ဘွဲ့ဆိုတာ အဆင့်အတန်းတခုလား? ဘွဲ့ရတာနဲ့ အဆင့်အတန်း မြင့်သွားရောလား (ဘွဲ့ရပညာတတ်နဲ့ ငါးစိမ်းသည်)

ယနေ့မနက် ငါးကြော်လေး စားချင်လာ သဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက် လာသည် ။ ကျွန်တော် ဝယ်နေကျ ငါးဆိုင် ရှိသည်။ ငါး ကြင်းတစ်မျိုးတည်း ရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ ရှိသည်။ ငါးရောင်း သူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။

ငါးစိမ်းသည် ဆိုသည်မှာ စွာတာတာ ၊ ကက်ကက်လန် ၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော် ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။

“ဦးလေး မရောက်တာကြာပြီ ဘာလဲ ဆိုင်ဟင်းကို မုန်းလို့ ရောက် လာတာလား” “မဟုတ်ပါဘူး ခရီးထွက်တာတွေ များနေလို့”

“ငါးကြင်းဖြူ ဗိုက်သားလေးနဲ့ တွဲထားတဲ့ အပိုင်း ချိန် လိုက် မယ်နော်” “အစိတ်သားလောက်ပဲနော်” “၃၅ ကျပ်သားရှိတယ် ဦးလေးရယ် ၃၀ သားဖိုးပဲပေး” “အေး … အေး ခုတ်လိုက်” ငါးဝယ်လျှင် အပိုဆောင်း အဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ် ထစ်ပေးသည်။ အကြေး ထိုးပေး သည်။ ရေဆေး ပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။

ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော် ထိုင်သည် ။ ထို ဆိုင်တွင် ခေါက်ဆွဲသုပ် ကောင်းသည်။ အကြော်လည်း ရသည်။ ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။

သူ့နောက်တွင် ဆွဲခြင်းဆွဲ သော ကလေးတစ်ယောက်လည်း ပါလာသည် ။ ပထမ ငါးမေးသည် အထက်စီး ဒုတိယ ဈေးဆစ်သည် အ ကြိတ်အနယ် တတိယ အပိုတောင်းသည် ကလေးမုန့်ဖိုး တောင်းသ လို ဤအထိ ပြဿနာမရှိ။ မရွှေက စိတ်ရှည်သည် “ငါးခုတ်ပေး” “ကြော်တုံးလား … ချက်တုံးလား” “ငါပြောတဲ့အတိုင်းခုတ်” ငါးရောင်းသူက အကြေး ထိုးပေးသည် ။ အူနုတ် ပေးသည်။ ခုတ်ပေး သည်။“ဒီအတုံးကို နှစ်တုံး ပြန်ခုတ်” အမြီးပိုင်းကို ထက်ဝက် ခြမ်း “ခေါင်းကို ထက်ခြမ်းပဲခုတ်လေ” “နေဦး နေဦး ဒီအပိုင်း မကြိုက်ဘူး … ဟိုတစ်ပိုင်းခုတ်ပြီး လဲပေး” ကျွန်တော်က ဈေးဝယ်သူ၏ စီးပိုးလှသော အပြောနှင့် ခိုင်းစေချက်များကို ကြည့်နေမိသည်။

ကိုယ့်ရှေ့လာချသည့် ခေါက်ဆွဲကိုပင် မစားမိ။ “အစ်မရယ် ဒီတစ်ကောင်ဝယ်ရင် ဒီတစ်ကောင် က အပိုင်း ကိုပဲ ရမှာ ပေါ့ ဟိုအပိုင်းသွားလဲပေးလို့ မရပါဘူး”

