မိသားစုကိုတောင် အနားမလာဖို့ ပြောထားပြီး ကိုဗစ်ကို တိုက်နေတဲ့ ရှေ့တန်း တိုက်စစ်မှူးတဦး ရေးတဲ့စာ

မိသားစုကိုတောင် အနားမလာဖို့ ပြောထားပြီး ကိုဗစ်ကို တိုက်နေတဲ့ ရှေ့တန်း တိုက်စစ်မှူးတဦး ရေးတဲ့စာ

လုပ်သက် (၂၀) ရှိပါပြီ၊ ယခုကာလက စိတ်အပင်ပန်းဆုံး အချိန်ပါပဲ

လက်ထောက်ဆရာဝန် ငါးနှစ် ပညာတွေသင်ယူခွင့်ရခဲ့တယ်။ ဆရာကြီးဆရာမကြီးတွေက ချစ်တာများပါတယ်။ အလုပ်ပင်ပင်ပန်းပန်းလုပ်ခဲ့ရတယ်။ ဆရာဆရာမတွေက ကျွန်တော့်ကို ဦးဆောင်ခွဲခိုင်းတာ လူတွေရာနှင့်ချီအောင် ခွဲခဲ့ရဘူးတယ်။ အယောက်တစ်ရာ မပြည့် မပြောင်းဘူးကွာလို့ နောက်ပြောင်ပြောတာ နောက်ဆုံး ရာဂဏန်းကိုတော်တော်ကျော်တဲ့အထိ ခွဲခန်းဝင်ခဲ့ရဘူးတယ်။ ပျော်နေတာပါပဲ။ ဖိအားတွေလည်း မရှိပါဘူး။ လူနာတွေအသက်ရှင်သွားတာမြင်ရတော့ ပျော်လိုက်တာ ပီတိလေ။

တိုက်နယ်ဆရာဝန် ငါးနှစ် အပျော်ဆုံးကာလ လူတွေထောင်နှင့်ချီပြီး ခွဲစိတ်ကုသ စောင့်ရှောက် ပေးဘူးတယ်။ သီချင်းတကြော်ကြော်ဆိုပြီး ခွဲခဲ့တာပါပဲ။ ပြုံးပျော်ပြီး လူနာကြည့်ခဲ့တာပါပဲ။ စည်းကမ်းမလိုက်နာတဲ့ လူနာစောင့်တွေကို သာစိတ်ဆိုးဘူးတာ ရန်လာလုပ်တဲ့ လူနာကိုတောင် ကုပေးခဲ့ဘူးပါတယ်။ ကျရာ ဒေသရဲ့ တိုးတက်မှုတွေကို လုပ်ပေးခဲ့ဘူးတယ်။ ပြည်သူနှင့်တသားတည်းနေခဲ့တယ်။ ဘဝမှ တသသဖြစ်ရတဲ့ တိုက်နယ်ဆရာဝန်ဘဝ။

မြို့နယ်ဆရာဝန်ဘဝ ငါးနှစ် ဘဝရဲ့ အမှတ်အရဆုံးအချိန်။ တာဝန်ကျတဲ့ မြို့နှစ်ခုလုံးမှာ တိုးတက်မှုတွေ အများကြီး ဆောင်ကျဉ်းပေးနိုင်ခဲ့တယ်။ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု အပြင် အပိုထပ်ဆောင်း ပြည်သူ့ကျန်းမာရေး အကျိုးပြုလုပ်ငန်းတွေ တပုံတပင်နှင့် တည်ဆောက်ပြခဲ့တယ်။ အောင်မြင်မှုတိုင်းဟာ စိန်ခေါ်မှုကြီးပေမယ့် လက်တကမ်းဆိုသလို ရယူပြနိုင်ခဲ့တယ်။ ပြည်သူ့ ဂုဏ်ရည်အထူးဆုကိုရခဲ့တယ်။

