နေပြည်တော် ကုတင် (၃၀၀) ဆေးရုံမှ ကိုဗစ်လူနာ အချုပ်သားတဦး ထွက်ပြေးလွတ်မြောက်သွား

နေပြည်တော် ကုတင် (၃၀၀) ဆေးရုံမှ ကိုဗစ်လူနာ အချုပ်သားတဦး ထွက်ပြေးလွတ်မြောက်သွား

အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ကုတင်(၃၀၀)ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည့် ကိုဗစ် အတည်ပြုလူနာ အချူပ်သားတစ်ဦးသည် ဆေးရုံမှဆင်းခွင့်ရသည့်အချိန် လုံခြုံရေးများအကြားမှ ထွက်ပြေးသွားကြောင်း နေပြည်တော်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“သူက မနေ့က ခုတင်(၃၀၀)မှာ အချုပ်သားတွေ ဆေးရုံဆင်းကြတာပေါ့လေ။ ဆေးရုံဆင်းကြတော့ ဆေးရုံက ပြန်လွှတ်တဲ့အချိန်မှာ ရဲနဲ့ လွှဲပြောင်းစဉ်မှာ ပျောက်သွားတာပါ။ အချုပ်သားအလွှဲအပြောင်းမှာ ထွက်ပြေးသွားတာပါ။ လုံခြုံရေးအစောင့်အရှောက်နဲ့ ရဲတွေလည်းရှိပြီး ဆေးရုံနဲ့ ကားစောင့်နေရင်း ပျောက်သွားတယ်လို့ သိရပါတယ်”ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားသည် ကိုဗစ်ရောဂါပိုး ကင်းရှင်း၍ ဆေးရုံမှ ဆင်းခွင့်ရထားပြီးဖြစ်သောကြောင့် ၎င်းမှတဆင့် ထပ်မံကူးစက်ပြန့်ပွားနိုင်မှုမရှိကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“အဲဒီအချုပ်သား လွတ်မြောက်သွားတဲ့ အခြေအနေမှာ ဒီအချုပ်သားက ဆေးကုသမှု ပြီးသွားပြီဖြစ်တဲ့အတွက် ဆေးရုံက ဆင်းပေးတဲ့လူနာ ဖြစ်ပါတယ်။ သူ့ဆီကနေ ရောဂါပိုး ထပ်ပြီးတော့ ကူးစက်နိုင်ဖို့ အခွင့်အလမ်း အင်မတန်နည်းပါတယ်။ အဲဒီတစ်ခုတော့ ပြည်သူတွေ မကြောက်ဖို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်”ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ပျဉ်းမနားမြို့နယ်၊ မြို့မရဲစခန်းအချူပ်ထောင်တွင် အချုပ်သားတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းမှတဆင့် အချုပ်ခန်းအတွင်းရှိ အချုပ်သား၊အချူပ်သူများနှင့် တာဝန်ကျရဲအမှုထမ်းများ ကူးစက်ခံခဲ့ရပြီးနောက် လက်ရှိအချိန်တွင် အဆိုပါ အချူပ်သားများအားလုံးသည် ကိုဗစ်ရောဂါပိုး ကင်းစင်နေပြီဖြစ်ကြောင်း နေပြည်တော်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

အောက်တိုဘာလ (၃၁)ရက်၊ည (၈)နာရီ နေပြည်တော်ကောင်စီ၏ ထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ်အတည်ပြုလူနာ (၃၂၀) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၇၄) ဦး၊ ဆေးရုံတက်လူနာ (၄၂) ဦးသာ ကျန်ရှိကြောင်းသိရ ပါတယ်။

သိန်းကိုလွင်(နေပြည်တော်)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page