လူ (၁၀၀) ခန့် ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းရှေ့တွင် စုဝေးလျက်ရှိ

လူ (၁၀၀) ခန့် ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းရှေ့တွင် စုဝေးလျက်ရှိ

ပြည်ပကိုသွားမယ့်သူတွေ ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးထောက်ခံချက်ယူဆောင်ဖို့လုပ်ဆောင်နေတာကြောင့် အမျိုးသားဓာတ်ခွဲခန်း(ရန်ကုန်)ရှေ့မှာ ဒီနေ့လူစုလူဝေး ဖြစ်ပေါ်နေတယ်လို့ ဒဂုံမြို့နယ် တိုင်းလွှတ်တော် အမတ် ဦးကျော်ဇေယျဆီက သိရပါတယ်။

ဒီနေ့ မနက်ပိုင်းကစပြီး အမျိုးသားဓာတ်ခွဲခန်း(ရန်ကုန်)ရှေ့မှာ ကိုဗစ်နဲ့ပတ်သက်တဲ့ စစ်ဆေးထောက်ခံချက်တွေ ယူဆောင်ပြီး ပြည်ပပြန်မယ့်သူ(၁၀၀)ကျော်လောက်ဟာ Social Distancing မရှိဘဲ လူစုလူဝေးဖြစ်ပေါ် နေတယ်ဆိုပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကူအညီတောင်းခံလာတာလို့ သိရပါတယ်။

“သူတို့က ဓာတ်ခွဲခန်းဘက်ကလည်း ဝန်ထမ်းအင်အား မနိုင်တော့တာပေါ့နော်၊ ကျွန်တော်မေးကြည့်တော့အဲဒီလူတွေအတွက်ကို (၇)ယောက်စီခွဲပြီး အဆိုင်း(၃)ဆိုင်းခွဲပြီး လုပ်ဆောင်ပေးတာတောင် မထိန်းနိုင်တော့တာပေါ့နော်၊ လူတွေကလည်း မပြန်ကြဘူး ထိုင်စောင့်နေကြတယ်။ အများဆုံးကတော့ ပြည်ပ ပြန်မယ့်သူတွေပေါ့နော် အခုထိလည်း ရှိနေပါသေးတယ်။”လို့ ဒဂုံမြို့နယ်တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောပါတယ်။

အခုစောင့်ဆိုင်းနေတဲ့ သူတွေဟာ ကိုဗစ်နဲ့ ပတ်သက်တဲ့ စစ်ဆေးချက်ရှိမှ ပြည်ပသွားလို့ရမယ့်သူတွေ အများစုပါဝင်ပြီး တစ်ယောက်ကို ငွေကျပ်(၂)သိန်းနှုန်းနဲ့ လက်ခံစစ်ဆေး ပေးနေတာလို့ သိရပါတယ်။

“သူတို့က အခုဆိုရင် PPEတွေ ဝတ်လာတယ်၊ စစ်ပြီးသွားရင် အဲဒီနားမှာဘဲ ချွတ်ပြီးလွှင့်ပစ်ခဲ့တာပေါ့နော်။ကျွန်မတို့ပြောလည်း သူတို့က သံရုံးကလွှတ်လိုက်လို့လာတာပေါ့နော် အဲလိုတွေ ပြန်ပြောတာတွေလည်းရှိတယ်။ တချို့ဆိုရင် ညအိပ်စောင့်တဲ့သူတွေလည်းရှိတယ်။ အဲတော့ အမျိုးသားဓာတ်ခွဲခန်းက တာဝန်ရှိသူတွေကိုဖုန်းဆက်တော့လည်း အစည်းအဝေးရှိလို့တို့ဘာတို့နဲ့ ရေရေရာရာပြန်ပြောတာလည်း မရှိဘူး”လို့ ဘုရားကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးဒေါ်ခင်သွယ်သွယ်ထွဋ်က ပြောပါတယ်။

အခုအချိန်မှာတော့ ပြည်ပနိုင်ငံတွေမှာ နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာနိုင်ငံတကာသံရုံးတွေနဲ့ပူးပေါင်းပြီး ကယ်ဆယ်ရေးလေယာဉ်(Relief Flight)တွေ၊ အထူးလေယာဉ်တွေနဲ့ ပြန်ခေါ်ဆောင်ပေးနေပြီး အခုအချိန်အထိတော့ (၁၆,၆၅၁) ယောက်ကိုခေါ်ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page