ဆေးပညာမဟာသိပ္ပံတက်တယ် နေပြည်တော်မှာ စီမံလက်ထောက်ညွှန်မှူးဘဝ။ ပညာတွေ အများကြီးရခဲ့တယ်။ သင်ခန်းစာတွေ အများကြီးပေါ့။ စိတ်ကျဉ်းကျပ်ခြင်း ကိုခံစားခဲ့ရဘူးတယ်။ ဒါပေမယ့် ရခဲ့တဲ့ သင်ခန်းစာတွေက အများကြီးနောက်နောင် ဘဝလမ်းအတွက် အကျိုးပေးပါတယ်။ ဒါပေမယ့် ရာထူးမတက်ချင်နေပါစေ ကိုယ့်ခြေ ကိုယ့်လက် ကိုယ်စွမ်းကိုယ်စ အတိုင်း လွတ်လွတ်လပ်လပ် မှန်ရင်ပျော် မှားရင်တာဝန်ယူတဲ့ ဘဝအနေအတိုင်းပဲ နေတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ ဘယ်တော့မှ လွတ်လပ်မှုကို ရာထူးနှင့် မလဲဘူး သူများစိတ်နှင့်ကိုယ့်ကို မဖြစ်စေရဘူးလို့ သံဓိဌာန်ချခဲ့တယ်။

သီပေါဆေးရုံအုပ်။ အေးမြတဲ့ ရှမ်းမြေမှာ ဘဝရဲ့ အသာယာဆုံးပါပဲ။ ဖော်ရွေတယ် ထက်မြတ်တယ် စေတနာကိုနားလည်တယ် ရှမ်းညီအကိုမောင်နှမတွေ နှင့် သုံးနှစ်နီးပါး အလုပ်တွဲလုပ်ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ တိုင်းရင်းသားကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဘဝပိုင်းဆိုင်ရာတိုးတက်မှုတွေ အများကြီးလုပ်ပေးနိုင်ခဲ့တယ်။ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ၏ လူမှုထူးချွန်ဆုကို လုပ်ဖော်ကိုင်ဖက် အားလုံး ဖြစ်တဲ့ သီပေါကျန်းမာ အနေနှင့်ရခဲ့တယ်။

မြဝတီ။ ဘဝမှာ တာဝန်ကျဘူးတဲ့အထဲက အကောင်းဆုံးမြို့။ ဆေးခန်းဖွင့်ရင် အရမ်းအောင်မြင်တဲ့မြို့။ ခဏတာဆေးခန်းဖွင့်ဖြစ်ပေမယ့် ကြိတ်ကြိတ်တိုးမတတ် မနည်း social distancing လုပ်ခဲ့ရတဲ့မြို့။ မြို့တိုင်းမြို့တိုင်း ကျွန်တော့ကိုလာပြတဲ့လူနာကတော့ တစ်နေ့တစ်နေ့ ကျွန်တော် စိမ်ပြေနားပြေ ကြည့်နိုင်တဲ့ ပမာဏကို ရောက်တာများပါတယ်။ သုံးလေးဆယ်ပေါ့။ ရာသီတုတ်ကွေးချိန်မှာ လူ ရာချီကြည့်ဘူးပါတယ်။ ဒါပေမယ့် ကျွန်တော်တာဝန်ကျတဲ့မြို့တွေရဲ့ စီးပွားရေးအခြေအနေအရ စမ်းသတ်ခကို အနည်းဆုံးယူခဲ့ပါတယ်။ ဆေးခန်းစဖွင့်တော့ ၃၀၀ နောက် တိုက်နယ်ဆရာဝန်ဘဝမှာ ၅၀၀ မြို့နယ်ဆရာဝန်ဘဝ မှာ ၁၀၀၀−၁၅၀၀ သီပေါရောက်တော့ ၂၀၀၀ ပဲ ယူခဲ့တယ်။ မြဝတီမှာ တစ်ယောက်ကြည့် ဘတ် ၁၀၀ ရခဲ့တယ်။ ဆေးခန်းလေးသာ ဆက်ဖွင့်ဖြစ်ပြီး တစ်နှစ်ကျော် ၂နှစ်နေခွင့်ရရင် မိသားစုဘဝလေး သာယာပြီ ထင်ပြီး မြဝတီရဲ့စိန်ခေါ်မှုအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ်။ သုံးလအတွင်း ဆေးရုံမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု အများကြီးရှိခဲ့သလို ဝန်ထမ်းတွေကိုလည်း စနစ်တွေ ခံယူချက်တွေရှိအောင် စည်းရုံးနိုင်သလောက် စည်းရုံးခဲ့တယ်။ မြို့နှင့် တစ်သားတည်းဖြစ်နေချိန် ရွက်မှာလေဝ တက်ကိုအားစိုက်လှော်မယ်အလုပ်မှာ ရန်ကုန်ပြန်ပါတဲ့။ ကိုဗစ် အတွက် မင်းလာ ကြိုးစားပါတဲ့။

