တိုင်းပြည်က ပညာမတတ် မချမ်းသာတော့ သူများကာကွယ်ဆေး တီထွင်တာ ငုတ်တုတ် ထိုင်ကြည့်နေရတဲ့အဖြစ်
တိုင်းပြည်က ပညာမတတ် မချမ်းသာတော့ သူများကာကွယ်ဆေး တီထွင်တာ ငုတ်တုတ် ထိုင်ကြည့်နေရတဲ့အဖြစ်
ငယ်ငယ်ကနားထောင်ခဲ့ရတဲ့ ဘီအီးဒီအောင်သိုက်တို့၊ မြတ်လေးတို့ ကက်ဆက်ဇတ်လမ်းတွေမှာဆို ချမ်းသာတဲ့ ပညာတတ်တဲ့သူတွေဟာ ဖေါက်ပြန်သူတွေပဲ။ ဂုဏ်ကြီးရှင်တွေဓနရှင်တွေ၊၊ နောက်ပိုင်းခေတ် ရုပ်ရှင်တစ်ချို့အထိ နိုင်ငံခြားကပြန်လာတဲ့သူဆိုတာ ပေါတောတော ဆင်းရဲသားမင်းသားလောက်ကို ဇာတ်ရုပ်က မလှရှာဘူး။
ကျွန်တော်တို့ငယ်ငယ်က ခေတ်တခေတ်မှာ သိပ်ပညာတတ်လာရင် လူတွေဟာ ဖေါက်ပြန်မဲ့သူတွေလို့ အတွေးအခေါ်တွေကို သင်းကွပ်ခံခဲ့ရဘူးတယ်။ စိတ်တွေကိုဖိနှိပ်ခံရတာ။
၁၉၈၈ ဒီဘက်ပိုင်းကြတော့ ပညာသင်ကြားရေး အဆောက်အအုံ အသိုင်းအဝိုင်းပါ ထပ်ပျက်ပြီး ရုပ်ပိုင်းဆိုင်ရာကိုပါ ထပ်သင်းကွပ်ခံရပြန်တယ်။
ဒါကြောင့်ဖြစ်နိုင်ရင် ချမ်းသာတဲ့ပညာတတ်တွေ (ပိုက်ဆံလည်းရှိရမယ် ပညာလည်းတတ်ရမယ်) ဖြစ်အောင်လုပ်ကြပါလို့သာ တိုက်တွန်းချင်တယ်။ ချမ်းသာပြီးမှ ပညာတတ်အောင် လုပ်လုပ်၊ ပညာတတ်အောင် လုပ်ပြီးမှ ချမ်းသာအောင်လုပ်လုပ် အဲဒီနှစ်ခုရှိဖို့ အရေးကြီးတယ်။ အနည်းဆုံးတစ်ခုခုကိုတော့ ဆုပ်ကိုင်နိုင်ဖို့လိုတယ်။
တစ်ချို့သူတို့ဘာသာ အေးအေးလူလူ ရောင့်ရဲပြီးနေနိုင်တာ အပြစ်မဟုတ်ဘူး။ ကိုယ်က တိုင်းပြည်ကယ်တင်ချင်တယ် ဦးဆောင်ဦးရွက် ပြုချင်တယ်ဆိုရင်တော့ ပညာလဲမွဲ ဥစ္စာလဲမွဲလို့ မဖြစ်ချေဘူး။ ကိုယ်လည်း ဒုက္ခရောက်မယ်၊ ကိုယ်မိသားစု ကိုယ့်ဆွေလည်း ခက်ခဲမယ်၊ တိုင်းပြည်လိုက် နိုင်ငံတကာမှာလည်း မျက်နှာငယ်ရမယ်။
အခုလို တိုင်းပြည်လိုက် လူမျိုးလိုက် အသက်အန္တရာယ် ကြုံတဲ့အခါ၊ ပညာမတတ်တော့ သူများကာကွယ်ဆေး တီထွင်တာ ငုတ်တုတ်ထိုင်ကြည့်နေရတယ်၊၊ ပိုက်ဆံမရှိတော့ သူများပေးမှ ကမ်းမှ ကိုယ်ဆီရောက်မှာမို့ ထိုင်ဆုတောင်းနေရတယ်။
Aung Kyaw San