မန္တလေးမှာ မြို့နယ်ကျော်ကတ်တွေနဲ့ ကိုဗစ်ထောက်ခံစာအတုတွေ စလုပ်နေကြပါပြီ

မန္တလေးမှာ မြို့နယ်ကျော်ကတ်တွေနဲ့ ကိုဗစ်ထောက်ခံစာအတုတွေ စလုပ်နေကြပါပြီ

မန္တလေးမြို့၊ အမရပူရမြို့နယ် အတွင်းရှိ မိတ္တူဆိုင်တစ်ဆိုင်တွင် ကိုဗစ် ဆေးစစ်ချက် ထောက်ခံစာအတု၊ Stay at Home ကာလအတွက် ပြုလုပ်ပေးထားသည့် မြို့နယ် ဝင်ထွက်ခွင့်ကတ်အတုများကို ဖမ်းဆီးရမိခဲ့ကြောင်း အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးမှ သိရပါတယ်။

အမရပူရမြို့နယ်၊ နတ်ရေကန် ကျေးရွာအုပ်စု၊ ကညန ရုံးရှေ့ “၀၀” ရပ်ကွက်အတွင်းရှိ မိတ္တူဆိုင်တွင် စာရွက် စာတမ်းအတုများပြုလုပ်နေသည်ဟု သတင်းရရှိခဲ့သောကြောင့် အသွင်ယူ၍ သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူများက ပူးပေါင်း၍ ဒီဇင်ဘာ ၇ ရက် တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းမိတ္တူဆိုင်မှ နည်းပညာအသုံးပြုပြီး ဖန်တီးတုပပြုလုပ်ထားသော ကိုဗစ် ကင်းရှင်းကြောင်း ဆေးစာ ထောက်ခံချက် စာရွက်အတု ၅ ရွက် နှင့်အတူ ပြည်ကြီးတံခွန်မြို့နယ် ၊ အမရပူရမြို့နယ် အမည်ပါ ဝင်/ထွက်ခွင့် ကတ်အတုများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

ယင်းအတွက် မြို့နယ် ဆရာဝန်ကြီး က တရားလိုပြုလုပ်၍ ရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်း က ရှင်းပြပါတယ်။

“ဒီကတ်တွေက ထုတ်ပေးနေတာပါ။ မခက်ခဲပါဘူး။ တစ်ခုတော့ ရှိတာပေါ့။ မူနဲ့ မညီရင် မပေးဘူး။ မူနဲ့ မညီတဲ့သူတွေက လိုချင်တော့ ဒါကို အတုလုပ်တဲ့ သဘောရှိတယ်။ ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ ခွင့်မပြုတဲ့ လုပ်ငန်းတွေ ရှိတယ်။ ဆေးစစ်ချက်စစ်တာကိုလည်း တချို့ကားသမားတွေ ဆေးစစ်မခံချင်တဲ့သူတွေက ဒါကိုရှောင်တဲ့ သဘောပေါ့” ဟု ၎င်းကဆိုပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့ကလည်း အမရပူရမြို့နယ်၊ ရတနာပုံ ဧရာဝတီမြစ်ကူးတံတားအဆင်းတွင် ၆ ဘီးကား တစ်စီးကိုစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ကိုဗစ် ကင်းရှင်းကြောင်း ဆေးစာထောက်ခံချက် စာရွက်အတုများ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page