နေပြည်တော်သို့ ခိုးဝင်လာသူ တလအတွင်း နှစ်ဆတိုး၊ ၁၀ ဦးတွင် ပိုးတွေ့
နေပြည်တော်သို့ ခိုးဝင်လာသူ တလအတွင်း နှစ်ဆတိုး၊ ၁၀ ဦးတွင် ပိုးတွေ့
ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသော်လည်း နေပြည်တော်ကောင်စီနယ်မြေသို့ တရားမဝင်နည်းလမ်းဖြင့် ခိုးဝင်သူများ နှစ်ဆတိုးလာကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ထံမှ သိရပါတယ်။
နေပြည်တော်သို့ တရားမဝင် ခိုးဝင်လာမှုများကို ဖမ်းဆီးရာ အောက်တိုဘာလတွင် (၃၄၅)ဦးသာ ဖမ်းဆီးရရှိခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလတွင်(၇၅၀)ဦးကျော်အထိ ဖမ်းဆီးနိုင်ခဲ့ပြီး ခိုးဝင်းမှု နှစ်ဆအထိမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“နေပြည်တော်ကြီးကလည်း အကျယ်ကြီးဆိုတော့ ကြားထဲမှာ ကြားလမ်းလေးတွေ ဖြတ်လမ်းလေးတွေကနေ ရောက်လာတာတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က ပြည်သူတွေကို အသိပေးထားတဲ့အတွက် ရပ်ထဲရွာထဲက ပြည်သူတွေ သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးတွေက သတင်းပေးတဲ့ အခါမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ တရားမဝင်ဝင်ရောက်လာသူ( ၃၄၅)ဦး ဖမ်းဆီးရရှိခဲ့ပါတယ်။ ဒီနိုဝင်ဘာလမှာတော့ ပြည်သူတွေ အသိပညာမြင့်လာတာရယ် သတင်းပေးမှုတွေ ပိုကောင်းလာတဲ့အတွက် (၇၅၀)ကျော်လောက် အရင်လထက် နှစ်ဆလောက်အထိဖမ်းမိခဲ့ပါတယ်”ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုပါတယ်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖမ်းမိသော နေပြည်တော်သို့ ခိုးဝင်ခဲ့သူများအထဲမှ ၁၀ ဦးထံတွင် ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်း ၎င်းပြောပြချက်အရ သိရပါတယ်။
“ဒါကနေပြည်တော်ကို တရားမဝင်ဝင်ရောက်လာတဲ့သူတွေရဲ့ အန္တရာယ်ကို ပြောပြတာပါ။ ပြည်သူတွေ အနေနဲ့လည်း ဒီလိုဆက်ပြီး ပူးပေါင်းပါဝင်မယ်ဆိုရင် နေပြည်တော်ရဲ့ ရောဂါကူးစက်မှုကို ထိန်းချူပ်နိုင်မယ်လို့ ပြောလို့ရပါတယ်”ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
နေပြည်တော် ကောင်စီနယ်မြေသို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြည်သူများ ဝင်ရောက်လာမည်ဆိုပါက ရောဂါပိုးရှိမရှိ နှစ်ကြိမ် စစ်ဆေးရမည်ဖြစ်သလို Q (၁၄)ရက်အထိ ဝင်ရမည်ဖြစ်ကြောင်း၊ Stay at Home သတ်မှတ်မထားသည့် မြို့နယ်များမှ ပြည်သူများ ဝင်ရောက်မည်ဆိုပါက ရောဂါပိုးရှိမရှိ တကြိမ်နှင့် (၃)ရက် Q ဝင်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံဝန်ထမ်း / အစိုးရဝန်ထမ်းဖြစ်ပါက မည့်သည့်မြို့နယ်မှ လာရောက်သည်ဖြစ်စေ ရောဂါပိုး ရှိမရှိ နှစ်ကြိမ်စစ်ဆေးရမည်ဖြစ်ပြီး သတ်မှတ်ရာ Q စင်တာများတွင် (၇) ရက်အထိ နေထိုင်ရမည်ဖြစ်ကြောင်း သိရပါတယ်။