ယခုအချိန်မှာ mask မတပ်ဘဲ လျှောက်သွားလို့ရတဲ့ တခုထဲသောနိုင်ငံ အကြောင်း

ကမ္ဘာ့နေရာအတော်အများများမှာ နှာခေါင်းစည်း မျက်နှာဖုံး တပ်နေကြပေမယ့် ဆွီဒင်မှာတော့ မတပ်ကြပါဘူး။ ကမ္ဘာ့ကပ်ရောဂါဘေး ဖြစ်စကတည်းက ဥရောပနိုင်ငံအများစုမှာ ကျောင်း၊ ပျော်ပွဲစားရုံ၊ အားကစားခန်းမ၊ နယ်စပ်ဂိတ်ကအစ ပိတ်ချထားပေမယ့် ဆွီဒင်ကတော့ လွတ်လပ်ခွင့်တွေ ခံစားနေမြဲပါ။

ဥရောပမြောက်ပိုင်း စကင်ဒီနေးဗီးယား နိုင်င်ငံတွေအကြား လူဦးရေချင်းနှိုင်းစာရင် ဆွီဒင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေနှုန်းက အများကြီးပိုမြင့်ဖူးပါတယ်။ ခုတော့ လူဦးရေ ဆယ်သန်းရှိတဲ့ ဒီနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အနည်းဆုံးဖြစ်နေပြီး အထူးကြပ်မတ်ကုသခန်းမှာ ဗိုင်းရပ်စ်လူနာ ၁၄ ဦးပဲ ရှိပါတယ်။

ဆွီဒင်ရဲ့ မဟာဗျူဟာ အောင်မြင်နေပေမယ့် သေချာလှတယ်တော့ မဟုတ်သေးပါဘူး။ လက်ရှိအခြေအနေဟာ သေချာပြီလို့ ပြောဖို့စောသေးသလို ကပ်ရောဂါဘေး ရင်ဆိုင်နေရတဲ့ တနိုင်ငံနဲ့ တနိုင်ငံ အခြေနေချင်း ကွဲပြားခြားနားပါတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ထပ်တလဲလဲ သတိပေးနေတာပါ။

ဒါပေမယ့် ဆွီဒင်နမူနာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရင် ကျန်ဥရောပနိုင်ငံတွေအဖို့လည်း ကိုဗစ်စစ်ပွဲမှာ အထောက်အကူပြုမှာပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO (World Health Organization) ဥရောပဌာနခွဲ တာဝန်ရှိ သူတွေက ပြောပါတယ်။

“အနောက်ဥရောပနိုင်ငံတွေမှာလို ရောဂါကူးစက်မှု တိုးပွားလာတာကို ဆွီဒင်က ရှောင်လို့ရထားပါတယ်။”လို့ WHO ဥရောပဌာနက အရေးပေါ်ကိစ္စ အကြီးတန်းအရာရှိ Catherine Smallwood က ပြောပါတယ်။ “နမူနာယူစရာ တွေ ရှိပါတယ်။ ဆွီဒင်ရဲ့ ချဉ်း ကပ်ပုံကို ပိုပြီး ကြားသိချင်ပါသေးတယ်။”

လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဆွီဒင်နဲ့ ကျန်ဥရောနိုင်ငံတွေ ကူးစက်နှုန်းကို ကြည့်ရင် ဆွီဒင်က လူတသိန်းမှာ ၃၀ ဒသမ ၃ ဦးနှုန်း တွေ့ရှိချိန်မှာ စပိန်မှာ ၂၉၂ ဒသမ ၂ ဦး၊ ပြင်သစ် (၁၇၂ ဒသမ ၁)ဦး၊ ယူကေ (၆၁ ဒသမ ၈) ဦး၊ ဒိန်းမတ် (၆၉ ဒသမ ၂) ဦး အသီးသီးဖြစ်ပါတယ်။