ရန်ကုန်ဆေးရုံကြီးဟာ သိပ်ကြီးပါတယ်။ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ဉီးစီးတဲ့ ဆေးရုံမှာ ဒုညွှန်မှူးဟာ သေးသေးလေးပါ။ ကျွန်တော်လုံးဝမလုပ်ချင်တဲ့နေရာပါပဲ။ ကိုယ့်ထက် အတွေ့အကြုံ ပညာတော်တဲ့ သူတွေ ပေမယ့် ကျွန်တော်က ကိုယ့်အားကို ကိုယ်ယုံ စွမ်းသလောက် ပြေးချင်တဲ့သူ။ ဒီလမ်းကြောင်းမှန်တယ်ဆို နောက်မဆုတ်တမ်း ပန်းတိုင်အထိပြေးချင်သူ။ ဒါပေမယ့် ဒီ ပတ်ဝန်းကျင်က အဲသည်လို အခွင့်အရေးတွေ နင့် ယဉ်ပါးတဲ့နေရာမဟုတ်ပါဘူး။

နေပြည်တော်မှာတုန်းက လည်း စိတ်ကျဉ်းကျပ်တယ်ဆိုပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ ခု တာဝန်ထမ်းဆောင်ချိန်က ရောဂါနှင့်စစ်ထိုးနေရချိန်။ ဆင်ကန်းတောတိုး မလုပ်ခဲ့ဘူးပေမယ့် ယုံကြည်ရာကို အတွေ့အကြုံပေါ်မူတည် ထိုးဖောက် စိုက်လိုက်မတ်တတ် လုပ်ချင်သူ ကျွန်တော် စိတ်ပင်ပန်းတယ်။ လူကြီးတွေ ဖေးမပေမယ့် စိတ်ကြိုက်ပြေးခွင့်တော့မရသေးပါဘူး (ရောက်တာလည်းရက်ပိုင်းကိုး/ဒါပေမယ့် ကိုဗစ်ရဲ့တိုက်စစ်က လည်း တစ်ရက်မနား အသက်တွေကို လာရန်ရှာနေတာကိုး)

တစ်သက်လုံး ယုံကြည်လာတဲ့သူတွေ အလှူလာပေးရင် လက်မခံရဲဘူး။ ခွင့်ပြုချက်တောင်းပြီး လက်ခံရင်လည်း အောက်ခြေမှာ သေချာသုံးဖို့ ပြောပေမယ့် အမိန့်နှင့်ယဉ်ပါးလာသူတစ်ချို့ကြောင့် မေတ္တာရပ်ခံချက်ဟာ အရာမထင်ပါဘူး။ အလုပ်ထွက်တော့မယ်ဆိုတဲ့အထိ ဆုံးဖြတ်ချက်ကို ခဏခဏ ရက်ပိုင်းအတွင်း ချနေမိပါတယ်။ အရင်က ခဏခဏ ဖြေဘူးတဲ့ အင်တာဗျူးတွေ မဖြေချင်ဘူး။ ကျွန်တော်က ပြောရေးဆိုခွင့်ရှိသူ အဖြစ် ပေးထားတာမဟုတ်ပါဘူး။ တမြန်နေ့က အလုပ်အရမ်းများတဲ့ကြားက ခင်မင်သူ သတင်းထောက်က အတင်း ပြည်သူအတွက်ပါဆိုပြီး မေးတယ်။ ရုံးခန်းထဲမှာ (သူများ နာမည်နဲ့ရုံးခန်းကို ခေတ္တငှားယူထားတာပါ) Mask မတပ်ပဲ ဖြေမလို့ပေမယ့် တပ်လိုက်ပါမယ်လေဆိုပြီး တပ်လိုက်တယ်။ အမြန် ဖြေရမှာမို့ အလုပ်တွေရှိနေသေးတာမို့ တပ်သားမကျတဲ့ N95 ပြောင်းပြန်ဖြစ်သွားတာကို သတိမထားမိဘူး။ မှန်လည်း မရှိ မကြည့်မိဘူး။ အဲဒီမှာ လူတွေရဲ့ လှောင်ပြောင်မှုကို ခံစားရတယ်။ ကျွန်တော် ကောင်းအောင် ကြိုးစားနေတယ်။ ရအောင် ခံနေတယ်။ ပြောတဲ့ စကားတွေကို နားမထောင်ပဲ လှောင်ပြောင်ကြတဲ့ ဖေ့ဘုတ် လောကသားတွေကို စိတ်မကောင်းဖြစ်မိတယ်။ စိတ်ဓါတ်ကို ပြုတ်မကျအောင်တင်းထားပေမယ့် တောင့်မခံနိုင်သလောက်ဖြစ်သွားတယ်။ (စိတ်နုတယ်လို့ ကိုယ့်ကိုယ်ကို စွပ်စွဲနေပါတယ်) စိတ်ဓါတ်ကျသွားခဲ့တယ်။

