အယုံလွယ်မိသူတယောက်ရဲ့ နောင်တ (သင်ခန်းစာယူစရာ ဖြစ်ရပ်)

မမြင်ရသောကံ

တစ်ရာသီလုံးရွာသွန်းခဲ့ရသော မိုးစက်မိုးပေါက် တို့က တာဝန်ပြီးဆုံးသွားကြ၍ ငွေနှင်းစက် တို့အား တာဝန်တွေလွှဲပြောင်းချိန်။ လယ်ကွင်း ထဲမှစပါးပင်တို့သည် မြောက်ပြန်လေတိုက်ခတ် သည့်အတိုင်း ယိမ်းနွဲ့နေကြပြီး ဟေမာန်ရာသီ ဦးကို ကြိုဆိုနေလျက်။

မန်ကျည်းတောရွာရှိ ရွာသူရွာသားတို့ သည် မိုးအကုန်ဆောင်းအကူးကာလပေမို့ ပျက်စီးနေသော လမ်းတို့ကို ပြုပြင်ဆယ်ဖို့နေ ကြသည်။ မြို့နှင့်အလှမ်းဝေးလွန်းလှသော ကြောင့် တစ်လမှတစ်ခေါက်သာ မြို့သို့ စျေးဝယ်ထွက်လေ့ရှိသည်။ တောသူတောင်သား များပီပီ လယ်ယာလုပ်ငန်းများဖြင့်သာ မိမိတို့ ၏ အချိန်တို့ကို ကုန်ဆုံးစေသည်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ စျေးသည်များ၊ ထီသည်များ၊ ကုန်သည်များ ကျင်လည်ကျက်စားရာ နေရာတစ်ခုဖြစ်လာ သည်။ ကျေးရွာသို့ရောက်ရှိလာသည့် စျေးသည် တို့ပါလာသော မည်သည့်ကုန်ပစ္စည်းကိုမဆို ကုန်စင်အောင် ဝယ်လေ့ရှိကြသည်။ ထိုသူများ ထဲတွင် မငွေကြည်လည်း အပါအဝင်ဖြစ်ပေသည်။

“ငွေကြည်ရယ် နင်အသုံးအဖြုန်းတွေ နည်းနည်းလျှော့စေချင်တယ်ဟာ။ လာသမျှ စျေးသည်ဆီကသာ ဝယ်နေမယ်ဆိုရင် ငါတို့ မိသားစုဘဝက ဘယ်လိုလုပ်ချမ်းသာလာတော့ မှာလဲဟ” “အို ကျုပ်ကိုပဲ အပြစ်တင်မနေနဲ့ ကိုထွန်းတင်။ တော့်သားသမီးတွေစားဖို့ သောက်ဖို့ ဝယ်ရတာပဲ။ မချမ်းသာလာလည်း မတတ်နိုင်ဘူး တော်ရေ”

ကိုထွန်းတင်သည် မငွေကြည်နှင့် ညားပြီး ချိန်မှစ၍ နေထွက်မှနေဝင် လယ်တောထဲ၌သာ မိမိ၏အချိန်တွေကို ကုန်ဆုံးစေသည်။ ဆင်းရဲ သော မိသားစုမှ ပေါက်ဖွားလာသူဖြစ်သော ကြောင့် ပိုက်ဆံကုန်မှာကို အလွန်အမင်းကြောက် သောသူဖြစ်သည်။ သို့သော် ဇနီးသည် မငွေကြည်သည် ကိုထွန်းတင်ကဲ့သို့ ဘဝတူ မိသားစုမှ ပေါက်ဖွားလာသူဖြစ်သော်လည်း ခင်ပွန်းကဲ့သို့ နှမြောသည့်စိတ် အလျဉ်းမရှိ။ ဘဝတူများဖြစ်သော်လည်း စိတ်ထားမတူသူ များဖြစ်ကြသည်။ သားသမီးခြောက်ယောက် မွေးပြီးသည်အထိ စီးပွားရေးကို စိတ်မဝင်စား သေးဘဲ အသုံးအဖြုန်းဘက်တွင်သာ အလေး သာနေသော မငွေကြည်ကိုကြည့်ပြီး အားမလို အားမရ အကြိမ်ကြိမ်ဖြစ်ခဲ့ရသည်။