ဒီနိုင်ငံတွေဟာ ကပ်ရောဂါ ကျရောက်စ အစောပိုင်းကတည်းက လော့ခ်ဒေါင်း ချခဲ့တာပါ။ ကပ်ရောဂါ စတင်ချိန်ကစလို့ ဆွီဒင် တနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်မှု ၈၈,၂၃၇ ဦး၊ သေဆုံးသူ ၅,၈၆၄ ဦး၊ တနည်းအားဖြင့် လူတသိန်းမှာ ၅၇ ဒသမ ၅ ဦး အသက်ဆုံးရှုံးပါတယ်။

ဆွီဒင်ဗျူဟာကို ပြင်ပက ဘယ်လိုမြင်သလဲဆိုတာ ကပ်ရောဂါဘေး ဘယ်အဆင့်တုန်းကအမြင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စားသောက်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ညစာစားနေကြတာ၊ စတော့ဟုမ်းမြို့တော် ကမ်းနားမှာ ကော့တေးယမကာ စုပ်နေကြတာတွေကို ကြည့်ပြီး ယုံရခက်နေကြပါတယ်။ ဆွီဒင်မှာ လုပ်ငန်းတွေ အလုပ်အကိုင် မပျက် လည်ပတ်နေတာကို မနာလိုဖြစ်ကြပါတယ်။

ဒီနောက် ဘိုးဘွားရိပ်သာတွေ၊ နာတာရှည်ဆေးရုံတွေမှာ ဗိုင်းရပ်စ် ကူးစက်သွားတဲ့အခါ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ ဧပြီလလယ်အရောက်မှာ နေ့စဉ်လူတရာ သေဆုံးချိန်မှာ ကျန်ဥရောပနိုင်ငံတွေမှာ သေဆုံးနှုန်း ကျနေတာပါ။

ခုတော့ ဥရောပတလွှား ကိုဗစ်ဒုတိယလှိုင်းကို ထိတ်လန့်နေချိန်မှာ ဆွီဒင်ကို ချီးကျူးနေကြပြီး ပြင်သစ်၊ ယူကေ စတဲ့နိုင်ငံတွေက ဆွီဒင်ရဲ့အောင်မြင်မှုကို သွားမေးနေရပါပြီ။

ဒါပေမယ့် ကပ်ရောဂါဘေး ကိုင်တွယ်မှုအပေါ် စုံစမ်းစစ်ဆေးတဲ့ ဆွီဒင်အစိုးရကော်မရှင်ကတော့ ခက်ခဲတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ ဘိုးဘွားရိပ်သာတွေကို ကန့်သတ်တာ နောက်ကျလွန်းသလား၊ ကိုဗစ်ကြောင့် သေဆုံး သူထက်ဝက်က ဘိုးဘွားရိပ်သာတွေကပါ။ အဲဒီက ဝန်ထမ်းတွေကို အကာအကွယ်ပစ္စည်း ထောက်ပံ့မှု နှေးကွေးခဲ့သလား၊ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှု ဘာကြောင့် နှေင့်နှေးခဲ့သလဲ၊ စတဲ့မေးခွန်းတွေပါပဲ။

ကိုဗစ်ဒုတိယလှိုင်းကို ပစ်ပယ်လို့မရသလို အထက်တန်းကျောင်းတွေ ပြန်ဖွင့်ချိန်ကိုလည်း အထူးစိုးရိမ်ရတယ်လို့ ကူးစက်ရောဂါ ပျံ့ပွားမှု ကာကွယ်ရေး အထူးကုဆရာဝန်များ အကြီးအကဲ ဒေါက်တာ Anders Tegnell က ပြောပါ တယ်။