မနေ့က ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နှင့် ဆရာကြီး ဒေါက်တာဇော်ဝေစိုးကို ကျွန်တော့် ကြီးကြပ်သူ အဖြစ် လာလုပ်ခိုင်းတယ်။ ဆရာကြီးညွှန်ချုပ် နှင့် ဆရာကြီးပါချုပ် နှစ်ယောက် အနားမှာ အားလာဖြည့်ပေးတယ်။ လမ်းညွှန်ချက်တွေပေးတယ်။ ကျနေတဲ့ စိတ်ဓါတ်တွေ တက်သွားတယ်။ လူနာတွေ အတွက် အားပြန်ရှိသွားတယ်။ ဆရာကြီးပါချုပ် ဒေါက်တာဇော်ဝေစိုးက PPE ကို ကိုယ်တိုင်ဝတ် Ground level ကို ဆင်းကြည့်တယ်။ ပြည့်ကျပ်နေတဲ့လူနာတွေ အများကြီးကြားထဲ ပင်ပန်းနေတဲ့ ဆရာဝန်တွေကို သူတွေ့သွားတယ်။ မျှော်လင့်ချက်မှေးမှိန်နေတဲ့ လူနာတွေရဲ့ မျက်လုံးလေးတွေ ကို သူဖတ်မိတယ်။ ဝန်ကြီးကို ချက်ချင်းတင်ပြတယ်။ သူ့မိတ်ဆွေတွေကို စုစည်းတယ်။ လုပ်ဖော်ကိုင်ဖက် တပည့်တွေကို စည်းရုံးတယ်။

အင်းလျား စင်တာက ကျွန်တော်တို့ YGH က လူနာ (၃၀) ကျော်ကို ချက်ချင်း လက်ခံပေးတယ်။ သမားတော်ကြီး ပါမောက္ခဒေါက်တာရဲမြင့် နှင့်အဖွဲ့ တာဝန်ယူပေးနေတယ်။ တော်ရုံတန်ရုံ အောက်စီဂျင်ရှုနေရတဲ့ ကိုဗစ်လူနာ တွေကို ဝိုင်းကူထိန်းသိမ်းပေးခဲ့တယ်။

ဆေးရုံအုပ်ကြီး မမဒေါက်တာမြင့်မြင့်အေး ပေါင်းစပ်စီစဉ်ပေးတဲ့ လသာ(၁) ကိုဗစ်စင်တာကို ဆေးပညာနှီးနွယ်ဌာနများက ဝိုင်းကူပေးတယ်။ ကုတင် ၄၀ကျော် ထွက်လာတယ်။

အရိုးအကြောပြန်လည်သန်စွမ်းရေးဌာနကြီးရဲ့ အောက်ထပ်ကို လူနာတွေထားဖို့ တာဝန်ခံ ပါမောက္ခ ဆရာဝန်ကြီးက သဘောတူခဲ့တယ်။ မနက်ဖြန် အဲဒီဌာနကိုပြင်ပါပြီ။ ကျေးဇူးပါ မမကြီးခင်ဗျား။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရောက်လာတယ်။ ဆေးရုံကြီးပေါ်တီကိုရဲ့တစ်ဖက်တစ်ချက်မှာ လူနာ (၆၀) ကျော်ဆန့်မယ့် ယာယီ ကိုဗစ်ဆောင် (အိမ်သာ ရေချိုးခန်းပါ) ကိုတည်ဆောက်ပေးဖို့ ဆရာကြီးပါချုပ် နှင့် ဆရာကြီးညွှန်ချုပ်က စီမံပေးနေတယ်။ (၁၅)ရက် ရက်(၂၀) အတွင်း အပြီးတည်ဆောက်ဖို့ ပြောနေကြတယ်။