“ကိုထွန်းတင်ရေ ခင်ဗျားမိန်းမ မငွေကြည် ရှိလားဗျ” “သြော် ပွဲစားကြီး ကိုမောင်မောင်ပါလား။ ငွေကြည် ဘယ်သွားလဲမသိဘူးဗျ။ ဘာကိစ္စရှိ လို့လဲ” “စပါးဖိုး ကြိုလိုချင်တယ်ဆိုလို့ လာပေး တာပါ။ ရော့ တင်းတစ်ရာဖိုး ငွေငါးသိန်း။ ကျွန်တော့်ကို ခွင့်ပြုပါဦး”

ကိုထွန်းတင်သည် ကိုမောင်မောင်ပေးသွား သော ငွေငါးသိန်းကို ယူထားလိုက်သော်လည်း ငွေကိုလွယ်လွယ်ယူတတ်သော အကျင့်ရှိသည့် ဇနီးသည်အပေါ် ဒေါသဖြစ်မိသည်။ ယခင်နှစ် ကလည်း ခင်ပွန်းဖြစ်သူမသိဘဲ ငွေတိုးများယူ ထားပြီး ငွေတိုးချေးသောဒေါ်ရွှေစိန် အကြွေး လာတောင်းမှသိရသည်။ ခိုင်းနွားတစ်ရှဉ်းကို ချန်ထားပြီး လက်ဆွဲနွားလေးကိုရောင်း၍ ဒေါ်ရွှေစိန်၏အကြွေးကို ဆပ်လိုက်ရသည်။ ယခုလည်း လယ်ထဲမှစပါးများမှာ မရိတ်သိမ်း ရသေးသော်လည်း စပါးဖိုးကို ကြိုတင်ယူထား ပြီးဖြစ်သည်။ ဇနီးသည်အပေါ် ချစ်လွန်း၍ အလိုလိုက်ခဲ့သည်မှာ အမှားတစ်ခုဖြစ်နေပြီ လားဟု မိမိကိုယ်မိမိ မေးခွန်းထုတ်နေမိသည်။

“ကိုထွန်းတင် ကျုပ်တို့အိမ်ကို ကိုမောင် မောင် လာသွားသေးတယ်ဆို” “ဟုတ်တယ် ငွေကြည်။နင် ဘာတွေလုပ် နေတာလဲဟာ။ လယ်ထဲကစပါးတွေတောင် မရိတ်ရသေးဘူး။ နင်က ကြိုငွေတွေယူပြီးပြီ။ဒီငွေငါးသိန်းကိုကော ဘာလုပ်ဦးမှာလဲ”

“တော့်သားအကြီးကောင်ရဲ့ ဘော်ဒါက ပညာသင်စရိတ်နောက်ဆုံးအရစ် လာသွင်း လှည့်ပါတဲ့။ ကျုပ်တို့မှာ ငွေမှမရှိတာ။ အဲဒီတော့ စပါးဖိုးကြိုယူသုံးရတာပေါ့” “ဘော်ဒါကို ငွေဘယ်လောက်သွင်းရမှာလဲ” “နှစ်သိန်းရှစ်သောင်း” “နှစ်သိန်းရှစ်သောင်းပဲလိုတာကို ဘာလို့ ငွေငါးသိန်းယူရတာလဲ။ နင်လုပ်ပုံနဲ့တော့ ငါတို့ မိသားစု လူလိုသူလို ဘယ်တော့မှနေရမှာ မဟုတ်ဘူး”

