အနံ့ပျောက်သူများအတွက် အနံ့ပျောက်စင်တာများဖွင့်ပြီ (ဆေးရုံသို့ လာစရာမလိုတော့)

အနံ့ပျောက်သူများအတွက် အနံ့ပျောက်စင်တာများဖွင့်ပြီ (ဆေးရုံသို့ လာစရာမလိုတော့)

အနံ့ပျောက်လူနာများ သိရှိရန်…

အနံ့ပျောက်ခြင်း တခုထဲအတွက် ဆေးရုံ လာဖို့မလိုပါ။ Call center 2019 ကို ဆက်သွယ်၍ မိမိ နေထိုင်သည့်မြို့နယ်ကို ပြောကြားသတင်းပို့ရန်။ မြို့နယ်ဆရာဝန်ထံသို့လဲ ဆက်သွယ်နိုင်သည်။

ထို့နောက် ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာမြို့နယ်အလိုက် အနံ့ပျောက်စင်တာတွင် နေထိုင်ရန်။ ထိုနေရာတွင်ပင် Swab ယူ၍ စစ်ဆေးပေးမည် ဖြစ်သည်။

ရန်ကုန်တိုင်းတွင် အနံ့ပျောက်စင်တာ ၈၂ ခု ပြင်ဆင်ထားပီးဖြစ်သည်။ ဆေးရုံများကလဲ အနံ့ပျောက်လူနာများကို စင်တာများသို့ လွှဲပေးမည်ဖြစ်သည်။ ထိုသို့ဖြင့် မိမိ အိမ်သူအိမ်သားများကို ထပ်မံကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ (Nay Thway)

သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြလိုက်ပါတယ်-

ဖျားနာခြင်းမရှိဘဲ အနံ့ပျောက်ရုံသက်သက်လူနာတွေအနေနဲ့ ဆေးရုံတွေမှာစုပြုံတိုးနေတာမျိုးမလုပ်ဘဲ ကောလ်စင်တာ ၂၀၁၉ ကိုဆက်သွယ်ပြီး မြို့နယ်အလိုက် အနံ့ပျောက်စင်တာတွေမှာ ကန့်သတ်မှုနဲ့ကုသမှုခံယူကြရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

အနံ့ပျောက်သွားသူတွေမှာ ရောဂါအခံမရှိသူတွေ၊ သက်ကြီးရွယ်အိုမဟုတ်သူတွေနဲ့ ဖျားနာခြင်းစတဲ့ရောဂါ လက္ခဏာမပြဘဲ အနံ့ပျောက်ရုံသက်သက် လူနာတွေအနေနဲ့ အနံပျောက်စင်တာတွေကိုသွားရောက်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

“ဆေးရုံတွေမှာ အနံ့ပျောက်တဲ့လူနာတွေ သွားပြကြတယ်။ ဆေးရုံတွေကလည်းလက်ခံနိုင်တဲ့ Capacity မရှိဘူး။ Capacity မရှိတော့အိမ်ကို ကျွန်တော်တို့ကပြန်လွှတ်လိုက်ရတယ်။ ကျွန်တော်တို့က ဒီကိစ္စတွေမှာလည်းအလွန်ပဲ စိုးရိမ်ပါတယ်။ အနံ့ပျောက်တဲ့သူတွေကိုအကြံပြုချင်ပါတယ်။ အနံ့ပျောက်သွားရင်ဘယ်မှမသွားနဲ့ အိမ်မှာပဲနေ။ အိမ်မှာလည်းပဲ Social Distancing နဲ့နေရမှာပေါ့။ Maskတပ်ထား။ နေပြီးရင် ကျွန်တော်တို့ရဲ့ ကောလ်စင်တာ နံပါတ် ၂၀၁၉ ကိုဆက်။ အဲဒီကနေပြီးတော့ အနံ့ပျောက်တဲ့သူရှိတဲ့မြို့နယ်ပဲဖြစ်ဖြစ်၊ စင်တာတွေရှိတဲ့အပေါ်မှာပဲဖြစ်ဖြစ် မူတည်ပြီးတော့ Call Center ကကျွန်တော်တို့ကျန်းမာရေးဦးစီးဌာနကိုဆက်သွယ်တယ်။

အဲလို ဆက်သွယ်တဲ့ အခါမှာ အနံပျောက်စင်တာတွေမှာသွားရောက်ပြီးတော့ ကန့်သတ်မှုကိုခံယူလိုက်မယ်။ ဒီလို ခံယူလိုက်မယ်ဆိုရင် ကိုယ့်မိသားစုကိုလည်းမကူးတော့ဘူး။ ကိုယ်တိုင်လည်းပဲ စောင့်ကြည့်ပြီး စောင့်ရှောက်မှုပေးတဲ့ နေရာရောက် သွားတဲ့ အတွက် အဆင်ပြေတယ်။ အဲဒီ့နေရာမှာလည်း ဓာတ်ခွဲအဖြေယူပြီး စစ်ဆေးပေးနိုင်ဖို့ ကျွန်တော်တို့က စီစဉ်ပြီးသွားပြီ” လို့ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ဆေးရုံတွေကို သွားတဲ့အနံ့ပျောက်နေသူတွေကိုလည်း အိမ်ပြန်မလွှတ်ဘဲ အနံ့ပျောက်စင်တာကို လွှဲပေးဖို့ မှာကြား ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

လတ်တလောမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့အရှေ့ပိုင်းခရိုင်မှာအနံ့ပျောက်စင်တာ (၂၉) နေရာ၊ အနောက်ပိုင်း ခရိုင်မှာ (၁၅) နေရာ၊ တောင်ပိုင်းခရိုင်မှာ (၂၁) နေရာ၊ မြောက်ပိုင်းခရိုင်မှာ (၁၇) နေရာရှိပြီးစုစုပေါင်း( ၈၂) နေရာ မှာ လူနာ တစ်ထောင်ကျော်ထားရှိထားပြီး အနံ့ပျောက်နေသူတွေ စောစောစီးစီးကုသမှု ခံယူနိုင်ဖို့ နဲ့ အနံ့ပျောက် စင်တာတွေမှာ သွားရောက်ပြီးကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ဖို့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page