ပြည့်ကျပ်နေတဲ့ အရေးပေါ်ခန်းထဲက လူနာတွေကို ရှင်းထုတ်ဖို့ မဟာဗျူဟာ အသေးစိတ်ဗျူဟာတွေချတယ် ကျွန်တော့်ကို ညွှန်ကြားတယ်။ ကျနေတဲ့ စိတ်ဓါတ်ပြန်ခေါင်းထောင်လာတယ်။ အောက်စီဂျင်လိုတာလား လောလောဆယ် ပိုက်လိုင်းတွေ က တစ်မိနစ် ၁၅ လီတာနှုန်းမပေးနိုင်ခင် ၅လီတာ သို့မဟုတ် ၁၀ လီတာ တွေ နှင့်ပေးကွာဆိုပြီး ချက်ချင်းစီစဉ်တာ အလုံး (၁၀၀) ချက်ချင်းလာပို့မယ်ဆိုတဲ့ ကတိပေးတဲ့သူရှိလာတယ်။ ကိုယ့်ထက် စိတ်မြန်ပြီး စွမ်းဆောင်နိုင်တဲ့ အထက်လူကြီးအောက်မှာ တာဝန်ထမ်းဆောင်ရတာ ပျော်လာပြန်ပါတယ်။

ဖေကြီးလို့ခေါ်တဲ့ ဆရာကြီး ဦးညွန့်သိန်း နေကောင်းလာပါပြီ။ ဖေက သားနားလာ အတူ အလုပ်လုပ်ချင်တာကွ ဒါပေမယ့် ဖေ ရှိတယ်ဆိုပြီး သူ့အဆက်အသွယ်တွေ အားလုံးကို ကျွန်တော့်ဆီချိတ်ပေးတယ်။ ညီမငယ် သရုပ်ဆောင် ချစ်သုဝေတို့ ခေတ်သစ် ဖောင်ဒေးရှင်းက ဆက်သွယ်လာတယ်။ တနင်္လာနေ့ကစလို့ ကျွန်တော့် ဝန်ထမ်းတွေ ပင်ပန်းနေလို့ အားနည်းနေတဲ့အရေးပေါ်ဆောင်သန့်ရှင်းရေးကို ခေတ်သစ်က စီစဉ်ပေးတဲ့ စပါယ်ရှယ် သန့်ရှင်းရေး ဝန်ထမ်း ၃ဉီး မနက် ၈နာရီ ညနေ ၅နာရီ လာထမ်းဆောင်ပေးမယ်။ စနေတနင်္ဂနွေတော့ နားကြမယ်။ လိုတာရှိ အကုန်ပြောဆိုတဲ့ ညီမ ဒေါက်တာချစ်သုဝေ ကို ကျေးဇူးပါ။

ဒုက္ခရောက်တိုင်း ကူနေကြ သူငယ်ချင်း တစ်ဉီးက Liquid Oxygen Plant တစ်ခု လှူပေးဖို့ ဆက်သွယ်လာတယ်။

မနေ့က လသာ(၁) မှာ ရေငွေ့မှုတ် ပန်ကာလိုချင်တယ်ဆိုလို့ သွားဝယ်တာ မိတ်ဆွေ အကိုကြီး က ပိုက်ဆံရှင်းပေးထားနှင့်တယ်။ အမြဲလိုတာဖြည့်စည်းပေးတာ ကျေးဇူးပါ အကို ။