မငွေကြည်သည် ကိုထွန်းတင်၏ အကြောင်းကို အူမချေးခါးသိနေသူဖြစ်သော ကြောင့် ခင်ပွန်းဖြစ်သူ စိတ်ဆိုးဒေါသဖြစ်နေ ချိန်၌ ခွန်းတုံ့ပြန်ခြင်းမပြုဘဲ ငြိမ်သက်နေ၏။ ကိုထွန်းတင်သည် ဆေးဝါးအဖြစ် ညနေတိုင်း၌ အရက်သောက်သုံးလေ့ရှိသည်။ ထိုအားနည်း ချက်သည် မငွေကြည်အတွက် အားသာချက် တစ်ခုဖြစ်နေသည်။ ကိုထွန်းတင် စိတ်ဆိုးပြေ ချိန်၌ အရက်ဖိုးကုန်သည့်အကြောင်းကို မနား တမ်းပြောလေ့ရှိသည်။ ထို့ကြောင့် ကိုထွန်းတင် သည် ဇနီးသည်၏ကိစ္စတိုင်းကို ဝင်ပါလေ့မရှိ ပေ။ “အများပြောလျှင် တစ်လ၊ မယားပြော လျှင်တစ်ည”ဟူသည့် ဆိုရိုးစကားသည် မငွေကြည်အတွက် အမှန်ကန်ဆုံး ဆိုရိုးစကား ဖြစ်သည်။ ကိုထွန်းတင် စိတ်ဆိုးပြေချိန်တွင် မငွေကြည်၏ အပြောစကားများကြား၌ အကြိမ်ကြိမ်ကျဆုံးခဲ့ရသည်။

“ကိုထွန်းတင် တော် ကြားပြီးပြီလား” “ဘာလဲဟငွေကြည်ရ။ နင့်စကားက အရင်း မရှိ အဖျားမရှိနဲ့။” “အနောက်ဘက်ရွာက သိန်းမောင်လေ။ သိန်းတစ်ရာ ထီပေါက်တယ်တဲ့တော်။ မြဒိုးတို့၊ လှဆောင်တို့၊ မယ်တင်တို့လည်း ငါးသောင်းဆု၊ တစ်သိန်းဆုတွေ ပေါက်တယ်တဲ့တော်ရေ” “သူတို့ဘာသူ ပေါက်တာ ငါတို့နဲ့ ဘာဆိုင် လို့လဲဟ” “ဆိုင်တာပေါ့တော်။ ကျုပ် ချဲထိုးတာ တောင် တော်က တဗျစ်တောက်တောက်နဲ့။ လာဘ်ပိတ်တာပေါ့။ သူများတွေများကံကောင်း ချက်။ အဲဒါကြောင့် ပြောတာပေါ့။ လှံထမ်း လာတာကို မြင်ရပေမယ့် ကံထမ်းလာတာကို မမြင်ရဘူးဆိုတာ” “ဒီမယ် ငွေကြည်။ ကံဆိုတာ အလုပ်ပါဟ။ နင်ကံကောင်းချင်ရင် အလုပ်လုပ်။ အလုပ် မလုပ်တဲ့လူက ဘယ်တော့မှကံကောင်းလာမှာ မဟုတ်ဘူး”

ကိုထွန်းတင်၏ စကားများသည် မငွေကြည်အတွက် ခါးသီးလွန်းလှသော်လည်း ရိုးအီနေသောစကားများသာဖြစ်သည်။ မငွေ ကြည်သည် တစ်နေကုန်တစ်နေခန်း ပင်ပင် ပန်းပန်းအလုပ်လုပ်မှရသော ငွေကို မမက်မော ပေ။ အိမ်ထောင်မကျခင်က ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရသော်လည်း ယခုအချိန်တွင် အချက် အပြုတ်၊ အလျှော်အဖွပ်မှလွဲ၍ အခြားအလုပ် များကို စိတ်မဝင်စားတော့ပေ။ ထို့ကြောင့် ကိုထွန်းတင်နှင့် မကြာခဏ စကားများရသည်။

