ပူတဲ့ ရာသီဥတုမှာ အပူထဲကပြန်လာပြီး ရေခဲရေသောက်ရင် ဘာမှ မဖြစ်ပါဘူး၊ နားလည်မှု လွဲနေကြတာပါ
အရမ်းပူတဲ့ ရာသီဥတုမှာ ရေခဲရေသောက်ရင် ဦးနှောက်သွေးကြောပြတ်လား (ဒေါက်တာသူရိန်လှိုင်ဝင်း)
အပူချိန်များတဲ့အကြောင်းရေးတဲ့ပို့စ်တိုင်းမှာ ဘာလို့ ရေခဲရေကိုချည်း ပြဿနာရှာနေကြတာလဲ။ ရေခဲရေသောက်လို့ ဦးနှောက်သွေးကြောပြတ်တာမှ မဟုတ်တာ။ ဘာမှလည်း မဆိုင်ဘူးလေ။ ဦးနှောက်သွေးကြောပြတ်တယ် လေဖြတ်တယ်ဆိုတာမှာ အများစုက သွေးတိုး ဆီးချိုလို ရောဂါအခံတွေရှိကြလို့ဖြစ်ရတာ။ ရေခဲရေနဲ့ ဘာမှကို မသက်ဆိုင်ဘူး။ ကိုယ်မကြိုက်ရင် ကိုယ်မသောက်နဲ့ပေါ့။ ရေခဲရေသောက်လည်းဘာမှမဖြစ်ဘူး မသောက်လည်းဘာမှမဖြစ်ဘူး။
ဒါပေမယ့် အပူထဲကပြန်လာပြီး ရေခဲရေသောက်လို့ ဦးနှောက်သွေးကြောပြတ်ပါတယ်ဆိုတာကတော့ အမှားကြီး။ အတင်းကြီးဆက်စပ်ရင်တော့လည်း ဘာမှလွတ်မှာမဟုတ်ဘူး။ အဲဒီအမှားကြီးကိုပဲ လက်ဆင့်ကမ်းနေကြရင်း အတွေးအခေါ်တွေက လွဲကုန်ကြရော။ တကယ်တမ်းမှာ အရမ်းပူလာတဲ့အချိန် ခန္ဓာကိုယ်ကို အေးအောင်လုပ်ဖို့ပဲ အဓိကမို့ ရေနွေးနွေးကြီးတွေထက်စာရင် ရေအေးအေးလေးသောက်ရတာ ပိုပြီးလည်းအမောပြေသလို မြန်မြန်ဆန်ဆန်လည်းအေးတယ်။ နေပူထဲက ပြန်လာလည်း ရေခဲရေသောက်လို့ရတယ်။
နောက်တခု ရေအေးက လည်ချောင်းမနာစေတဲ့အပြင် နာနေရင်တောင် သက်သာစေတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ရှင်းပြတာတွေ အရင်သေချာလေး စဉ်းစားကြည့်ပါ။
ရေအေးက လည်ချောင်းနာတယ်လို့ ဘာလို့ပြောကြတာလဲ – ဒီပြဿနာက အရင် ရေသန့်ရှားတဲ့အချိန်တုန်းကစတယ်။ အရင်တုန်းက လမ်းဘေးမှာ ရေခဲရေရောင်းတာရှိတယ်။ တချို့ဆိုင်တွေမှာ ရေခဲရေဆိုပြီး ဘူးတွေခဲထားပြီးရောင်းတာရှိတယ်။ ဒါပေမယ့် ရေသန့်က မတွင်ကျယ်သေးတော့ ရေခဲထားတဲ့ ရေတွေက မသန့်ဘူး။ မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေပါနေတယ်။ ဒီတော့ ရေခဲရေသောက်တိုင်း ဒီပိုးမွှားတွေက အာသီးနဲ့ လည်ချောင်းမှာကပ်တွယ်ပြီး အာသီးရောင်တာ၊ လည်ချောင်းရောင်ရမ်းပြီးနာတွေဖြစ်စေတယ်။ ဒီတော့ ရေခဲရေသောက်ရင် လည်ချောင်းနာတယ်ဆိုတာမျိုးဖြစ်လာတယ်။ တကယ်တမ်းမှာ အေးနေတဲ့ရေကြောင့်ဖြစ်တာမဟုတ်ဘဲ မသန့်တဲ့ရေကြောင့်ဖြစ်တာ။ ရေကိုကျိုချက်လိုက်တဲ့အခါ အပူက ပိုးမွှားတွေကို သတ်ပေးတယ်။ ဒါကြောင့် ရေခဲရေထက်စာရင် ရေနွေးသောက်ခိုင်းကြတယ်။ အခုခေတ်မှာကျတော့ ရေသန့်က နေရာတိုင်းရလာတယ်။ ရေသန့်ရေခဲရလာတယ်။ ရေသန့်တယ်ဆိုရင် အေးအေးပူပူ ပြဿနာမရှိဘူး။ အာသီးရောင် လည်ချောင်းနာလည်း မဖြစ်တော့ဘူး။
ရေအေးက လည်ချောင်းနာတာ သက်သာစေတယ် – ရေသန့်တော့ဖြစ်ရမယ်။ လည်ချောင်းနာ အာသီးရောင်နေချိန် အာခေါင်ထဲ မီးထိုးကြည့်ရင် နီရဲပြီး သွေးကြောတွေဖောင်းနေတာ တွေ့လိမ့်မယ်။ အဲဒီလိုသွေးကြောတွေဖောင်းပြီး ရောင်ရမ်းနေလို့ လည်ချောင်းနာတာ။ ရေအေးမှာ သွေးကြောတွေကို ကျုံ့စေပြီး ထုံသွားစေတဲ့ ဂုဏ်သတ္တိရှိတယ်။ ရောင်နေတဲ့နေရာတွေကို ရေခဲကပ်ရတယ်ဆိုတာ ဒီသဘောပါ။ ရေအေးသောက်လိုက်တဲ့အခါ အဲဒီရေအေးက အာခေါင်မှာဖောင်းပြီး ရောင်ရမ်းနေတဲ့ သွေးကြောတွေကို ကျုံ့သွားစေပြီး ရောင်ရမ်းမှုကိုလျှော့ချပေးတယ်။ ထုံသွားစေတယ်။ အဲဒါကြောင့် နာတာကို ခဏသက်သာသွားစေတယ်။ ပိုးကူးစက်မှုကြီးကြီးမားမားရှိနေပြီဆိုရင်တော့ အဲဒါကို ပိုးသတ်ဆေးနဲ့ကုရမယ်။ ဝေဒနာကို သက်သာစေချင်ရင်တော့ ရေအေးသောက်လို့ရတယ်။ (ဒေါက်တာသူရိန်လှိုင်ဝင်း)