နိုင်ငံခြားသားနဲ့တွေ့မှပဲ အရှက်ကို ကွဲရော ဖြစ်ရတဲ့ နာမည်ကြီး ဝိပဿနာတရားစခန်း
အရှက်ကို ကွဲရော..
တစ်ခါက ရန်ကုန်မြို့ရှိ နိုင်ခြားသားများပါ အဝင်အထွက်ရှိတဲ့ နာမည်ကြီး ဝိပဿနာတရားစခန်း တစ်ခုမှာပါ။ နိုင်ငံခြားသားတစ်ဦးက တရားစခန်းဝင်ပါတယ်။ တရားစခန်းဝင် ယောဂီတွေအကုန်လုံး ငါးပါးသီလခံယူတဲ့ အချိန်ကျတော့ အဲ့ဒီနိုင်ငံခြားသားယောဂီက သီလ မခံယူဘူး။
ဒီတော့ တိုက်အုပ်ဆရာတော်က “တရားစခန်းဝင် ယောဂီအားလုံး တရားစခန်း စည်းကမ်းအရ သီလခံယူရမည့် စည်းကမ်းရှိကြောင်း ဆုံးမတဲ့အခါ.. သူသည် “ဗုဒ္ဓဘာသာဝင် မဟုတ်ကြောင်း” ပြောတော့၊ တိုက်အုပ်ဆရာတော်က “ဒါဖြင့် ဘာလို့တရားစခန်း လာဝင်တာလဲ” ထပ်မေးတယ်၊ ၄င်းနိုင်ငံခြားသားက “ဗုဒ္ဓဘာသာရဲ့ ဂုဏ်တော်မှာ အချိန်မရွေး လာပါ၊ လေ့လာပါ၊ ကြိုက်မှ ကျင့်သုံးပါ.. ဆိုတာ ရှိတယ်၊ ဒါကြောင့် လာလေ့လာတာပါ” လို့ ပြန်ပြောပါတယ်။
ဒါနဲ့ ကျောင်းတိုက်ရဲ့ ဦးစီးနာယက ကျောင်းထိုင်ဆရာတော်က နိုင်ငံခြားသားကို သီလမခံယူခိုင်းဘဲ တရားထိုင်ခွင့် ပြုလိုက်ပါတယ်။ တရားစခန်းရဲ့လုပ်ငန်းစဉ်အရ တရားထိုင်၊ တရားစစ်၊ တရားလျှောက်၊ လုပ်ငန်းစဉ်တွေ ပုံမှန်လုပ်တော့ တရားစခန်း တရားစစ်တဲ့အဖွဲ့က “အဲ့ဒီ နိုင်ငံခြားသားဟာ နောက်ထပ် (၇) ရက်လောက် တရားဆက်ထိုင်ရင် ဥာဏ်စဉ်တစ်ခု ရနိုင်တယ်၊ ဒါပေမဲ့ သူရဲ့ Visa သက်တမ်းက မနက်ဖြန်ကုန်ပြီ ဒီတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ” ဆိုတာ စဉ်းစားပြီး.. အဲ့ဒီ နိုင်ငံခြားသားကို ခေါ်တွေ့ ပြောတယ်။
“သူ့အနေနဲ့ နောက်ထပ် (၇) ရက်လောက် တရားဆက်ထိုင်ချင်သေးလား? ဆက်ထိုင်ရင်လည်း ဝိပဿနာဥာဏ်စဉ်တစ်ခု တိုးတက်နိုင်ကြောင်း” ရှင်းပြတော့ သူကလဲ လက်ခံတယ်။ ဒါပေမယ့်..
“သူ မနက်ဖြန် Visa ပြည့်ပြီ” လို့ ဖြေတော့ တရားစခန်းတာဝန်ရှိသူ ဘုန်းကြီးက “မပူနဲ့ ဒို့တရားစခန်းက ထိပ်တန်းအာဏာပိုင်တွေအထိ ငါတို့ပေါက်ရောက်တယ်”။ (ပိုင်တယ်ပေါ့လေ) “မင်းရဲ့ Pasport ကိုပေး၊ တရားစခန်းနဲ့ ပတ်သက်တဲ့ ဆရာဝန်ကြီးတစ်ဦးကို သူ့ကျန်းမာရေးအရ ခရီးမသွားသင့်ကြောင်း” ထောက်ခံစာ ရေးခိုင်းပြီး (လဝက) က တရားစခန်းနဲ့ ပတ်သက်သူရဲ့ အကူအညီနဲ့ Visa နောက်ထပ် (၁၄) ရက်ရအောင် လုပ်ပေးမယ်” လို့ပြောလိုက်တယ်။
အဲ့ဒီအချိန်မှာ နိုင်ငံခြားသား ပြန်ပြောလိုက်တဲ့ စကားကြောင့် တရားစခန်းက ယောဂီတွေနဲ့ သံဃာတွေ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်.. နိုင်ငံခြားသား ပြောလိုက်တာက..
“ကျွန်ုပ် သီလ အပျက်မခံနိုင်ဘူး၊ ဘန်ကောက်မှာ Visa လျှောက်ပြီး ပြန်လာခဲ့ပါမယ်” တဲ့။ ကောင်းရော.. နှုတ်ဖျားက သီလ မခံတဲ့သူက နှလုံးသားထဲထိ သီလစွဲမြဲသွားချိန်.. နှုတ်ဖျားက သီလအကြောင်း အထပ်ထပ် သွန်သင်နေသူတွေ ကိုယ်တိုင်က လွယ်လွယ်လေး ထမင်းစား ရေသောက် “မုသာဝါဒကံ” ကို ချိုးဖေါက်နေကြတယ်။