“မင်္ဂလာပါ အစ်မ။ ကျွန်တော်တို့ကို ဝင်ခွင့် ပြုပါဦး။ ကျွန်တော်တို့က မဟာဇောတိက ထီဆိုင်ကြီးကပါ။ ထီလာရောင်းတာပါဗျ” ထီဝါသနာပါသော မငွေကြည်အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရသော်လည်း ကိုထွန်းတင်၏မျက်နှာထားမှာ မနှစ်မြို့သည့်ပုံ ပေါက်နေသည်။ ကိုထွန်းတင်၏မျက်နှာထား သည် မငွေကြည်၏ မျက်ခုံးပင့်၊ မျက်လုံးပြူး၊ နှုတ်ခမ်းကိုက်ပြမှုအောက်တွင် ကျရှုံးသွားသည်။ “လာပါကွယ်။ ထိုင်ပါဦး။ ရေနွေးကြမ်း လေးသုံးဆောင်ပါဦး။ ထီတစ်စောင်ကိုဘယ် လောက်နဲ့ရောင်းတာတုန်း”

“ထီတစ်စောင်ကို တစ်ထောင့်ငါးရာပါ။ ဆယ်စောင်တွဲကို တစ်သောင်းခွဲပေါ့။ဆယ်စောင် တွဲထိုးရင် ကူပွန်တစ်ခုပါရတယ် အစ်မ။ တစ်စောင်တည်းထိုးရင်တော့ ကူပွန်မရဘူးပေါ့” “အဲဒီကူပွန်ဆိုတာကို အစ်မနားမလည်ဘူး” “ဒီလိုပါ အစ်မရဲ့ ကူပွန်နံပါတ်ကနေ ပေါက်မဲတိုးသွားရင် ဆိုင်ကယ်၊ စက်ဘီး၊ ရေခဲ သေတ္တာ၊ ဖုန်း၊ ဘက်ထရီအိုး၊ ဆိုလာပြား၊ ရေဒီယို၊ ပန်ကာကနေ လွယ်အိတ်၊ ထီး၊ ဖိနပ် အို စုံလို့ပါပဲဗျာ။ အဲဒါတွေသာ အကုန်ပြောပြ နေရရင် ကျွန်တော်တို့ မိုးချုပ်လို့တောင်ပြန်ရမှာမဟုတ်ဘူး”

“အဲဒါဆို အစ်မက ထီအစောင်သုံးဆယ် ထိုးမယ်။ လေးသောင်းခွဲဖိုးပေါ့” “ဟုတ်ကဲ့။ အစ်မရဲ့ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပြောပါဦး” “မငွေကြည်၊ မန်ကျည်းတောရွာ၊ ၀၉——” “ကျွန်တော့်နာမည်က မောင်သော်ဇင်ပါ။ ထီဖွင့်ရက်မှာအစ်မတို့ကို လှမ်းဆက်သွယ်ပါ့ မယ်။ ကဲထီအစောင်သုံးဆယ် အားပေးတဲ့ အစ်မတို့မိသားစု သိန်းတစ်သောင်းခွဲဆုကြီးကို ဆွတ်ခူးနိုင်ပါစေ။ ကူပွန်ထဲကလည်း ကံစမ်း မဲပေါက်ပါစေဗျာ” “ငါ့မောင်ပေးတဲ့ဆုနဲ့ ပြည့်ပါရစေကွယ်”