“အတူတူပဲဟာ … ဘာကွာလို့လဲ” “ကွာတယ်လေအစ်မ … ဒါက ငါးကြင်းဖြူ” “ကွာကွာ … မကွာကွာအေ … လဲပေးမလား … မလဲပေးဘူးလား” “အစ်မရယ် … မဖြစ်နိုင် တာကို မပြောပါနဲ့ မရပါဘူး” “ဟိုအတုံးကို ဒီအထဲထည့် ဒီတစ်တုံးကို ဟိုပြန်ထည့် ဘာဖြစ်လို့မရတာလဲ“အမျိုးအစား မတူဘူး အစ်မရယ် … ဈေးလည်းမတူဘူး” “ဘာဖြစ်ဖြစ်အေ ထည့်လိုက်ပါ”“မရပါဘူးအစ်မရယ်” “ညည်းတို့ ငါးစိမ်းသည်တွေဟာလေ လက်ပေါက်ကိုကပ်တယ် … ငါကလည်းအဆင့်မရှိတာနဲ့မှ ဖက်ပြောမိတာမှားပါတယ် “အဲသည် လို မပြော ပါနဲ့ အစ်မကြီးရယ် လူတိုင်း သူ့ အဆင့်နဲ့ သူတော့ ရှိပါတယ်” “ညည်းအဆင့် ဘယ်လောက်ရှိလဲ … ငါက ဘွဲ့ရပြီးပြီ”

“အစ်မနောက်လူတွေ ရောင်းရဦးမယ်နော် ဒီမှာ ၂၆၅၀ ကျပါတယ်” “ရော့ ၃၀၀၀” မရွှေက ပိုငွေကို ပြန်အမ်းလိုက်သည်။ အမျိုးသမီးက ပြန်အမ်း ငွေကို လက်နှင့် မကိုင် ရွံသလို မျက်နှာထားဖြင့် “ဟဲ့ တူးတူး ယူလိုက်စမ်း” ဟု ပြောလိုက်သည်။ သူ့နောက်က ကောင်မ လေးက ပိုက်ဆံနှင့် ငါးထုပ်ကို ယူလိုက်သည်။ အမျိုးသမီးက “ရွံလိုက်တာ” ဟုပြောကာထွက်သွားသည်။

ကျွန်တော် က ထင်နေ သည်မှာ မရွှေ ပွဲကြမ်း လိမ့်မည်ဟု ထင်နေ သည်။ သို့သော် ငါးရောင်းသည့် မရွှေက ပြုံးနေသည်။ ကျွန်တော် အံ့ဩသွား မိသည်။ ရုပ်ရှင်တွေထဲမှာ ဆိုလျှင် ပွဲကြမ်းပြီ ။ အပြင်တွင် အမှန်တကယ်တွေ့ နေရသည်က ပြောင်းပြန်ဖြစ်နေသည်။

ကားစီးလာသည့် ဘွဲ့ရဆို သော အမျိုးသမီး က ကက်ကက်လန်၊ မ တူ မတန် သလို အော်ဟစ် ပြော ဆို နေ ချိန် တွင် ငါး ရောင်းသည့် ငါးစိမ်းသည် မရွှေကယဉ်ကျေးလိမ္မာ အေးဆေးစွာ တုံ့ပြန်နေသည် ဘွဲ့ဆိုတာ အဆင့်လား ဘွဲ့ရထားသည်နှင့် အဆင့် တစ်ခုကို ရောက်သွားသည်တော့ မှန်ကောင်းမှန်မည်။

သို့သော် ငါးစိမ်းတန်း တွင် ဂုဏ် ထုတ် ဖော်ကာ ရိုင်းစိုင်းတင်စီးပြ သည်မှာ ဘွဲ့ရ အဆင့်လား ။ မရွှေ ဘယ်နှတန်း အောင်သည်မသိ။ လက်ထဲတွင် လက်ကောက်တွေ နှစ်ဖက်စလုံး ပြည့်နေအောင် ဝတ်ထား သည်။ လည်ပင်း တွင်လည်း လက်မလုံးလောက်ဆွဲကြိုးကြီး ဆွဲထားသည်။ သူဂုဏ်မောက်မည်ဆိုလျှင် မောက်နိုင်သည်။

သို့သော် ကိုယ့်ဖောက် သည်ကို ရိုသေ လေးစားစွာ ဆက်ဆံသည်။ ပြန်ပြီး ရန်မတွေ့။မရွှေ ရန်တွေ့တတ် ကောင်း တွေ့ တတ်မည်။ သို့ သော် ပညာတတ် ဘွဲ့ရဆိုသူက သူ့ကို ကက်ကက်လန် ရန်တွေ့သွားစေ သူက ပြန်ပြီး ရန်မတွေ့ ။ မရွှေသည် တကယ့် ပညာတတ်တစ်ယောက်။ သို့သော် ငါးရောင်းနေသည်။

တင်ညွန့်
မေတ္တာဖြင့်မျှဝေပါသည်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page