်နော်” နူးနူးညံ့ညံ့ပြုံးပြီးပြောတယ်။ စမ်းသပ်ခန်းအပြင်ရောက်တော့ ကလေးကို ခုံပေါ် ခဏချတယ်။ ရှေ့ထွက်သွားပြီး ဆေးလိပ်ကို မီးညှိတယ်။ သုံးလေးဖွာလောက် အားရပါးရ ရှိုက်ဖွာတယ်။ သက်ပြင်းတစ်ချက်ချတယ်။ ဆေးလိပ်တိုကို ပစ်ချ ခြေနဲ့နင်းတော့ ကလေးလေးပါ ခုံပေါ်ကဆင်းပြေးလာပြီး တခစ်ခစ် ရယ်ရင်း လိုက်နင်းတယ်။ ချစ်စရာလေး။ တူတူရယ်မောရင်း ကလေးကို စွေ့ခနဲ ကောက်ချီလိုက်တယ်။

“သွားပြီဆရာ ကျေးဇူး”တဲ့။ မီးခြစ်ကလေး စားပွဲပေါ်ပြန်လာတင်ပေးတယ်။ ကလေးကို ခပ်တင်းတင်းပွေ့ရင်း လျှောက်တော့ ခြေထောက်တစ်ဖက်က ထော့နဲ့ထော့နဲ့။ “အနာရင်းမယ် လာ ဆေးထည့်သွားလိုက်” ဆိုတော့ ရယ်ပြတယ်။ ရယ်တာနဲ့တော့ သိပ်မတူဘူး။ “နေပါစေတော့ဆရာ ဒါဒီလောက်မနာပါဘူး” တဲ့။ မျက်လုံးထောင့်မှာတော့ အရောင်လဲ့နေတယ်။ တဖြည်းဖြည်း သားအဖနှစ်ယောက် အဝေးရောက်သွားကြတယ်။ ပြန်သိမ်းဖို့ ကောက်ကိုင်လိုက်တော့ မီးခြစ်လေးက ပူနေတုန်းပဲ။ နားရွက်ဖျားလေး ကိုင်လိုက်တော့ အေးသွားတယ်။

ဘဝအပူတွေအတွက်ဆိုရင်ရော နားရွက်ဖျားလေးတွေရှိရဲ့ လား။ ဘယ်အရာတွေက ‘နားရွက်ဖျား’လေးတွေဖြစ်နိုင်မလဲ တွေးမိတယ်။ ဖုန်းသံမြည်လာတယ်။ ကိုင်လိုက်တောာ့ “ယောက်ျားရေ..”တဲ့။ အမြန်ဖြတ်ပြောလိုက်တယ်။ “မိန်းမရေ..အရမ်းချစ်တယ်နော် နားရွက်ဖျားလေးရေ” ဆိုတော့ ” ဘာပြောတာလဲ.. ဘာမဟုတ်တာ လုပ်ထားပြီလဲ.. ဟိတ်” တဲ့။ နားရွက်ဖျားလေးဆက်ကိုင်ထားရင်း ပြုံးပဲနေလိုက်တော့တယ်။

Phyowai Lynn (15.10.19)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page