“ဘာထူးသလဲဆိုတာကို အထူးဂရုစိုက်ပြီး ရှာရမယ်။ ဒါမှ ကူးစက်နှုန်းမတက်အောင် တားနိုင်မယ်။”လို့ သူကဆိုပါတယ်။ ဒေသအလိုက် ကူးစက်မှုတွေ ဖြစ်နိုင်ပြီး တာဝန်ရှိသူတွေဘက်ကလည်း ပစ်မှတ်ထားပြီး စမ်းသပ်မှုနဲ့ တုံ့ပြန်ရမယ်၊ ကူးစက်သူနဲ့ ထိတွေ့သူတွေကို ခြေရာခံလိုက်ပြီး လူနာသီးခြားခွဲထားတာကို တဟုန်ထိုးလုပ်ရမယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီး Lena Hallengren က “တနိုင်ငံလုံးကို တင်းကျပ်တာမလုပ်ဘဲနဲ့ ဗိုင်းရပ်စ်ကို ဒေသအလိုက် တဟုန်ထိုး ထိုးနှက်ရမယ်” လို့ ပြောထားပါတယ်။ ဆွီဒင်ပြည်သူတွေ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိလာမယ့် ရေရှည်ခံမယ့်နည်း၊ လိုအပ်ရင် နှစ်နဲ့ ချီစောင့်ရနိုင်တဲ့ နည်းကို ကျန်းမာရေးတာဝန်ရှိသူတွေက ရောဂါစဖြစ်ကတည်းက ကိုင်စွဲခဲ့ပါတယ်။

ကာကွယ်ဆေးရော ကုထုံးပါ မရှိသေးတဲ့ ဒီဗိုင်းရပ်စ်အတွက် “ဒါဟာ မာရသွန် တာဝေးအပြေးပြိုင်ပွဲပါ၊ တာတိုပြေးပွဲမဟုတ်ပါဘူး” ဆိုတာဟာ ဝန်ကြီးတွေ ထပ်တလဲလဲပြောတဲ့ ဆောင်ပုဒ်ဖြစ်လာပါတယ်။ တခြားနိုင်ငံတွေ လော့ဒေါင်းချနေချိန် ဆွီဒင်မှာ လွတ်လပ်မှု ခံစားနေပါတယ်။ တတ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ဖို့၊ လူလူချင်းခွာဖို့ကို အများစုက လိုက်နာကြပါတယ်။ အများပြည်သူသုံး ယာဉ်စီးသူနည်းလာပါတယ်၊ အသွားအလာ အရင်ထက် လျော့လာပါတယ်။

ကျန်ဥရောပနိုင်ငံတွေနဲ့မတူဘဲ နှာခေါင်းစည်းမျက်နှာဖုံး တပ်ဖို့ ဆွီဒင်မှာ မတိုက်တွန်းထားပါဘူး။ ဆေးရုံဆေးခန်း စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေကလွဲလို့ ကျန်နေရာတွေမှာ မျက်နှာဖုံးတပ်တာဟာ လုံခြုံမှုနဲ့ပတ်သက်လို့ တလွဲအမြင်ရသွားနိုင်သလို နေမကောင်းတဲ့သူတွေ အပြင်ထွက်ပြီး လူချင်းခွာရမှာကို လျစ်လျူရှုတာ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီအစား ရိုးရှင်းတဲ့ လမ်းညွှန်ချက်ကတော့ ကိုဗစ်-၁၉ လက္ခဏာပြရင် အိမ်မှာပဲနေပါ၊ လက်ကို သန့်စင်အောင် ဆေးကြောပါ၊ လူချင်းခွာနေပါ ဆိုတာတွေကိုပဲ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

ကျန်းမာရေးဝန်ကြီး Hallengren ကတော့ မျက်နှာဖုံးတပ်တာ ထိရောက်တယ်ဆိုတာကို လုံးလုံးမပယ်သလို တချို့ဒေသတွေမှာ မျက်နှာဖုံးက အသုံးဝင်တယ်လို့ မြင်သူပါ။ ဒါပေမယ့် တနိုင်ငံလုံးလွှမ်းခြုံတဲ့ စည်းမျဉ်းထုတ်ပြီး မျက်နှာဖုံး တပ်ခိုင်းတာမျိုးကိုတော့ သူက ငြင်းပယ်ထားပါတယ်။

“နှစ်နဲ့ချီပြီး လူတွေမျက်နှာဖုံး မတပ်နိုင်ပါဘူး” လို့ ဝန်ကြီးကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page