သားကြိုက်တာသုံးဆိုပြီး ငွေလာပို့တဲ့ မိတ်ဆွေတွေ ငွေလွှဲပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ ယခင်တည်းက စဉ်ဆက်မပြတ် ပံ့ပိုးလာတဲ့ မိတ်ဆွေဟောင်းတွေဆီကသာ အလှူခံ စာရင်းသွင်းပြီး လိုတဲ့နေရာသုံးဖြစ်တယ်။ လက်ထောက်ဆရာဝန်လေးတွေ ညဘက် စာရင်းသွင်းရင် နားနေစရာနေရာမရှိလို့ဆိုတော့ စေတနာ့ဝန်ထမ်း သားတွေ နေတဲ့ အဆောင်မှာ အိပ်ရာလေးတွေ အိပ်ရာခင်း စောင် ပန်ကာ စီစဉ်ပေးနိုင်ခဲ့တယ်။ စေတနာ့ဝန်ထမ်းသားတွေ ပင်ပန်းလွန်းလို့တစ်ရက်နားပါရစေ ဆိုတဲ့အချိန် ထမင်းပို့မပေးနိုင်လို့ နားတဲ့ရက်စားရန် ပိုက်ဆံ ကို ယုံကြည်စွာ လှူဒါန်းလာသူများ ငွေထဲက တစ်ယောက် ငါးထောင်စီ တစ်ရက်စာ ပေးနိုင်ခဲ့တယ်။

နေ့စဉ် တန်ဖိုးသင့်က အမတွေ ညီညီမတွေက အရိပ်တကြည့်ကြည့်လာကြည့်ပေးကြတယ်။

ပင်ပန်းနေတဲ့ သမားတော်တွေ ဆရာဝန်တွေ ဝန်ထမ်းတွေ နှင့်စကားလိုက်ပြောဖြစ်အောင်ကြိုးစားနေပါတယ်။ ကိုယ်တိုင်လည်းပင်ပန်းနေပါတယ်။ ချော်လဲလိုက်သေးတယ်။ ညှို့သူကြီး နည်းနည်းပေါက်သွားတယ်။ လျှောက်ပါများရင်ကိုက်တယ် ဒါပေမယ့် ကြိုးစားပြီး တိုက်နေပါတယ်။

ယဉ်လေးကိုလည်း မှာထားပါတယ်။ ရောဂါမကူးရအောင် နေထိုင်ရင်း ပေးအပ်တဲ့တာဝန်ကျေတာထက် လူ့အသက်တွေ များများကယ်နိုင်အောင်ကြိုးစားခဲ့ပါမယ်။ တကယ်လို့ ကူးခဲ့ရင်လည်း မသေလောက်ပါဘူး။ ဝိုင်းတော့ကုပေးကြမှာပါ။ မပြောကောင်းမဆိုကောင်း တစ်ခုခုဖြစ်ခဲ့ရင်တောင် သားလေးအတွက် ဆက်ရှိနေပေးပါ။ ကျွန်တော့်နားမလာပါနဲ့ ဟင်းတောင်ချက်မပို့နဲ့ လို့ ပြောထားပါတယ်။

မိတ်ဆွေများလည်း ခုရက်ပိုင်း အဆက်အသွယ် မလုပ်ဖြစ်ရင် စိတ်မရှိပါနဲ့ အကြောင်းမပြန်နိုင်ရင် စိတ်မတိုပါနဲ့ ကျွန်တော် မအားလို့ပါ (လူမှု မီဒီယာမှာ တင်ပြရတာလည်းခပ်လန့်လန့်ပါ− မင်းအလုပ်မအားဘူး ပြောတာ ငါတို့အလုပ်အားနေတယ် ဆိုတာလားလို့ ကပ်သီးကပ်သတ် တွေး ဖတ် မဖြစ်ကြပါနဲ့ အားလုံး အလုပ်များပါတယ် အားလုံး ကျွန်တော့်ထက် မွန်မြတ်ကြပါတယ် ကြောက်ပါတယ်။ အထအနတေ္ွ)

ဆရာကြီး ဝန်ကြီးကလည်း အားပေးတယ်။ ညွှန်ချုပ်ကြီးကိုယ်တိုင် ဆေးရုံအုပ်ကြီးကို အားဖြည့်ပေးတယ်။ ပါချုပ် ဆရာကြီးဒေါက်တာဇော်ဝေစိုးကိုယ်တိုင် ကျွန်တော့်နားလာ ကြီ:ကြပ်ပေးတယ်။ လိုတာပြော အကုန်ဖြည့်စည်းပေးတယ်။ ကျွန်တော်တို့ နိုင်မှာပါ။ ကျွန်တော်တို့ကျော်လွှားနိုင်မှာပါ။ ကျွန်တော်တို့ အသက်တွေကို ကယ်နိုင်မှာပါ။ ကျွန်တော်တို့ ကြိုးစားနေပါတယ်… ကျွန်တော်ကြိုးစားနေပါတယ်…..

Nanda Win

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page