ထီသည်ကောင်လေး ပြန်သွားသည်နှင့် တစ်ပြိုင်နက် ကိုထွန်းတင်၏အောင့်အည်းသည်း ခံထားမှုတို့သည် ဒေါသအဖြစ် ပြောင်းလဲသွားကာ မငွေကြည်အား အပြင်းအထန်ပေါက်ကွဲသွား တော့သည်။ အလောင်းအစားခုံမင်သောမိန်းမ၊ ကိုယ့်ကိုယ်ကိုယ်အားမကိုးသောမိန်းမ၊ ဖြတ် လမ်းနည်းဖြင့် ငွေလိုချင်သောမိန်းမ စသော စွဲချက်အမျိုးမျိုးဖြင့် ပြစ်တင်ဝေဖန်သည်။ မငွေကြည်လည်း တိတ်တိတ်လေးနေရုံမှလွဲ၍ အခြားနည်းလမ်းမရှိချေ။

ဒီဇင်ဘာဆောင်း၏အအေးဓာတ်တို့သည် မငွေကြည်အပေါ် ကျရောက်နေသော ကိုထွန်း တင်၏ဒေါသအပူမီးတို့ကို ငြှိမ်းပေးနိုင်စွမ်းမရှိ ပေ။ သားသမီးများသည် မိဘနှစ်ပါးကို မည်သို့ပင်ရင်ကြားစေ့ပေးကာမူ မိဘနှစ်ပါး သည် ကမ္ဘာ့ရန်သူကြီးများသဖွယ် ဖြစ်နေကြ သည်။ ကိုထွန်းတင်သည် ဇနီးဖြစ်သူနှင့်မခေါ် မပြောသော်လည်း သားသမီးများ၏ စားဝတ် နေရေးအတွက် ဖခင်ကောင်းပီသစွာဖြင့် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိချေ။ ယခု လည်း စပါးတလင်းထဲသို့ ကောက်လှိုင်းများ တိုက်ရန် လှည်းအိမ်ကို သေချာကျနစွာ ချည် နှောင်နေခြင်းဖြစ်သည်။ မငွေကြည်သည်လည်း အိမ်ရှေ့မျက်နှာစာတွင် တံမြက်စည်းလှည်းကာ သန့်ရှင်းရေးလုပ်နေသည်။ ထိုအချိန်တွင် ရေနွေးစားပွဲပေါ်၌ တင်ထားသော ကီးပက် ဖုန်းလေးမှ အသံလေးမြည်လာသည်။ ကိုထွန်းတင်သည် ရေနွေးစားပွဲပေါ်မှဖုန်းလေး ကို အသာဆွဲယူပြီး ကိုင်လိုက်သည်။

“ဟယ်လို…ဟယ်လို မငွေကြည်တို့အိမ်က လားဗျ။ မငွေကြည်ကို ဖုန်းပေးပေးပါခင်ဗျ” ကိုထွန်းတင်သည် မလာစဖူးအလာထူး သည့် ဖုန်းနံပါတ်စိမ်းကိုကြည့်ပြီး မငွေကြည် အား ဖုန်းလာကိုင်ရန် မျက်နှာအမူအရာနှင့် ပြောလိုက်သည်။

“ကျွန်မ မငွေကြည်ပါ။ ဘယ်သူလဲ မသိဘူး” “အစ်မက ကျွန်တော့်အသံကို မမှတ်မိဘူး ထင်တယ်။ ကျွန်တော်က အစ်မတို့ဆီ ထီလာ ရောင်းတဲ့ သော်ဇင်ပါ။ အစ်မတို့အတွက် ဝမ်းသာလွန်းလို့ လှမ်းဆက်တာ” “အစ်မတို့ ထီပေါက်လို့လားဟင်” “ထီကတော့ ကပ်လွဲသွားတယ် အစ်မ ရေ။ ဒါပေမယ့် အစ်မကူပွန်ထဲကနေ ဆိုင်ကယ် ပေါက်တယ်ဗျာ။ ဆိုင်ကယ်က ယိုးဒယားဘီး နော်။ တစ့်ဆယ့်လေးသိန်းလောက် တန်တယ် အစ်မရေ” “အကြောင်းကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ် မောင်လေးရေ” “အစ်မတို့ရွာဘက်ကလူတွေ ကံကောင်း လိုက်ကြတာဗျာ။ ထိန်ပင်ရွာက ကိုဇော်ဝင်း ဆိုရင် ရေခဲသေတ္တာပေါက်တာ။ ရွှေပန်းရွာက ဒေါ်ထွေးမြက ဆိုလာပြားပေါက်တယ်။ အုန်းတောရွာက ကိုလှစိုး ဆိုရင် စက်ဘီးနဲ့ ရေဒီယို နှစ်မျိုးတောင်ပေါက်တာနော်”

“ဒီလိုဆိုရင်တော့ အစ်မတို့ဘက်ကလူတွေ ကံထလာကြပြီပေါ့” “ဟုတ်တယ် အစ်မရေ။ ကျွန်တော့်ကို တစ်လက်စတည်းအကူအညီပေးပါဦး။ အခု မဲပေါက်တဲ့လူတွေရဲ့ပစ္စည်းတွေကို ကျွန်တော် က ကားငှါးပြီး လာပို့ရမှာမို့ ခရီးစရိတ်လေး လွှဲပေးကြပါဦး။” “အစ်မက ဘယ်လောက်လွှဲပေးရမှာလဲ” “အစ်မက ဆိုင်ကယ်မဲပေါက်တာဆိုတော့ ဆိုင်ကယ်တင်ခ ခြောက်သောင်းလောက်ကျ မယ်။ အခြားသူတွေကိုလည်း ကျွန်တော်ပြော ထားပြီးပြီ။ အစ်မဆီကို သူတို့ကျသင့်ငွေတွေ သွားပေးဖို့။ အစ်မကပဲဦးဆောင်ပြီး ကျွန်တော့် ကို လှမ်းလွှဲပေးပါနော်” “ဟုတ်ပါပြီကွယ်”

ထီရောင်းသော မောင်သော်ဇင်နှင့် ဖုန်း ပြောပြီးနောက် မငွေကြည်သည် ပြုံးပျော်ရွှင်မြူး နေ၏။ ခါးသီးလှသော ကိုထွန်းတင်၏စကားတို့ သည် ပျားရည်ကဲ့သို့ ချိုမြသွား၏။ တစ်ခါမှ အလည်မလာဖူးသော အိမ်နီးနားချင်းများ သည်လည်း ကိုထွန်းတင်တို့အိမ်၌ အလှူပွဲကြီး ကဲ့သို့ စည်စည်ကားကား ရောက်လာကြသည်။ မငွေကြည်ကို အားကျအတုယူချင်နေကြ၏။မငွေကြည်လည်း တစ်သက်လုံးအပြစ်တင်စကား များကိုသာ မနားတမ်းပြောနေတတ်သည့် ခင်ပွန်းဖြစ်သူကို စကားနာထိုးလိုက်သည်။

“တော့် ကိုထွန်းတင်။ တော် တစ်သက်လုံး မစီးဖူးတဲ့ဆိုင်ကယ်ကို စီးရတော့မှာနော်။ တရုတ် ဘီးမဟုတ်ဘူးနော်။ ယိုးဒယားဘီးစီးရမှာ။ တော့် အစွမ်းအစနဲ့ဆို ဆိုင်ကယ်မပြောနဲ့ စက်ဘီး စုတ်တောင် ကျုပ်သားသမီးတွေ မစီးရဘူး” “အေးပါ ငွေကြည်ရယ်။ ငါက ကိုယ့်မိန်းမ ကို ချစ်လွန်လွန်းလို့ ပြောမိတာပါ။ စိတ်မဆိုး ပါနဲ့ဟာ။ အခုတော့ ငါ့မိန်းမရဲ့ အစွမ်းအစနဲ့ ငါ ဆိုင်ကယ်စီးရတော့မယ်။ ကျေးဇူးတင်တယ် ငွေကြည်ရယ်”

မငွေကြည်၏ ဂုဏ်သတင်းသည် မန်ကျည်းတောရွာပတ်ဝန်းကျင်၌ ခဏချင်း ပျံ့လွင့်သွားလေသည်။ မငွေကြည်ကဲ့သို့ ကူပွန် နံပါတ်မှပေါက်ကြသော အခြားရွာမှသူများ သည် မိမိတို့ပေါက်သော ပစ္စည်း၏ကားတင်ခ ငွေများကို မငွေကြည်ထံသို့ လာရောက်ပေး ဆောင်ကြ၏။ မငွေကြည်လည်း ငွေစုံသည်နှင့် မြို့သို့သွား၍ ထီသည် သော်ဇင်ဆီသို့ ငွေလွှဲလိုက်သည်။ ထို့နောက် သော်ဇင်ကို ဖုန်းဆက်လိုက်၏။

“ဟယ်လို မောင်လေး သော်ဇင်လား။ အစ်မ မငွေကြည်ပါ။ ပစ္စည်းတင်ခငွေတွေ လွှဲလိုက်ပြီနော် မောင်လေး” “ဟုတ်ကဲ့အစ်မ။ လျှို့ဝှက်နံပါတ်လေး ပြောပါဦး အစ်မရေ” “လျှို့ဝှက်နံပါတ်က မောင်လေးဖုန်းနံပါတ် နောက်ဆုံးခြောက်လုံးပါ” “ဟုတ်ကဲ့ပါ။ အစ်မတို့ပစ္စည်းတွေကို တစ်ပတ်ရှိရင် လာပို့ပေးမယ်နော်။ ကျွန်တော့် ကို အကူအညီပေးတဲ့အစ်မရဲ့ကျေးဇူးတွေကို တစ်သက်လုံးမေ့လို့ရမှာမဟုတ်ဘူး”

“ရပါတယ် ငါ့မောင်ရယ်” တစ်ပတ်ပြည့်သောနေ့ နံနက်တွင် မန်ကျည်းတောရွာလမ်းထိပ်၌ မငွေကြည်ကဲ့သို့ ကံထူးရှင်များဖြစ်ကြသည့် အခြားကျေးရွာမှ လူများလည်း သော်ဇင်၏ကားအလာကို စောင့် ဆိုင်းနေကြသည်။ မိမိတို့ပစ္စည်းများကိုတင်ရန် နွားလှည်းများပါ တစ်ခါတည်းမောင်းခဲ့ကြ သည်။ နေ့လယ်နှစ်နာရီထိုးသောအခါ ထိန်ပင် ရွာမှ ရေခဲသေတ္တာမဲပေါက်သော ကိုဇော်ဝင်း သည် သော်ဇင်ထံ ဖုန်းဆက်ရန် မငွေကြည်အား ပြောသည်။ “ငွေကြည်ရေ ဟိုထီသည်လေးဆီ ဖုန်းဆက် ဦးဟ” တစ်မနက်လုံး စကားတစ်ခွန်းမှ ဝင်မပြော ဘဲ ပီတိတွေနှင့်ပြုံးပျော်နေသော ကိုထွန်းတင် ကလည်း ဖုန်းဆက်ရန် မငွေကြည်အား တိုက် တွန်းလိုက်သည်။ မငွေကြည်သည် ကီးပက်ဖုန်း လေးထဲမှ သော်ဇင်၏ဖုန်းနံပါတ်ကို နှိပ်လိုက် သည်။

၀၉—– လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်။ “ငွေကြည်ရယ် ဖုန်းနံပါတ်ကို သေချာ စစ်ပြီးမှ နှိပ်ပါဟ” “အေးပါ ကိုထွန်းတင်ရယ်။ မငွေကြည် သည် သော်ဇင့် ဖုန်းနံပါတ်ကို သေသေချာချာ စစ်ဆေးပြီး နောက်တစ်ကြိမ် ထပ်ခေါ်သည်။

၀၉—– “လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်”။

နန်းထိုက်အောင်(တောင်တွင်း)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page